အလောင်းမင်းတရားကိုတယောက်ခြင်း စိန်ခေါ်တိုက်ခိုက်ခဲ့သူ ခင်ဦးစားဦးချစ်ညို

History

“”””””””””””””””””””

ခင်ဦးစား ဦးချစ်ညိုကား ဦးအောင်ဇေယျနှင့် သင့်မြတ်မှု မရှိသောကြောင့် မွန်များနှင့် သွားရောက်ပူးပေါင်းခဲ့သော်လည်း အင်းဝပျက်စဉ်က သူသည် မိမိအပိုင်စားရရာ ခင်ဦးနယ်သို့ပြန်ကာ မင်းလောင်းတစ်ဦးအနေဖြင့် တပည့်နောက်လိုက်များ သိမ်းသွင်းနေခဲ့သည်။ သို့သော် ဦးချစ်ညိုသည် သမိုင်းဝင်တဘောင်အရ မင်းလောင်းကား မဟုတ်ချေ။ အကြောင်းမှာ ”ဖိုသုံးဖို တစ်ဖိုမီးတောက်မည်” ဟူသော တဘောင်စာအရ (၁) နဂါးဗိုလ်မှ ရွှေနဂါး (၂) မုဆိုးဖိုမှ ဦးအောင်ဇေယျ (၃) မတ္တရာအုတ်ဖိုမှ ကွေ့မင်းဂုဏ္ဏအိမ် တို့ကိုသာ ရည်ညွှန်းသည်။

ထိုတဘောင်သည် အင်းဝမပျက်ခင် လွန်ခဲ့သော၁၀နှစ်ကပင် ပေါ်ပေါက်ခဲ့သည်။ အင်းဝပျက်သောအခါ မြန်မာအရာရှိအရာခံများသည် ထိုဖို(၃)ဖိုထံ ကြိုက်ရာရွေးချယ် ပါဝင်ကြသည်။ ဦးချစ်ညိုကား တဘောင်၌ မပါဝင်သော တသီးပုဂ္ဂလမင်းလောင်းဟု ဆိုရပေမည်။ အလားတူ မုဆိုးချုံမှ ဦးတွန်ကလည်း မင်းလောင်းပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲလိုသည်။ သို့သော် ရှမ်းပြည်မှ ဆေးပညာလေ့လာဆည်းပူးပြီး အပြန်တွင် ဦးအောင်ဇေယျနှင့် ဆုံတွေ့ရာမှ ဦးအောင်ဇေယျ၏ ဘုန်းလက်ရုံးကို ရိုသေသောကြောင့် တစ်စင်မထောင်တော့ပဲ နောက်လိုက်ဖြစ်သွားသည်။ (အလောင်းမင်းတရား၏ ကုန်းဘောင်ပြည်ထောင်ဘက် မြင်းရည်တက်သူရဲကောင်း၆ကျိပ်တွင် မင်းခေါင်နော်ရထာဘွဲ့ခံ စစ်သူကြီးမှာ ဦးတွန်ဖြစ်သည်)။

အင်းဝကောင်းစားစဉ်က ခင်ဦးစားဦးလုံသည် မင်းကြီးကျော်စွာဘွဲ့ဖြင့် အမှုတော်ထမ်းသည်။ ဇနီးဒေါ်ဇံကလားသည် နက္ခတ်ဗေဒင် တတ်မြောက်သည်။ သူတို့၌ သား၃ယောက်ရှိရာ မောင်ချစ်ဝ မောင်ချစ်ညို မောင်ချစ်မြတို့ ဖြစ်၍ သားလတ် မောင်ချစ်ညိုကို အင်းဝဘုရင်ကပင် လကျာင်္ပျံချီဘွဲ့ပေးကာ ခင်ဦးစားအဖြစ် ခန့်အပ်ခဲ့သည်။

ထိုမိသားစုတွင် မျိုးစပါး၂တင်းခွဲကြဲရသော လယ်ကွက်ရှိရာ လယ်ရိတ်ချိန်ဖြစ်၍ မိခင်ဖြစ်သူက ကောက်ရိတ်သမား၅ယောက်အတွက် ထမင်းထုတ်များ မောင်ချစ်ညိုသို့ပေးကာ လယ်ရိတ်ခိုင်းလိုက်သည်။ မောင်ချစ်ညိုက လူရှာမရသဖြင့် ၅ယောက်ရိတ်ရမည့် လယ်ကွက်ကို သူတစ်ယောက်တည်းရိတ်ကာ ၅ယောက်စာ ထမင်းထုတ်ကိုလည်း သူတစ်ယောက်တည်း အဝစားပစ်လိုက်ရာ ကြားရသူတိုင်း တအံ့တသြ ချီးမွမ်းကြသည်။

အင်းဝဘုရင်၏လူယုံ တောင်ငူရာဇာခေါ်စဉ့်ကိုင်ဗိုလ်မှူးက မင်းလောင်းဆိုသော ဦးချစ်ညိုနှင့် ဦးအောင်ဇေယျတို့ နှစ်ယောက်ကို ခေါ်ယူစစ်ဆေးသည်။ ဦးချစ်ညိုသည် အရပ်အမောင်းကောင်း၍ စွမ်းပကားကြီးသော်လည်း သူ၏ကျောမှာ ကျောမွဲကြီးဖြစ်လျှက် ဥပဓိရုပ်ချွတ်ယွင်းသည်ကို တွေ့ရသည်။

ဦးအောင်ဇေယျမှာမူကား မင်းလောင်းသမုတ်သည်မှာ မလိုသူတို့ ချောပစ်ခြင်းသာဟု ဖြေဆိုသော်လည်း ပြောဆိုနေထိုင်ပုံပြေပြစ်လျှက် ဆွေမျိုးအသိုင်းအဝိုင်း တောင့်တင်းကြောင်း သိရသည်။ တောင်ငူရာဇာက မုဆိုးဖိုရွာ ရွှေတန်ဆာဘုရားအနီး၌ ယာယီနန်းတော်တစ်ခု ဆောက်လုပ်ကာ သူကိုယ်တိုင် ခေတ္တစံမြန်းခြင်းဖြင့် ယတြာချေသည်။ ”ယတြာကောင်းလျှင် မင်းလောင်းပျက်သည်” ဆိုသည့်အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။

ဦးအောင်ဇေယျနှင့် ဦးချစ်ညိုတို့၏ တိုက်ပွဲ

ဦးချစ်ညိုကား မြင်းစီး လှံထိုး ကြိုးပစ် စသော သူရဲကောင်းအတတ်၌ ကျွမ်းကျင်သည်။ သူ့မိခင်ဒေါ်ဇံကလားကလည်း ”သား.. မင်းဖြစ်လိုလျှင် မုဆိုးဖိုသား အောင်ဇေယျကို သုတ်သင်ပစ်ရမည်။ အောင်ဇေယျသည် ကိန်းခန်းကြီးလှသည်။ အောင်ဇေယျကို စောစောကပင် မသုတ်သင်နိုင်ခဲ့သော် အခက်ကြုံလိမ့်မည်။ သူ့ကိုမရလျှင် အင်းဝသို့ဝင်၍ မွန်တို့ထံ ကျွန်ခံလေ” ဟုဆိုသည်။ ဒေါ်ဇံကလားက ဗေဒင်အခါပေးကောင်း၍ တစ်နေ့၌ ”ယနေ့သည် အခါကောင်းသောနေ့ဖြစ်၍ မုဆိုးဖိုသားကို အဖမ်းအယူထွက်လော့”ဟု ဆိုလေသောကြောင့် ဦးချစ်ညိုသည် ညီဖြစ်သူ မောင်ချစ်မြကိုခေါ်ကာ မုဆိုးဖိုရွာသို့ ထွက်လာခဲ့သည်။

ထိုနေ့၌ပင် ဦးအောင်ဇေယျကလည်း ဦးချစ်ညိုကို စည်းရုံးသိမ်းသွင်းရန် ခင်ဦးမြို့သို့ မြင်းစီး၍ ထွက်လာသည်။ ဦးချစ်ညိုသည် ”စစ်မှုရေးရာကျွမ်းကျင်၍ ဗိုလ်ခြေတစ်သိန်းသော်လည်း တစ်ယောက်နှင့်ခံနိုင်သူ” ဟု ယူဆသောကြောင့် အသာတကြည် ဆွေးနွေးလိုသည်။

လမ်းတွင် သူတို့နှစ်ဦးရင်ဆိုင်မိရာ ဦးချစ်ညိုက ကြိုးကွင်းဖြင့်ပစ်၍ ဦးအောင်ဇေယျလည်ပင်းကို ရစ်ပတ်လေသည်။ ထိုသို့ရစ်ပတ်ဆွဲငင်ရာ ဦးအောင်ဇေယျနှင့်တကွ မြင်းပါ လဲသည်။ ဦးအောင်ဇေယျသည် လဲရာမှထ၍ ကြိုးကိုဓားနှင့်ဖြတ်နေခိုက် ဦးချစ်ညိုက လှံနှင့်ပစ်လေသည်။

ထိုလှံကို ဦးအောင်ဇေယျက ဓားနှင့်ကာသဖြင့် လှံချက်လွဲသည်။ ထိုအချိန်တွင် ဦးချစ်ညို၏ညီ မောင်ချစ်မြက အစ်ကိုဖြစ်သူကို ကူညီရန်အတွက် ဝင်ရောက်လာသည်။ ထိုအခါ ထန်းပင်ထက်မှ ထန်းတက်သမားက ”ယောကျာင်္းချင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသည်ကို အဘယ်ကြောင့် ကူရသနည်း” ဟုဆိုကာ ထန်းပင်ထက်မှဆင်း၍ မောက်ချစ်မြကို လည်ပင်းညှစ်လေသည်။

ဤတွင် မောင်ချစ်မြက ”ကယ်ပါ” ဟုအော်ရာ ဦးချစ်ညိုသည် ဦးအောင်ဇေယျကို လွှတ်ခဲ့၍ ညီဖြစ်သူနှင့်ထန်းသမားတို့ လုံးထွေးသတ်ပုတ်နေသော နေရာသို့ သွားလေသည်။ သို့မှ ထန်းသမားလည်း မောင်ချစ်မြကိုလွှတ်ကာ ပြေးသည်။ ဦးအောင်ဇေယျလည်း နှစ်ဦးနှင့်တစ်ဦး ဖြစ်နေ၍ မြင်းစီးကာ အပြင်းဆုတ်ခွာတော့သည်။ ခင်ဦးမြို့သို့ ဦးချစ်ညိုတို့ညီအစ်ကို ပြန်ရောက်သော် မိခင်က မေးလေသည်။

မိခင် – အောင်ခဲ့၏လော………

ဦးချစ်ညို – ကျွန်တော်နှင့် အောင်ဇေယျ အထွေးထွေးရှိနေစဉ် ညီချစ်မြသည် ထန်းသမားနှင့် အချင်းဖြစ်နေ၍ ကူညီရန်သွားရပါသည်။ ထိုအတောအတွင်း အောင်ဇေယျက မြင်းစီး၍ ခွာလေသောကြောင့် မအောင်မြင်လေ။

မိခင် – (ထမီကိုခါလျှက်) ဟယ်.. သားမောင် မှားခဲ့ပြီ။ ဘုရင်လုပ်မည့်သူသည် ညီဟူ၍ အမှတ်ထားရသလော။ ညီဆိုသည်မှာ ဟောဒီက မိခင်ဝမ်းဗိုက်ရှိသမျှ ရနိုင်သည်။

ဦးချစ်ညို – ညီက ကယ်ပါဟူသောကြောင့် ကျွန်တော်ကူမိသည်။

မိခင် – အခါရသော ယနေ့တွင်မှ အောင်ဇေယျကိုမရလျှင် နောင်အခါ သူနှင့်တစ်ကိုယ်ချင်း ရင်မဆိုင်နှင့်။ မနက်ဖြန် အင်းဝကိုသွား၍ မွန်တို့ထံဝင်လော့။

သို့လျှင် ထိုနေ့မှစ၍ ဦးအောင်ဇေယျနှင့် ဦးချစ်ညိုတို့ ရန်မီးပွားကာ ဦးချစ်ညိုသည် ဒလပန်းတို့နှင့် ဆက်သွယ်မိခဲ့သည်။

ဦးချစ်ညိုနှင့် အဂ္ဂမဟာသေနာပတိဦးကောင်းတို့၏ တိုက်ပွဲ

”သေနတ်ဝန်ဆိုသူကို အမိဖမ်းပါ။ သူ့ကိုမိလျှင် မုဆိုးဖိုကို ငါတို့အလွယ်နှင့်ရမည်”

အင်းဝကိုသိမ်းပိုက်ပြီးသော မွန်စစ်ဗိုလ်ချုပ်ဒလပန်းက အထက်ပါအတိုင်း သူ၏တပ်မှူးတပ်သားများကို မှာကြားသဖြင့် မြန်မာလူစွမ်းကောင်း ဦးကောင်းသည် မည်မျှစွမ်းပကားရှိသည်ကို လွယ်လွယ်နှင့် သိနိုင်သည်။ အလောင်းမင်းတရားက ပထမဆုံးပေးသော ဘွဲ့အမည်မှာ ”မင်းကျော်ပျံချီ” ဖြစ်လျှက် နောက်ပိုင်းတွင် ”အဂ္ဂမဟာသေနာပတိ”ဟူသော အမြင့်ဆုံးသော စစ်ရေးဘွဲ့ထူးကို ပေးအပ်ခြင်းခံရသူဖြစ်သည်။ မွန်-မြန်မာ တိုက်ပွဲအတွင်း သူ့ကိုပထမဆုံးတွေ့မြင်ရသည်မှာ အလောင်းမင်းတရားက ခင်ဦးစားဦးချစ်ညို မတရားယူဆောင်သွားသော ကျွဲနွားများကို မြင်းတပ်သား၂၀ဖြင့် သွားရောက်တိုက်ယူရန် တာဝန်ပေးချိန်ဖြစ်သည်။

သို့နှင့် မုဆိုးဖိုသားနှင့်ခင်ဦးသားတို့ ရင်ဆိုင်တွေ့ကြလေသော် ခင်ဦးစားဦးချစ်ညိုက ”ယောကျာင်္းကောင်းသော် ထွက်ခဲ့စေ။ စီးချင်းကစားမည်။ သေနတ်သမားများက ပွဲကြည့်နေကြ” ဟုဆိုလေသည်။ ထို့ကြောင့် မုဆိုးဖိုသားများဘက်မှ မင်းကျော်ဗညားဘွဲ့ခံ ဦးမြတ်ထွန်း ထွက်လာသည်။ ”ငမြတ်ထွန်းနှင့်ငါ တိုက်ဘက်မတန်။ ငါ့လှံသာ သွေးစွန်းမည်”။ တစ်ဖန် မင်းလှရွှေတောင်ဘွဲ့ခံ ဦးတွန် ထွက်လာသည်။ ”ငတွန်ငယ်.. ငါ့လက်စွမ်းကို စဉ့်ကိုင်မှာနေစဉ်ကပင် နင်သိရင်းဖြစ်သည်။ နင်နှင့်ငါ တိုက်ဘက်မတန်”။

ခင်ဦးစားဦးချစ်ညိုက ဦးတွန်ကိုလည်း တိုက်ဖက်မတန်ဟုဆိုကာ ”ငကောင်း ထွက်ခဲ့” ဟုဆိုလေသောကြောင့် မင်းကျော်ပျံချီဘွဲ့ခံ ဦးကောင်းထွက်လာလေရာ ”သည်တစ်ခါသော် ယောကျာင်္းကောင်းချင်း တွေ့ကြရပြီ။ အမောင်တို့တစ်စု ပွဲကြည့်ကာသာနေ” ဆိုကာ ဦးချစ်ညိုသည် မြင်းကို သူရဲကောင်းတို့စီးဟန်ဖြင့် အမျိုးမျိုး ကစားပြသည်။ မင်းကျော်ပျံချီက လှံကိုချိန်လျှက်သား ချက်ကောင်းကို စောင့်နေသည်။ ဦးချစ်ညိုက မင်းကျော်ပျံချီထံ လှံလျင်လွတ်လိုက်ရာ ဦးကောင်း၏လှံရိုးကိုထိ၍ စီးသည့်မြင်းကကို စွဲလေသည်။ သေနတ်လုလင်တို့က ဦးချစ်ညိုကို အသီးသီးချိန်ရွယ်ကြရာ ”နင်တို့ ဂတိမတည်ကြပါကလား” ဆိုကာ ပြန်သွားလေသည်။

ဦးချစ်ညိုပြဿနာကား ဦးအောင်ဇေယျအတွက် စနောင့်စနင်း ရှိလှသည်။ သူသည် မြန်မာအချင်းချင်း အရေးကြီးချိန်တွင် သွေးစည်းလိုသူမဟုတ်။ ရွာနီးချင်းဖြစ်ရာတွင် ကျောင်းတော်က ရန်စများကို မေ့ပစ်နိုင်သူမဟုတ်ချေ။ တစ်သက်လုံး ဂုဏ်တုဂုဏ်ပြိုင် နေလာခဲ့ပြီးနောက် ယခုအချိန်တွင် ဦးအောင်ဇေယျလက်အောက် ခိုဝင်ရမည်မှာ သူ့အတွက် မြိုမကျနိုင်သော အလုံးဖြစ်သည်။

ဦးချစ်ညိုထံ ဦးအောင်ဇေယျက စာလွှာပါးရာတွင် – ”မောင်ချစ်ညို.. အင်းဝပြည်ကြီး ပျက်ဆီးလျှင် ငါတို့မြန်မာ ရဟန်းရှင်လူ ပြည်သူအများ ဆင်းရဲခြင်းဖြင့် နစ်မွန်းလျှော့ပါးကြရှာမည်ကို ကယ်တင်တော်မူလို၍ မင်းမျိုးမင်းနွယ်လည်း ဖြစ်သည်နှင့်အညီ မြန်မာ့ဦးစွန်း တည်ထွန်းစိုက်ဆောင်မည် ကြံရွယ်တော်မူသည့်အတိုင်း ချီတက်လာသမျှသော မွန်စစ်သည်တို့ကို အကြိမ်ကြိမ် လုပ်ကြံအောင်မြင်တော်မူသည်။ မင်းသည် ကျော်စောသော မြန်မာသူရဲကောင်းဖြစ်ပါလျှက် ယောကျာင်္းမပီ၊ မွန်တို့ထံ ကျွန်ခံသည်။ ငါ့ထံသို့ဝင်၍ အမှုတော်ထမ်းလျှင် သားမယား ဆွေမျိုးနှင့်တကွ သူကောင်းပြုတော်မူမည်” ဟု ပါရှိသည်။

ဦးချစ်ညိုက ထိုစာကိုဖတ်ကာ – ” ငါက သူ့ထံဝင်စားသော်လည်း ရှေးမဆွက ရန်စရန်ငုတ်ရှိသည်ဖြစ်၍ အသက်အန္တရာယ်မလွတ်တန်ရာ။ ပရိယာယ်သာ ဖြစ်ဖို့များသည်” ဟုဆိုကာ ”မြန်မာအချင်းချင်း မရှစ်ခိုးလို။ မွန်တို့ကိုသာ ရှစ်ခိုးတော့မည်” ဟု ခပ်တိုတိုပြန်ကြားလေသည်။

ထို့နောက် ဦးအောင်ဇေယျကိုယ်တိုင် ခင်ဦးမြို့သို့ ချီတက်ဝန်းရံခဲ့သည်။ ဦးချစ်ညိုက မြင်းစီးထွက်လာရာ လက်ဖြောင့်သော သူရိန်ဒေဝက သေနတ်ဖြင့်ပစ်ရာ မြင်းကိုထိမှန်၍ လဲလေသည်။ ဦးချစ်ညိုက လဲသောမြင်းကိုထားခဲ့ပြီး တပ်တွင်းဝင်ကာ နောက်ထပ်မြင်းတစ်စီးဖြင့် ထွက်လာပြန်သည်။

 သေနတ်တပ်များကိုရှောင်၍ မြင်းတပ်သို့ အတင်းတိုးဝင်သည်။ ဦးချစ်ညိုကြိမ်းဝါးသည်ကား – ”နင်လည်း အောင်ဇေယျ၊ ငါလည်း ချစ်ညို။ ခံနိုင်အောင်ခံ”။ ဦးအောင်ဇေယျက ပြန်ဟစ်သည်မှာ ”နင့်ကိုသာ ငါရှာသည်။ နင်လည်း ချစ်ညို၊ ငါလည်း အောင်ဇေယျ။ နင်ယောကျာင်္းကောင်းဆို ထွက်ခဲ့”။ ဦးအောင်ဇေယျ ကြံ့ကြံ့ခံနေရာသို့ ဦးချစ်ညိုရောက်လာပြီး ခေတ္တမျှအမ်းနေပြီးမှ မြင်းဦးလှည့်ကာ ဆုတ်ခွာလေသည်။

ဦးချစ်ညိုက အင်းဝမြို့ရှိ မွန်တို့ထံ စစ်သည်၃၀၀၀အကူတောင်းကာ ခုခံသည်။ သို့သော် စည်သာမင်းကြီးဦးစည်းစိမ်က မြို့ကိုဖောက်ထွင်း၍ တိုက်နိုင်ရာ ခင်ဦးမြို့ကျလေသည်။ ဦးချစ်ညိုလည်း မဟာမြိုင်ကျွန်းတောကြီးအတွင်း ထွက်ပြေးလွတ်မြောက်သွားသည်။ အလောင်းမင်းတရား မှမင်းကျော်ပျံချီဦးကောင်းအား လက်နက်ကိုင်၂၀၀၀ပေး၍ လိုက်လံတိုက်ခိုက်စေသည်။ ကျွန်းတောတပ်ပျက်လေသော် ဦးချစ်ညိုသည် မွန်ဗိုလ်မှူးရာဇာဓိရာဇ်ရှိရာ မင်းကင်းမြို့သို့ ပြေးလေသည်။

”ချစ်ညိုကို လက်ရ ဖမ်းဆီးရမည်”ဟု အမိန့်တော် ထပ်မံရောက်လာသဖြင့် ဦးချစ်ညိုပြေးရာသို့ မင်းကျော်ပျံချီဦးကောင်းက ကောက်ကောက်ပါအောင် လိုက်သည်။

မွန်ဗိုလ်မှူးရာဇာဓိရာဇ်သည် ဦးအောင်ဇေယျထံ လက်နက်ချလို၍ ”ငါတို့ဆရာ တောင်ငူရာဇာလည်း မရှိတော့ပြီ။ ဦးအောင်ဇေယျ ဘုန်းတန်ခိုး လက်ရုံးရည်သည်လည်း ဒီရေပမာ တက်နေသည်။

အမှီရှာမှသင့်မည်”ဟု ဦးချစ်ညိုနှင့် တိုင်ပင်သည်။

ဦးချစ်ညိုက ”ကျွန်တော် မုဆိုးဖိုမင်း၏သစ္စာကို မခံလို။

ဗိုလ်မင်းသာ ခံပါလေ” ဟုဆိုကာ မွန်ဥပရာဇာတပ်သို့ ဝင်လေသည်။ သို့သော် မွန်စစ်ဗိုလ်ဒလပန်းက မသင်္ကာသဖြင့် ဦးချစ်ညိုကို ဖမ်းဆီးကာ ဆုံတွင်ထည့်၍ ထောင်းသတ်လိုက်လေရာ ခင်ဦးစားဦးချစ်ညိုဇာတ် တစ်ခန်းရပ်သွားလေသည်။

မင်းကျော်ပျံချီဦးကောင်းမှာလည်း အလောင်းမင်းတရား မှာတော်မူသည့်အတိုင်း ဦးချစ်ညိုကို အရှင်လတ်လတ်ဖမ်း၍ မဆက်သနိုင် ဖြစ်ခဲ့ရလေသည်။

Credit to unknown author

Content Protection by DMCA.com

Leave a Reply

Your email address will not be published.