စွမ်းအင် မလုံလောက်သည့် အတွက် မီးအလှည့်ကျ ပေးရတော့မည့် ဗြိတိန်

News World

ယူကရိန်း-ရုရှား အရေးကြောင့် ယခုနှစ် ဆောင်းရာသီတွင် ယူကေ တဝှမ်းရှိ အိမ်ထောင်စု တော်တော် များများမှာ လျှပ်စစ် မီးတွေ ပြတ်တောက်နိုင်ကြောင်း ဝန်ကြီးများက ပြောထားတယ်လို့ သိရပါတယ်။

Whitehall ရှိ အရာရှိများက ရုရှားမှ အီးယူသို့ ဓာတ်ငွေ့လိုင်းများကို ဖြတ်တောက်ပါက ယူကေတွင် ဓာတ်ငွေ့ ပြတ်တောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ကျောက်မီးသွေးနှင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများကို သက်တမ်း တိုးခြင်း ကဲ့သို့ နည်းလမ်းများကို ရှာဖွေနေပြီး စွမ်းအင်ထောက်ပံ့ရေးကို တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ယူကေ အစိုးရ၏ ရေးဆွဲထားသည့် အစီအစဉ်အရ လာမည့်နှစ် အစပိုင်းလောက်မှာ အိမ်ခြေ ၆ သန်းလောက် အထိကို လျှပ် စစ် ဓာတ်အား သုံးစွဲမှုအမြင်ဆုံး ဖြစ်သည့် မနက်ခင်းနှင့် ညနေပိုင်းတွေမှာ ခွဲတမ်းဖြင့် ပေးသွားမှာပါ။

ဒီလို ဖြစ်စဉ်ကြောင့် စွမ်းအင် ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်ပြီး ပြည်တွင်း အသားတင် ထုတ်ကုန် GDP ဟာ လာမည့်နှစ်များတွင် ခန့်မှန်းထားတာထက် လျော့နည်းသွားနိုင်ပါတယ်။

စီးပွားရေး အတွင်းဝန် Kwasi Kwarteng က ဗြိတိန်၏ ကျန်ရှိသည့် ကျောက်မီသွေးသုံး ဓာတ်အားပေး စက်ရုံ ၃ ခု၏ ပိုင်ရှင်များကို ချဉ်းကပ်ပြီး ဆက်လက် လည်ပတ်စေဖို့ ပြောထားပါတယ်။

အဆိုပါ စက်ရုံများကို ယခင်က ၂၀၂၄ ခုနှစ်မှာ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရန်အတွက် အပြီးပိတ်သိမ်းဖို့ စီစဉ်ထားခဲ့တာပါ။

Somerset တွင်ရှိ နေတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ Hinkley Point B ကိုလည်း ယခင်က သက်တမ်း နှစ် ၅၀ လောက်ရှိနေပြီ ဖြစ်သဖြင့် ယခုနှစ် နွေရာသီတွင် ဖျက်သိမ်းဖို့ စီစဉ်ထားသော်လည်း နောက်ထက် ၁၈ လ သက်တမ်းတိုးထားပါတယ်။

ဗြိတိန်ဟာ နိုင်ငံတွင်း အသုံးပြုသည့် ဓာတ်ငွေ့၏ ၄ ရာခိုင်နှုန်းလောက်သာ ရုရှားမှ ဝယ်ယူနေတာ ဖြစ်ပေမယ့် အီးယူနိုင်ငံများ အနေဖြင့် ၄၀ ရာခိုင်နှုန်းလောက်အထိ မှီခိုနေရတာပါ။

ယူကရိန်း အရေး စတင်သည့် အချိန်မှ စပြီး အဖွဲ့ဝင်နိုင်ငံများဟာ စွမ်းအင်အတွက် ရုရှားအား တရက်လျှင် ယူရို သန်းရာနှင့်ချီ ပေးဆောင်ခဲ့ရပြီး ဖြစ်ပါတယ်။

ဗြိတိန်မှ အဓိက မှီခိုနေရသည့် နော်ဝေ၏ ဓာတ်ငွေ့တင်ပို့မှုနှင့် ပတ်သက်ပြီးလည်း စိုးရိမ်မှုများ ရှိနေသည့်အတွက် အဆိုးဆုံးကို ထည့်သွင်းစဉ်းစားထားဖို့ အစီအစဉ်များတွင် ပါဝင်နိုင်ပါတယ်။

စွမ်းအင်သုံးစွဲမှုအတွက် EU မှ ဝယ်လိုအား တိုးမြှင့်လာတဲ့အတွက် ထောက်ပံ့ရေးအတွက် လိုအပ်သည့် ပမာဏရဲ့ ထက်ဝက်ကျော်လောက်ဟာ ဖြတ်တောက်ခံရနိုင်ချေတွေ ရှိနေလို့ပါ။

ယူကေဟာ သဘာဝ ဓာတ်ငွေ့ရည်များကိုလည်း လောင်စာတင် သင်္ဘောကြီးများနှင့် တင်သွင်းလျှက် ရှိပါတယ်။

သို့ပေမဲ့ အပြိုင်အဆိုင် ဝယ်ယူလာမှု ကြားမှာ ထို ထောက်ပံ့ရေးကဏ္ဍတွင်လည်း ထက်ဝက်ခန့် ကျဆင်းသွားနိုင်ပါတယ်။

Whitehall မှ ဖော်ပြသည့် ပုံစံကတော့ နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့ဟာလည်း အရေးပေါ် အခြေအနေ ကြုံတွေ့နေရတာကြောင့် အပြန်အလှန် ချိတ်ဆက်ထားတဲ့ ဓာတ်ငွေ့လိုင်းများမှ ဓာတ်ငွေ့တွေ ဗြိတိန်အနေဖြင့် ရရှိမှာ မဟုတ်ဘူးလို့ ယူဆထားပါတယ်။

ဒါ့ကြောင့် ဗြိတိန်ဟာ အရေးပေါ် အစီအစဉ်ကို စတင်ရတော့မှာဖြစ်ပြီး ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများကို ပိတ်သိမ်းကာ ဓာတ်ငွေ့အပေါ် မှီခိုနေသည့် အကြီးစား စက်မှုလုပ်ငန်းများကိုလည်း ဓာတ်ငွေ့မှ ထုတ်လုပ်သည့် စွမ်းအင်ကို အသုံးမပြုတော့ရန် ညွှန်ကြားရမှာပါ။

ဓာတ်ငွေ့စက်ရုံများ ပိတ်လိုက်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ဖြစ်စေပြီး နေ့စဉ် နံနက် ၇ နာရီမှ ၁၀ နာရီကြား၊ ညနေပိုင်း ၄ နာရီမှ ည ၉ နာရီအထိ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မှာ ဖြစ်ပေမယ့် နေအိမ်သို့ ပို့လွှတ်သည့် ဓာတ်ငွေ့ထောက်ပံ့ကိုတော့ ရပ်တန့်မှာ မဟုတ်ပါဘူး။

တကယ်လို့ ရုရှားအနေဖြင့် အီးယူအား ဓာတ်ငွေ့တင်ပို့မှုကို လုံးဝ ဖြတ်တောက်လိုက်ပါက အခြားသော မဟာဗျူဟာကို တာဝန်ရှိသူများက ရေးဆွဲပြီး ဖြစ်ပါတယ်။

ရုံးပိတ်ရက် ဖွင့်ရက်များတွင်ပါ စွမ်းအင်ပြတ်တောက်မှုများ ဒီဇင်ဘာလမှာ စတင်ဖြစ်ပေါ်နိုင်ပြီး စွမ်းအင် ပုံမှန် လည်ပတ်နိုင်ဖို့ ၃ လလောက်အထိတော့ ကြာမြင့်နိုင်မယ်လို့ သိရပါတယ်။

ထိန်းသိမ်းရန် အလွန်ကုန်ကျစရိတ်များသည့်အတွက် ၂၀၁၇ ခုနှစ်က ပိတ်သိမ်းခဲ့သည့် အင်္ဂလန် အရှေ့ဘက် ကမ်းရိုးတန်းရှိ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံကို ယူရို ၁ ဘီလီယံထက်ပိုတဲ့ ကုန်ကျစရိတ်ဖြင့် ပြန်လည် ဖွင့်လှစ်ဖို့ လိုအပ်ချက်များကို ဆွေးနွေးနေပါတယ်။

ယူကရိန်းတွင် စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဓာတ်ငွေ့ဈေးတွေ မြင့်တက်မှု နောက်နှစ်လောက်အထိ ဆက်ရှိနေမှာကို အစိုးရက စိုးရိမ်နေပါတယ်။

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Rishi Sunak ကတော့ ပြီးခဲ့သည့် တပတ်က ဈေးနှုန်းမြင့်တက်မှု၏ သက်ရောက်မှုကို ကန့်သတ်ဖို့ ယူရို ၂၁ ဘီလီယံလောက်ရှိတဲ့ ထောက်ပံ့မှု အစီအစဉ်ကို ကြေငြာခဲ့ပေမယ့် လာမည့်နှစ်တွင် ဆက်လက်လုပ်ဆောင်ဖို့ ငြင်းဆိုထားပါတယ်။

၀န်ကြီးချုပ် Boris Johnson ကလည်း ပြီးခဲ့သည့် တပတ်က ဝန်ကြီးများ အစည်းအဝေးတွင် “ခင်ဗျားတို့အနေနဲ့ ၁၉၇၀ ခုနှစ်များတုန်းက ကိစ္စတွေကို တကယ် မှတ်မိတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

လစာအငြင်းပွားမှု ကိစ္စကြောင့် မိုင်းတွင်း လုပ်သားများ ဓာတ်အားပေးစက်ရုံများကို သပိတ်မှောက်ပြီး လုပ်ငန်းများကို ဖိ အားပေး ပိတ်ခိုင်းခဲ့သည့်အတွက် ထိုအချိန်က လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့တဲ့ ကိစ္စကို ဝန်ကြီးချုပ်က ညွှန်းဆိုခဲ့တာပါ။

ဝန်ကြီးချုပ် Edward Heath ဟာ ကျောက်မီးသွေး လက်ကျန်ကို ထိန်းသိမ်းနိုင်ဖို့ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလမှာ လုပ်ငန်းများကို တပတ်လျှင် ၃ ရက်အထိသာ ဆက်တိုက် လည်ပတ်ဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ အခြား အီးယူနိုင်ငံများနှင့် မတူဘဲ စွမ်းအင် ပြတ်တောက်မှု တွေအတွက် ကြိုတင် ပြင်ဆင်ထားပေမယ့် ရုရှားကြောင့် ဥရောပ၏ ဆောင်းရာသီကာလဟာ အလွန်ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *