ယူကရိန်း လွတ်လပ်ရေးနေ့တွင် ပြသမည့် တူရကီလုပ် မောင်းသူမဲ့လေယာဉ်

Military News

ယူကရိန်းဟာ အဆင့်မြှင့်တင်ထားတဲ့ ပင်မတိုက်ပွဲဝင် တင့်ကားမှစပြီး ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ကြီးအထိ အဆင့်မြင့် လက်နက်စနစ်များကို လာမယ့် နှစ် ၃၀ မြောက် လွတ်လပ်ရေးနေ့တွင် ပြသဖို့ စီစဉ်ထားပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျရောက်မယ့် ယူကရိန်း၏ လွတ်လပ်ရေးနေ့မှာ မကြာသေးမီက ဝယ်ယူထားတဲ့ တူရကီလုပ် လက်နက်တပ်ဆင်နိုင်တဲ့ ဒရုန်းများကိုပါ ပထမဆုံး အနေဖြင့် စစ်ရေးပြပွဲတွင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Suspilne သတင်းအေဂျင်စီမှ ရင်းမြစ်များအရ ဒရုန်းအသစ်ကို ထရပ်တာ နောက်တွဲဖြင့် သယ်ယူပြီး ပြသသွားမှာ ဖြစ်ပါတယ်။

ယူကရိန်းတို့ ပြသမယ့် ဒရုန်းဟာ Bayraktar TB2 အလယ်အလတ် အမြင့်ပျံ၊ တာဝေးသုံး နည်းဗျူဟာမြောက် မောင်းသူမဲ့လေယာဉ် အမျိုးအစားဖြစ်ပါတယ်။

အဆိုပါ ဒရုန်းကို တူရကီ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီ Baykar Makina က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

စစ်ရေး အဆင့်မြှင့်တင်ရေး အစီအစဉ်၏ တစိတ်တဒေသ အနေဖြင့် ယူကရိန်းစစ်တပ်ဟာ ၂၀၁၉ ခုနှစ်မှာ Bayraktar TB2 မောင်းသူမဲ့လေယာဉ် ၆ စီးအား ဝယ်ယူခဲ့ပါတယ်။

ထို့အပြင် အဆိုပါ ဒရုန်းကို အောင်မြင်စွာအသုံးပြုနိုင် ပြီးနောက် နောက်ထပ် Bayraktar TB2 ၆ စီးပါတာ သီးခြား မှာယူမှုတခု ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

Bayraktar TB2 မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ အများဆုံး ၁၅၀ ကီလိုဂရမ် အလေးချိန်အထိ တင်ဆောင်စစ်ဆင်နိုင်ပါတယ်။

၂၄ နာရီ ကြာအောင် အဆက်မပြတ် ပျံသန်းစစ်ဆင်နိုင်ကာ အမြင့်ပေ ၂၂,၅၀၀ လောက်အထိ ပျံတက်နိုင်ပါတယ်။

Bayraktar TB2 ဒရုန်းများကို တူရကီစစ်တပ်တွင် ၂၀၁၄ ခုနှစ်ကတည်းက စတင် အသုံးပြုခဲ့တာဖြစ်ပြီး ယခုအခါ တူရကီ အပါအဝင် ယူကရိန်း၊ ကာတာ နှင့် အဇာဘိုင်ဂျန် နိုင်ငံများမှာ အသုံးပြုနေပါတယ်။

မကြာသေးမီ နှစ်များအတွင် တူရကီ ကာကွယ်ရေးနှင့် လေကြောင်း ကုမ္ပဏီများဟာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အောင်မြင်မှုများ ရရှိခဲ့သည့်အပြင် ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။

တူရကီဟာ ကိုယ်ပိုင် မောင်းသူမဲ့ လေယာဉ် ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့ ၆ နိုင်ငံထဲမှ တနိုင်ငံ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *