ယူကရိန်း-ရုရှား အရေးကြောင့် တူရကီ နိုင်ငံလုပ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်တွေကို နိုင်ငံ တော်တော် များများက ကြိုက်နှစ်သက်လာကြပေမယ့် တူရကီ၏ မောင်းသူမဲ့ ဂျက်တိုက်လေယာဉ် စီမံကိန်းကလည်း ရှိနေပါသေးတယ်။
Bayraktar TB2 နှင့် Akinci ကဲ့သို့ နာမည်ကြီး လူသိများတဲ့ မောင်းသူမဲ့လေယာဉ်များကို ထုတ်လုပ်ထားတဲ့ တူရကီ ကုမ္ပဏီ Baykar ဟာ ၎င်း၏ မောင်းသူမဲ့ လေယာဉ်သစ် ဒီဇိုင်းကို ပြီးခဲ့တဲ့ နှစ်က ပြသခဲ့ပါတယ်။
အဆိုပါ ဒီဇိုင်းဟာ ၂၀၂၁ ခုနှစ်က အယူအဆ ဒီဇိုင်းအဆင့်မှာဘဲ ရှိနေသေးပေမယ့် ယခု ၂၀၂၂ ခုနှစ် ဇွန်လ မှာတော့ ရှေ့ပြေး ပုံစံကို ပြသလိုက်ပြီ ဖြစ်ပါတယ်။
တူရကီ မီဒီယာ အချို့၏ အဆိုအရ လက်ရှိ ပြသ လိုက်တဲ့ ရှေ့ပြေး ပုံစံဟာ ၎င်းတို့ အများပြား ထုတ်လုပ်မည့် အနာဂါတ်မောင်းသူမဲ့လေယာဉ် ဖြစ်တယ်လို့ သိရပါတယ်။
ဒီမောင်းသူမဲ့ ဂျက်လေယာဉ်ဟာ ဂျက်အင်ဂျင် စွမ်းအင်ကို အသုံးပြုထားသည့် တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ် စနစ် Combat Unmanned Aerial System (MIUS) ဖြစ်ပါတယ်။

ကုမ္ပဏီကတော့ ဒီမောင်းသူမဲ့ ဂျက်တိုက်လေယာဉ်ကို Bayraktar Kizilelma unmanned aerial vehicle system လို့ အ မည် ပေးထားပါတယ်။
လေယာဉ်ဟာ အမြင့် ပေ ၄ သောင်းခန့်အထိ ပျံသန်းနိုင်ကာ ၅ နာရီလောက် မရပ်မနား စစ်ဆင်နိုင်မှာဖြစ်ပါတယ်။
Bayraktar Kızılelma တွင် ရေဒါပျောက် နည်းပညာကိုလည်း ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် ရေဒါမှ ဖမ်းယူ ခံရနိုင်ဖို့ သာမန် မောင်းသူမဲ့လေယာဉ်များထက် ပိုမို ခက်ခဲမှာပါ။
ပုံမှန် ပျံသန်းနိုင်သည့် အမြန်နှုန်းမှာ အသံအလျှင်အောက် 0.8 Mach နှင့် အမြန်ဆုံး အသံအလျှင် ၁ ဆ ဖြင့် ပျံသန်းနိုင်မှာပါ။
၎င်းတွင် AESA ရေဒါ အမျိုးအစားကို တပ်ဆင်ပေးထားမှာ ဖြစ်ပြီး စစ်ဆင်နိုင်သည့် အကွာအဝေးမှာ ၅၇၅ မိုင်ခန့် ရှိမှာ ဖြစ်ပါတယ်။

လက်နက်များအားဖြင့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးများ၊ တိကျပဲ့ထိန်း ဗုံးများ နှင့် ခရုဇ် ဒုံးကျည်များ အပါအဝင် အလေးချိန် ၁,၅၀၀ ကီလိုဂရမ်လောက် တင်ဆောင် စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
စစ်ဆင်ရေးများအနေဖြင့် မဟာဗျူဟာမြောက် ထိုးစစ်၊ အနီးကပ်လေကြောင်း ပစ်ကူ (Close air support)၊ ဒုံးကျည် တိုက် ခိုက်ရေး၊ ရန်သူ့ လေကာများကို ဦးနှိမ်ထားခြင်း (SEAD) နှင့် ရန်သူ့ လေကာများကို ဖျက်စီးခြင်းများ ပါဝင်ပါတယ်။
ကုမ္ပဏီမှ အဆိုပါ မောင်းသူမဲ့ ဂျက်တိုက်လေယာဉ် တူရကီ ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး သင်္ဘောပေါ်မှာ ပျံတက်နေသည့် ကွန်ပျူတာဖြင့် ပုံဖော်ထားသည့် ပုံရိပ်များကို ၂၀၂၁ ခုနှစ်က တွစ်တာတွင် ဖော်ပြခဲ့ပါသေးတယ်။
လက်ရှိမှာတော့ မောင်းသူမဲ့ လေယာဉ်တွင် အသုံးပြုမည့် အင်ဂျင်ကို ယူကရိန်း နိုင်ငံမှ မှာယူ အသုံးပြုမှာ ဖြစ်ပါတယ်။
သတင်းများအရ အင်ဂျင်ကို ယူကရိန်းလုပ် Ivchenko-Progress AI-25 အင်ဂျင်ကို အသုံးပြုမှာ ဖြစ်ပြီး Bayraktar TB3 မောင်းသူမဲ့လေယာဉ်နှင့်အတူ တူရကီ၏ အနာဂါတ် ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး သင်္ဘော LHD TCG Anadolu မှာ အ သုံးပြု သွားနိုင်ဖွယ် ရှိပါတယ်။

ဒီ မောင်းသူမဲ့လေယာဉ်ဟာ အလိုအလျှောက် ပျံသန်းမှု စနစ်များကိုလည်း ဥာဏ်ရည်တု စနစ်ဖြင့် လုပ်ဆောင် သွားနိုင်ဖွယ်ရှိပါတယ်။
ဒါ့အပြင် လက်ရှိ ရှိနေပြီးသော F-16 တိုက်လေယာဉ်များနှင့် တူရကီတို့ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ ပဥ္စမမျိုးဆက် တိုက် လေယာဉ် TAI TFX များနှင့်လည်း တွဲဖက် အသုံးပြုနိုင်ဖွယ် ရှိပါတယ်။
ဒီ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ကို တူရကီ၏ နှစ်တရာပြည့် အခမ်းအနားရှိမည့် ၂၀၂၃ ခုနှစ်တွင် ပထမဆုံး ပျံသန်း နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ကျွမ်းကျင်သူများကတော့ ဒီမောင်းသူမဲ့ ဂျက်တိုက်လေယာဉ်များကို အနာဂါတ်မှာ အီရတ်နှင့် ဆီးရီးယား နိုင်ငံ တို့ရှိ ကာဒစ် သူပုန်များကို နှိမ်နင်းရန်နှင့် အခြား စစ်ဘက်ဆိုင်ရာ တိုက်ခိုက်မှုများတွင် အသုံးပြုရန် ထုတ်လုပ်နေတာ ဖြစ်မယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ် ၇ ရက် နေ့မှ သတင်း၏ နောက်ဆုံး update အခြေအနေ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။