ယူကရိန်းတို့၏ အဆင့်မြင့် ဒရုန်းသစ် ဒီဇိုင်း မိတ်ဆက်

News

ယူကရိန်း ကုမ္ပဏီသစ် တစ်ခုမှ ရုရှားလုပ် Orion မောင်းသူမဲ့လေယာဉ် နှင့် T-90 တင့်ကားတို့ကို တိုက်ခိုက်ခြေမှုန်းနေသည့် ပရိုမိုးရှင်း ဗီဒီယိုနှင့်အတူ Air Combat Evolution ACE-1 လို့ခေါ်သည့် ဒရုန်း ဒီဇိုင်း ကို မိတ်ဆက်ပေးလိုက်ပါတယ်။

ACE-1 ဟာ လျှင်မြန်စွာပျံသန်းနိုင်ခြင်း၊ ရှာဖွေရန် ခက်ခဲခြင်းများ နှင့်အတူ ဥာဏ်ရည်တု စနစ်များ၊ အစုလိုက် အပြုံလိုက် စစ်ဆင်နိုင်ခြင်း၊ ဒုံးကျည်နှင့် ပဲ့ထိန်းဗုံးများကို အတွင်းဘက် လက်နက် သယ်ဆောင်နိုင်သည့် internal weapon bay ၂ ခုတွင် ထည့်သွင်း စစ်ဆင်နိုင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်ပါမယ်။

ဒါ့အပြင် ဒီမောင်းသူမဲ့လေယာဉ်ဟာ လူလိုက်ပါသည့် တိုက်လေယာဉ်များ နှင့်အတူ တွဲဖက် စစ်ဆင်နိုင်သည့် loyal wingman စနစ်ကို အသုံးပြုနိုင်ပါသေးတယ်။

ဒီ မောင်းသူမဲ့ ပုံစံငယ်ကို ၁၅ ရက်နေ့က ယူကရိန်းနိုင်ငံ ခီးရက်ဗ် မြို့မှာ စတင် ကျင်းပနေတဲ့ “Arms and Security 2021” ပြပွဲမှာ ပြသ နေတာ ဖြစ်ပါတယ်။

ACE မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဟာ ယခင်က ယူကရိန်းနိုင်ငံ အာကာသ အေဂျင်စီ၏ ဥက္ကဌ နှင့် နာမည်ကျော် Antonov နှင့် Volodymyr Usov တို့၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ Oleksandr Los က ဦးဆောင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းအတွက် တွဲဖက်ထုတ်လုပ်မည့် ပါတနာ ကုမ္ပဏီများကတော့ ယူကရိန်းကုမ္ပဏီများ ဖြစ်တဲ့ Motor Sich၊ FED JSC၊ Hydrobest နှင့် Yuzhmash တို့အပြင် ပြင်သစ် အင်ဂျင်ထုတ်လုပ်သည့် ကုမ္ပဏီ SAFRAN တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ACE ကို Motor Sich နှင့် Ivchenko-Progress ကုမ္ပဏီက ထုတ်လုပ်တဲ့ AI-322F တာဘိုဂျက် အင်ဂျင် ၂ လုံးဖြင့် တပ်ဆင် မောင်းနှင်စေမှာ ဖြစ်ပြီး လက်နက် ၁ တန်လောက်ကို တင်ဆောင် စစ်ဆင်နိုင်မှာပါ။

အရှည် ၈ မီတာ၊ တောင်ပံအကျယ် ၁၁ မီတာ နှင့် အမြင့်ဆုံး ပျံတက်နိုင်သည့် အလေးချိန်မှာ ၇.၅ တန်ခန့်ရှိပြီး အမြန်နှုန်း ၀.၉၅ မက် ဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

ယူကရိန်း ဒီဇိုင်းသမားများ၏ တွက်ချက်မှုအရ ACE-1 ဟာ ၁၅၀၀ ကီလိုမီတာလောက် အထိ စစ်ဆင်နိုင်ပြီး အမြင့်ဆုံး ပေ ၄၅၀၀၀ ခန့်အထိ ပျံတက်နိုင်မှာပါ။

ဒီ မောင်းသူမဲ့လေယာဉ်ဟာ အမေရိကန်လလုပ် Lockheed Martin RQ-170 နှင့် ရုရှားလုပ် S-70 တို့နှင့် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

မောင်းသူမဲ့လေယာဉ် ၃ စီးခန့် နှင့် ထိန်းချုပ်ရေး စခန်း အပါအဝင် ၎င်း စနစ်တစ်ခုလုံး၏ ပမာဏ ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၂ သန်းမှ ၁၃ သန်းကြား ကုန်ကျမယ်လို့ “Arms and Security 2021” ပွဲအတွင်းမှ စာစောင်မှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုး ပျံသန်းမှုစွမ်းရည်နှင့် တိုက်ခိုက်နိုင်မှုကြောင့် ACE-1 ဟာ ကမ္ဘာ့အကောင်းဆုံး မောင်းသူမဲ့လေယာဉ်တစီး ဖြစ်လာနိုင်မယ့်အပြင် ကုန်ကျစရိတ်မှာလည်း သက်သာသောကြောင့် လူကြိုက်များသော ဒရုန်းတစီး ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *