ကမ္ဘာ့ပေါ်ရှိ လက်ရှိဦးဆောင်နေတဲ့ ရေတပ်များမှာ လေယာဉ်တင်သင်္ဘောများဟာ ဗျူဟာအရ မရှိမဖြစ် အရေးပါလှပါတယ်။
တရုတ်ရေတပ်တွင် ရုရှား လေယာဉ်တင်သင်္ဘော Admiral Kutzenov ကို အခြေခံတဲ့ လေယာဉ်တင် သင်္ဘော ၂ စီး တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်။
အသစ် တည်ဆောက်လျှက်ရှိတဲ့ တတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်တဲ့ Type-003 ဟာ တရုတ်ရေတပ်ကို တခေတ်ဆန်းစေမယ်လို့ ဆိုထားပါတယ်။
အလားတူ လေယာဉ်တင်သင်္ဘော နည်းပညာတွင် ဆယ်စုနှစ်ပေါင်းများစွာ ဦးဆောင်ခဲ့တဲ့ အမေရိကန်ဟာလည်း ၎င်းတို့၏ နောက်ဆုံး မျိုးဆက်ထဲမှ ပထမဆုံး Ford အတန်းစား လေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Gerald R. Ford (CVN-76) ကို ၂၀၁၇ စတင် ရေချခဲ့ပါတယ်။
နည်းပညာ ပြသနာ အနည်းငယ်ရှိနေသေးပေမယ့် လက်ရှိ ကမ္ဘာပေါ်တွင် အကြီးဆုံး နှင့် နည်းပညာပိုင်း အမြင့်မားဆုံး လေယာဉ်တင် သင်္ဘော အနေဖြင့် ရပ်တည်နေပါတယ်။
တရုတ်ရေတပ်၏ Type-003 ဟာ အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘော အရွယ်အစား ခန့်ရှိပါတယ်။ ဒါ့ကြောင့် ၎င်းကို “Super Carrier” လို့ ခေါ်မယ်ဆို မလွန်နိုင်ပါဘူး။

ယခုအခါ ဗြိတိန်အခြေစိုက် Shadowbreak Intil ကုမ္ပဏီ၏ ဂြိုဟ်တုဓာတ်ပုံများအရ Type-003 ၏ အရွယ်အစားနှင့် ပုံစံကို သိရှိရပြီ ဖြစ်ပါတယ်။
ရရှိထားသော ဂြိုဟ်တု ဓာတ်ပုံများအရ Type-003 ဟာ အရှည် မီတာ ၃၂၀ (၁၀၅၀ ပေ)၊ အကျယ် ၇၃ မီတာ (၂၄၀ ပေ) ရှိပြီး လက်ရှိ Type 001/002 တို့နှင့် ပုံစံ ဆင်တူပါတယ်။
ဒါ့ကြောင့် အလျှား အနေဖြင့် အမေရိကန်တို့၏ Ford အတန်းအစား လေယာဉ်တင်သင်္ဘောထက် အနည်းငယ်တိုကာ လေယာဉ် ပြေးလမ်းဟာ ကျဉ်းမြောင်း နေသည့်အတွက် ရေလုံ လွန်းကျင်း အရွယ်အစား မလုံလောက်မှုကြောင့်လား၊ ဒီ အလျား ကပဲ အဆင်ပြေလို့လားတော့ မသိရပါဘူး။
အီလက်ထရို မဂ္ဂနက်တစ် လေယာဉ် ပစ်တင်စနစ်ကို အသုံးပြုခြင်း
တရုတ်လေယာဉ်တင် သင်္ဘောများ၏ ယခင် လေယာဉ် ပျံတက်စနစ်မှာ Short Take-Off But Arrested Recovery (STOBAR) ပြေးလမ်းတိုသုံး ပျံတက်သည့်စနစ်ဖြစ်ပြီး လျှောစောက်ခုံ လေယာဉ်ပြေးလမ်းကို အသုံးပြုပါတယ်။
ယခုအခါမှာတော့ Catapult Assisted Take-Off But Arrested Recovery (CATOBAR) ပစ်လွှတ်စနစ် အကူအညီသုံး ပျံတက်စနစ် ကို အသုံးပြုမှာဖြစ်ပြီး Ford အတန်းအစား လေယာဉ်တင်သင်္ဘောများလို အီလက်ထရို မဂ္ဂနက်တစ် ပစ်တင်စနစ်ကို အသုံးပြုမယ်လို့ ယုံ ကြည်ရပါတယ်။
အီလက်ထရို မဂ္ဂနက်တစ် ပစ်တင်စနစ်ဟာ ယခင် ရေနွေးငွေ့ ဖိအားသုံး ပစ်တင် စနစ်ထက် နည်းပညာအားဖြင့် ပိုမို အဆင့်မြင့်ပြီး ပိုမို မြန်ဆန်စွာ လေယာဉ်တွေကို ပျံတက်နိုင်စေမှာ ဖြစ်ပါတယ်။
ဒီ နောက်ဆုံးပေါ် နည်းပညာဟာ ယခင်ထက် သာလွန်ပေမယ့် Ford အတန်းအစား လေယာဉ်တင် သင်္ဘောများတွင် ယခင် ရေနွေးငွေ့ ဖိအားသုံး ပစ်တင်စနစ်များလောက် စိတ်ချရမှု မရှိသေးဘူးလို့ သိရပါတယ်။
နည်းပညာတဆင့် ကျော်ပြီး ဒီ အီလက်ထရို မဂ္ဂနက်တစ် ပစ်လွှတ်စနစ်တွေကို ထည့်သွင်းမယ့် Type-003 မှာတော့ ဒီလို လိုအပ်မှုတွေ ရှိနေလား မရှိနေလားတော့ မသိရပါဘူး။

Type-003 မှာ အဆိုပါ ပစ်တင်စနစ် ၃ ခုအထိ ပါဝင်မှာဖြစ်ကာ ၂ ခုဟာ ဦးပိုင်းမှာဖြစ်ပြီး ၁ ခုဟာ အလယ်လောက်မှာ ဖြစ်ပါတယ်။
တရုတ်လေယာဉ်တင် သင်္ဘောသစ်မှာ ယခင်က မရှိခဲ့တဲ့ အမေရိကန်တို့၏ E-2D Advanced Hawkeye နှင့် ဆင်တူသည့် ကြိုတင် သတိပေး ထောက်လှမ်းရေး လေယာဉ်များကို ပစ်လွှတ်စနစ်သစ်ကြောင့် သယ်ဆောင်လာနိုင်မှာဖြစ်ကာ KJ-600 များကို အသုံးပြုဖွယ်ရှိပါတယ်။
တိုက်လေယာဉ်အနေဖြင့် ဝူဟန် စမ်းသပ်ရေးကွင်းတွင် တွေ့ရှိခဲ့သည့် FC-31 တိုက်လေယာဉ်သစ်များကို အသုံးပြုဖွယ်ရှိပြီး အစောပိုင်းမှာတော့ J-15 တိုက်လေယာဉ်များကို ပစ်လွှတ်စနစ်သစ်ဖြင့် အသုံးပြုနိုင်ရန် ပြင်ဆင်ပြီး စမ်းသပ်ဖွယ် ရှိပါတယ်။
အမေရိကန် Ford အတန်းအစားများမှာတော့ မကြာသေးမီက အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ F-35 ၏ မျိုးကွဲတခုဖြစ်တဲ့ F-35C များကို အသုံးပြုမှာ ဖြစ်ပါတယ်။ F-35C များဟာ ဝမ်းဗိုက်အတွင်း ပိုမိုကြီးမားတဲ့ လက်နက်သိုလှောင် စနစ် ပါဝင်ပါတယ်။
ပိုပြီး အရေအတွက်နည်းတဲ့ သင်္ဘောအတွင်းမှ လေယာဉ်ပြေးလမ်းသို့ လေယာဉ် ပေးပို့ပေးတဲ့ ဓာတ်လှေကားများ
အမေရိကန် Ford အတန်းအစား တွေမှာ အဆိုပါ ဓာတ်လှေကား ၃ ခု ပါဝင်ပြီး Nimitz အတန်းအစားများထက် တခု လျော့နည်းပါတယ်။
ထိုကဲ့သို့ တခုလျော့ပေမယ့် အီလက်ထရို မဂ္ဂနက်တစ် ပစ်တင်စနစ်ကြောင့် ယခင် Nimitz အတန်းအစားများထက် လေယာဉ်များကို ပိုမို မြန်ဆန်စွာ ပျံတက်နိုင်စေမှာ ဖြစ်ပါတယ်။
Type-003 မှာတော့ အမိန့်ပေး ထိန်းချုပ်မျှော်စင် (island) ၏ တဘက်စီတွင် တပ်ဆင်ထားသည့် စတုရန်း ပုံစံ ဓာတ်လေကား ၂ ခုသာ ပါဝင် ပါတယ်။ ဒါ့ကြောင့် လေယာဉ်ရုံမှ ပြေးလမ်းပေါ်တို့ လေယာဉ်များ ရောက်ရှိရန် Ford အတန်းအစားများထက် ပိုမို ကြာမြင့်မှာ ဖြစ်ပါတယ်။

အရှေ့ဘက်ရှိ ဓာတ်လှေကားမှာ လေယာဉ်ပစ်တင်စနစ်ဖြင့် အရမ်းနီးကပ်လွန်းပြီး လေယာဉ် ဂျက်အင်ဂျင်မှ အပူကာ လမ်းလွှဲ စနစ် ကပ်လျှက် ဖြစ်နေသောကြောင့် လေယာဉ်ပျံတက်နေချိန်မှာ အသုံးပြုလို့ ရနိုင်မှာ မဟုတ်လောက်ပါဘူး။
Type-003 ၏ ဓာတ်လှေကား စနစ်ဟာ ယခင် ဆိုဗီယက် လေယာဉ်တင် သင်္ဘောမှ တိုက်ရိုက် ဆင်းသက်လာတာ ဖြစ်ပြီး အရေအတွက် နည်းတဲ့အတွက် လေယာဉ်ပြေးလမ်း ပိုမို ကျယ်ပြန့်လာတဲ့ ကောင်းကျိုးတော့ ရှိပါတယ်။
Type-003 ရဲ့ အမိန့်ပေး ထိန်းချုပ် မျှော်စင် (island) ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သင်္ဘောပေါ် တင်လိုက်တာ ဖြစ်ပါတယ်။ ၎င်းပေါ်မှာ Ford အတန်းအစားများလို Phased Array ရေဒါများ တပ်ဆင်မှာ ဖြစ်ပါတယ်။
အနှစ်ချုပ် သုံးသပ်မှု
အနှစ်ချုပ်အားဖြင့် တရုတ်တို့၏ လေယာဉ်တင် သင်္ဘောသစ် Type-003 ဟာ အမေရိကန် Ford အတန်းအစား လေယာဉ်တင် သင်္ဘောထက် အရွယ်အစားအားဖြင့် အနည်းငယ် ပိုသေးပါတယ်။
လေယာဉ် ပစ်တင်စနစ်နှင့် ဓာတ်လှေကား များလည်း ပိုပြီး နည်းတဲ့အတွက် စစ်ဆင်ရေး ဆောင်ရွက်ရာမှာ ပိုမို နှေးကွေးပါမယ်။
အတွေ့အကြုံအားဖြင့်လည်း ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီဖြစ်တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောများက သာလွန်မည်ဆိုတာ ငြင်းနိုင်ဖွယ်ရာ မရှိပါဘူး။
တခြားတဖက်က ကြည့်ပါက တရုတ်သင်္ဘောများဟာ လေယာဉ်တင်သင်္ဘော နည်းပညာမှာ အတွေ့အကြုံ လုံလောက်မှုမရှိတဲ့ ဆိုဗီယက် တို့၏ နည်းပညာဖြင့် အစပြုခဲ့ရတာ ဖြစ်ပါတယ်။
Type-003 ဟာ အလွန် ကြီးမားပြီး တိုးတက်လာတဲ့ သင်္ဘောတစီး ဖြစ်ပေမယ့် ဆိုဗီယက်တို့ဆီမှ ဆင်းသက်လာတဲ့ ဒီဇိုင်း ရွေးချယ်မှု တချို့ကြောင့် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်သင့် သလောက် မလုပ်ဆောင်နိုင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

Type-003 နှင့် ပတ်သက်ပြီး မသိရသေးသည့် အသေးစိတ် အချက်အလက်များစွာ ကျန်ရှိနေသေးသည့် အပြင် Ford အတန်းအစား လေယာဉ်တင် သင်္ဘောမှလည်း အသေးစိတ် မသိရသေးသည့် အချက်အလက် အချို့ ရှိနေပါသေးတယ်။
အဆုံးအစွန်ဆုံး နှိုင်းယှဉ်ရမယ်ဆိုရင် လေယာဉ်တင် သင်္ဘော၏ ထိရောက်မှုဟာ တာဝန်ထမ်းဆောင်မယ့် ရေယာဉ်အဖွဲ့သားများ၊လေယာဉ် မှူးများ နှင့် အယူအဆပိုင်း ဆိုင်ရာများ အပေါ်မှာလည်း တစိတ်တပိုင်း မူတည် နေပါတယ်။
တရုတ်ရေတပ်အနေဖြင့် လေယာဉ်တင် သင်္ဘောများ ပိုင်ဆိုင်လာတာ ၁၀ နှစ် ခန့်ရှိပြီ ဖြစ်ပေမယ့် စစ်ဆင်ရေးပိုင်း၊ နည်းပညာပိုင်း အပါ အဝင် အစစ အရာရာမှာ အမေရိကန် လေယာဉ်တင် သင်္ဘောများကို မှီဖို့ အချိန်များစွာ လိုအပ်ပါဦးမယ်။
အထူးသဖြင့် လေယာဉ်တင် သင်္ဘောများကို ဗျူဟာ ကျကျ ဒုတိယ ကမ္ဘာ စစ်ကတည်းက စစ်ပွဲပေါင်း အလီလီ အသုံးပြုခဲ့တဲ့ အမေရိကန် ဟာ နည်းပညာရော အတွေ့အကြုံအရပါ များစွာ သာလွန်နေဦးမှာပါ။
Knowledgeworms Copyright © 2021