ဆဌမ မျိုးဆက် တိုက်လေယာဉ်အင်ဂျင်ကို ဗြိတိန်နှင့် ဂျပန် ပူးပေါင်း ထုတ်လုပ်တော့မည့် အကြောင်း

Military Tech

ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့ဟာ ဆဌမမျိုးဆက် တိုက်ခိုက်ရေး ဂျက်လေယာဉ်များကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြတာဖြစ်ပြီး ယခုအခါမှာတော့ ၎င်းတို့ တိုက်လေယာဉ်များ၏ အင်ဂျင်အတွက် ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

အဲဒီ့အတွက် အင်ဂျင်သရုပ်ပြခြင်းနှင့် အခြားနည်းပညာဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ရေးထိုးခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

ပူးတွဲထုတ်လုပ်မည့် အင်ဂျင်၏ စွမ်းဆောင်နိုင်မှုများကို လေ့လာပြီးနောက် လာမယ့်နှစ် အစောပိုင်းလောက်မှာ အင်ဂျင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို IHI နှင့် Rolls-Royce တို့က ဦးဆောင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ၂၀၂၂ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် စတင်မယ့် လာမယ့် ဘဏ္ဍာရေး နှစ်မှာ ကြိုးပမ်းမှုတွေ စတင်သွားမယ်လို့ ဆိုပါတယ်။

F-X တိုက်လေယာဉ် ပုံစံငယ်

ဂျပန်အစိုးရဟာ ၎င်း၏ ဆဌမမျိုးဆက် တိုက်လေယာဉ်များ ထုတ်လုပ်ဖို့ ပူးပေါင်းဆောင်ရွက်ရန် ဗြိတိန်နှင့် အချိန်အတော်အကြာ ဆွေးနွေးနေခဲ့တာ ဖြစ်ကာ ဇူလိုင်လက ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် စိတ်ဝင်စားမှုကို ကြေငြာခဲ့ပါတယ်။

လန်ဒန် နှင့် တိုကျို တို့ဟာ ၎င်းတို့၏ ဆဌမမျိုးဆက် တိုက်လေယာဉ်များကို ၂၀၃၅ လောက်မှာ ရရှိနိုင်ဖို့ လုပ်ဆောင်နေကြတာဖြစ်ပြီး ဂျပန်ဟာ ၎င်း၏ ဆဌမမျိုးဆက် တိုက်လေယာဉ် ဖြစ်လာမယ့် F-X ကို လက်ရှိ တာဝန် ထမ်းဆောင်နေသည့် F-2 များနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

F-X တိုက်လေယာဉ်သစ် အကြောင်းကို “ဂျပန်၏ ဆဌမမျိုးဆက် တိုက်လေယာဉ် F-X အကြောင်း အပြည့်အစုံ” ခေါင်းစဉ်ဖြင့် အပြည့်အစုံ ဆောင်းပါးတပုဒ်အဖြစ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဂျပန်နိုင်ငံတွင် Mitsubishi ကုမ္ပဏီမှ ထုတ်လုပ်သည့် F-2 တိုက်လေယာဉ်ပေါင်း အစင်း ၉၀ လောက် တာဝန် ထမ်းဆောင်နေပြီး ၎င်းတို့ကို ၂၀၃၅ တွင် အနားပေးဖို့ စဉ်းစားထားပါတယ်။

IHI ကုမ္ပဏီဟာ ဂျပန်နိုင်ငံ၏ အကြီးဆုံး လေယာဉ်အင်ဂျင် ထုတ်လုပ်သည့် ကုမ္ပဏီတခုဖြစ်ကာ နိုင်ငံ၏ ဈေးကွက် ဝေစု ၆၀ မှ ၇၀ % အထိ ရရှိထားပါတယ်။

၎င်းဟာ ကာကွယ်ရေး ဝန်ကြီးဌာနမှ အသုံးပြုသည့် လေယာဉ် အင်ဂျင်များအတွက် အဓိက ကန်ထရိုက်တာနှင့် ထုတ်လုပ်သူ ဖြစ်ကာ ဂျပန်လေတပ်၏ Kawasaki P-1 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး‌လေယာဉ်၊ လေ့ကျင့်ရေး ဂျက်လေယာဉ် T-4 များအတွက်လည်း အင်ဂျင်များ ထုတ်လုပ်ပေးနေပါတယ်။

တိုက်လေယာဉ် အင်ဂျင်ဖြစ်တဲ့ X-2 Shinshin (၂၀၁၆ မှ ၂၀၁၈ ကြား စမ်းသပ်ခဲ့) သရုပ်ပြ တိုက်လေယာဉ်အတွက် XF5 turbofan အင်ဂျင်ကို ယခင်က ထုတ်လုပ်ပေးဖူးပြီး လက်ရှိမှာ afterburner ဖွင့်ပါက တွန်းအား 33,000 lbf လောက် ပေးနိုင်တဲ့ low-bypass turbofan အင်ဂျင်ဖြစ်တဲ့ XF-9 ကို ထုတ်လုပ်ထားပါတယ်။

X-2 ShinShin သရုပ်ပြ တိုက်လေယာဉ်

အလားတူ အချိန်မှာပဲ BAE Systems ကုမ္ပဏီဟာ MBDA UK၊ Leonardo UK နှင့် Rolls-Royce တို့နှင့် ပူးပေါင်းပြီး ဗြိတိန်၏ အနာဂါတ် တိုက်လေယာဉ်စနစ်တခုဖြစ်တဲ့ Tempest ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

အီတလီနှင့် ဆွီဒင်ဟာ အဆိုပါ Tempest စီမံကိန်းအတွက် မိတ်ဖက်နိုင်ငံများဖြစ်ပြီး အနာဂါတ်လေကြောင်း တိုက်ခိုက်ရေး စနစ်များနှင့် နည်းပညာများ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဗြိတိန်နှင့် ၃ နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးပြီး ဖြစ်ပါတယ်။

ဗြိတိန်၏ Tempest နှင့် ပတ်သက်သည့် နောက်ဆုံး အခြေအနေကို “ဗြိတိန်၏ အနာဂါတ် တိုက်လေယာဉ် Tempest FCAS ထုတ်လုပ်ဖို့ နောက်တဆင့်ရောက်လာ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ၎င်း၏ ဆဌမမျိုးဆက် တိုက်လေယာဉ်သစ် F-X ကို လက်ရှိမှာ အမေရိကန် နာမည်ကျော် Lockheed Martin ကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် Mitsubishi Heavy Industries မှ ထုတ်လုပ်လျက် ရှိပါတယ်။

ဗြိတိန် Tempest စီမံကိန်း

ဗြိတိန်ဟာ လက်ရှိ ဂျပန်နှင့် စီမံကိန်းတွင် ပေါင် သန်း ၃၀ (အမေရိကန် ဒေါ်လာ သန်း ၄၀) လောက် ရင်းနှီးမြှုပ်နှံထားပြီး သရုပ်ပြ အင်ဂျင်ကို အပြည့်အဝ ထုတ်လုပ်နိုင်သည့် အချိန်အတွင် ပေါင် သန်း ၂၀၀ ( အမေရိကန် ဒေါ်လာ ၂၆၇ သန်း) လောက်အထိ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

ကြေငြာချက်မှာတော့ ဒီ အင်ဂျင်နှင့် လေကြောင်းတိုက်ခိုက်ရေး နည်းပညာ သဘောတူညီချက်ဟာ အင်ဒို-ပစိဖိတ်ဒေသတွင် ကာကွယ်ရေး၊ လုံခြုံရေး နှင့် ကုန်သွယ်မှု ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုအား တွန်းအားပေးရန်အတွက် ဗြိတိန်အစိုးရ၏ ရည်ရွယ်ချက်များကို သက်သေပြနေတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီး Ben Wallace က ပြောပါတယ်။

လန်ဒန်တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် DSEI ကမ္ဘာ့ ကာကွယ်ရေး နည်းပညာပြပွဲတွင် ဗြိတိန်လေတပ်၏ စီမံကိန်းညွှန်ကြားရေးမှူး Johny Moreton ၏ ပြေားကြားချက်အရ ဂျပန်နှင့် ပူးပေါင်း ဆောင်ရွက်မှုဟာ အီလက်ထရွန်းနစ် စစ်ဆင်ရေး နည်းပညာများနှင့်

ရေဒါစွမ်းဆောင်မှုများအထိ တိုးချဲ့သွားနိုင်ပေမယ့် “အဲဒါတွေက အခုအချိန်မှာ အသေးအမွှားအဆင့်ပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။

Image: Courtesy of Wiki Commons By CC BY-SA 3.0

ဗြိတိန်ဟာ ဂျပန်နိုင်ငံ၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်သစ် JNAAM အတွက် နှစ်ပေါင်းများစွာ ပံ့ပိုးပေးခဲ့ပြီး ၂၀၂၂ ခုနှစ် နောက်ပိုင်းမှာလည်း

အခြား စနစ်များမှာ ပူးပေါင်း လုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြားဌာနက ပြောပါတယ်။

ဂျပန်နှင့် ဗြိတိန်ဟာ ၎င်းတို့၏ ကာကွယ်ရေးအစီအစဉ်များအား ပိုမို နီးကပ်စွာ လုပ်ဆောင်ဖို့ အချက်ပြနေခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ လတွင်

နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် တရားဝင် ညှိနှိုင်းမှုများ စတင်မယ်လို့ နှစ်ဘက်စလုံးက ကြေငြာ ခဲ့ပါတယ်။

တော်ဝင်ရေတပ်၏ လေယာဉ်တင်သင်္ဘောသစ်ဖြစ်တဲ့ HMS Queen Elizabeth ဟာ အရှေ့ဖျားဒေသသို့ ပိုမိုကျယ်ပြန့်စွာ တပ်ဖြန့်မှု၏ တစိတ်တစ်ပိုင်းဖြစ်တဲ့ ဂျပန်နိုင်ငံသို့ အလည်အပတ်လာရောက်ခြင်းဟာ နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *