အမေရိကန်လို နိုင်ငံမျိုး သို့မဟုတ် မော်စကိုနှင့် ဘေဂျင်းမှာ ထိုင်နေတဲ့ ခေါင်းဆောင်မျိုး တယောက်သာဆိုရင် အမေရိကန်ရဲ့ အခြေအနေက မှန်းဆလို့ ရပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အာဖဂန်နစ္စတန်နှင့် အီရတ်တို့မှာ အကြီးအကျယ် ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ စစ်ပွဲ ၂ ခုကို ပြုလုပ်ခဲ့ပြီးနောက် အမေရိကန် အများအပြားဟာ အမျိုးသား လုံခြုံရေးနှင့် ရှုပ်ထွေးနက်နဲ့သည့် ဆက်နွယ်မှုရှိတဲ့ အခြားဝေးလံတဲ့ ပဋိပက္ခမှာ ဝင်ရောက်တိုက်ခိုက်ဖို့ စိတ်ဝင်စားမှု မဟုတ်ဘူးဆိုတာ သိသာပါတယ်။
ဒါအပြင် ၎င်း၏ ပြည်တွင်း အခြေအနေမှာလည်း လက်ရှိတွင် တည်ငြိမ်မှု မရှိသေးဘဲ သဘောထားကွဲလွဲမှုများ၊ ကပ်ရောဂါကိစ္စများ နှင့် ကျောင်းများတွင် မငြိမ်မသက် ဖြစ်နေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြန်ပါတယ်။
အဆိုပါ အရာကို ထောက်ရှုပါက အမေရိကန်ဟာ ကမ္ဘာ့ အကြီးဆုံး စီးပွားရေး၊ အရေးကြီးသည့် ငွေကြေးနှင့် အင်အား အကောင်းဆုံး စစ် တပ်ကို ဆက်လက် ပိုင်ဆိုင်ထားပေမယ့် ၎င်း၏ အထူးခြိမ်းခြောက်မှုကို ခံစားရမှာ မဟုတ်ပါဘူး။
အခုလို အချက်အလက်တွေကို နောက်ခံပြုပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ယူကရိန်းနှင့် ထိုင်ဝမ် ၂ ခုလုံးရှိ တင်းမာမှုများနှင့် ပတ်သက်လို့ အမေရိကန်ရဲ့ အနေအထားကို ရှင်းပြနိုင်မှာ ဖြစ်ပါတယ်။

ဖြစ်ရပ်တခုချင်းစီမှာ နိုင်ငံကြီး ၂ နိုင်ငံက အနီးအနားရှိ ဒီမိုကရေစီ နိုင်ငံငယ်လေးများကို ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်ပြီး ဆူညံပွက်လောရိုက်နေပြီး အဆိုပါ လုပ်ရပ်ကို အမေရိကန်က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
အာဏာရှင် ၂ နိုင်ငံ ဖြစ်တဲ့ ရုရှားနှင့် တရုတ်တို့ဟာ အဆုံးအစွန်မှာ အနည်းဆုံး ယာယီအနေဖြင့် ရပ်တန့်ရန် ရွေးချယ်နိုင်ပေမယ့် လက်ရှိ ရန်လိုမှုတွေ တိုးလာတာဟာ အားနည်းနေတဲ့ အမေရိကန်လို့ ၎င်း ၂ နိုင်ငံ၏ ခေါင်းဆောင်များက မြင်လာနေလို့ ဖြစ်ပါတယ်။
အခုတော့ ယူကရိန်းအကြောင်းကို အဓိကပြောသွားမှာ ဖြစ်ပါတယ်။
ရုရှားဟာ မကြာသေးမီက ယူကရိန်းနယ်စပ်သို့ တပ်ဖွဲ့ဝင် အများအပြား ပြောင်းရွှေ့လာမှုကြောင့် ကျူးကျော်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လာပြီးနောက် အမေရိကန် သမ္မတ ဘိုင်ဒင်နှင့် ရုရှား သမ္မတ ပူတင်တို့ ၂ နာရီကြာအောင် ဗီဒီယို ခေါ်ဆိုမှုဖြင့် ဆက်သွယ်ခဲ့ကြပါတယ်။
နောက်ခံ အကြောင်းတရား
ယခင်က ဆိုဗီယက် ပြည်ထောင်စု၏ တစိတ်တပိုင်းဖြစ်ခဲ့တဲ့ လူဦးရေ ၄၄ သန်းလောက်ရှိတဲ့ ယူကရိန်းနိုင်ငံကို ရုရှားရဲ့ လက်အောက်ခံ နိုင်ငံ ဖြစ်သင့်တယ်လို့ ပူတင်အနေဖြင့် ယုံကြည်ထားပါတယ်။
၂ နိုင်ငံဟာ မိုင်ပေါင်း ၁,၂၀၀ လောက်ရှိတဲ့ နယ်နိမိတ် ထိစပ်နေတဲ့အပြင် ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာ ဆက်စပ်မှုတွေလည်း ရှိနေပါတယ်။ (ယူကရိန်းနိုင်ငံသားများကတော့ ပူတင်မှ ချဲ့ကား ပြောဆိုတယ်လို့ ဆိုပါတယ်)
သို့ပေမယ့် ရုရှားနှင့် လိုက်လျောညီထွေ ဖြစ်မည့်အစား ယူကရိန်းဟာ ၂၀၁၄ ခုနှစ်မှာ ပူတင် ကျောထောက်နောက်ခံပြုထားတဲ့ ခေါင်းဆောင်တဦးကို ဖြုတ်ချပြီး အနောက်နိုင်ငံများဘက်သို့ ကူးပြောင်းသွားခဲ့ပါတယ်။
လက်ရှိ ယူကရိန်းနိုင်ငံ၏ သမ္မတ ဖြစ်တဲ့ Volodymyr Zelensky ဟာ ရုရှား၏ ဩဇာချဲ့ထွင်ရန် ကြိုးပမ်းမှုများကို ဆန့်ကျင်ခဲ့ပါတယ်။
“ပူတင်ဟာ ယူကရိန်းနိုင်ငံကို အမေရိကန်နှင့် NATO တို့ရဲ့ စစ်စခန်းအဖြစ် ဖော်ဆောင်နေတယ်လို့ မြင်နေပါတယ်” လို့ ယခု ဆောင်းပါးကို မူရင်း ရေးသားသည့် David Leonhardt ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သူ Michael Crowley မှ ဆိုပါတယ်။
ယူကရိန်း နယ်စပ်တလျှောက် ရုရှားတပ်တွေ စုစည်းနေတာဟာ အနောက်နိုင်ငံတွေက ယူကရိန်းကိုသာ ကျောမခိုင်းသွားဘူးဆိုရင် ရုရှားက ကျူးကျော်ဖို့ စဉ်းစားသွားမယ်လို့ ပူတင်က အချက်ပြနေတာ ဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်း၏ ခရိုင်းမီးယား ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ် က စစ်ဆင်ရေးမှာ သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း ကမ္ဘာမှ ရုရှားပိုင်နက်အဖြစ် အများစုမှ အသိအမှတ်မပြုထားပါဘူး။
အခုမှ ဘာလို့ ဒီလိုလုပ်ရတာလဲ
အထူးသဖြင့်တော့ ပြည်တွင်းပြသနာများကို နိုင်ငံခြားမှ ရန်စမှုများဟာ အာရုံပြောင်းမှုတခုအဖြစ် အသုံးပြုနိုင်ပြီး အမျိုးသားရေး စိတ်ဓာတ်ဖြင့် နိုင်ငံခေါင်းဆောင်များကို ထောက်ခံမှုရရှိနိုင်စေရန် အခွင့်အရေးပေးလေ့ ရှိပါတယ်။

ရုရှားဟာ ကပ်ရောဂါ အခြေအနေ ဆိုးဝါးလာတာ၊ နှေးကွေးတဲ့ လုပ်ခ လစာ၊ ဈေးနှုန်းတွေ မြင့်တက်လာတာတွေ ကဲ့သို့ ပြည်တွင်းရေး ပြသနာတွေ အများအပြား ရှိနေပါတယ်။
လွန်ခဲ့သည့် နှစ်က အတိုက်အခံ အုပ်စုများဟာ နှစ်ပေါင်းများစွာ အတွင်းမှာ အကြီးမားဆုံးသော ပူတင် ဆန့်ကျင်ရေး ချီတက်ပွဲ အချို့ကို ကျင်းပခဲ့ကြပါတယ်။
ယူကရိန်း သမ္မတ Zelensky ၏ ခုခံမှုများနှင့် ရုရှားနိုင်ငံရေး အခြေအနေများကြောင့် ရုရှားရဲ့ စိုးမိုး ချယ်လှယ်နိုင်မှုဟာ ယူကရိန်းအပေါ်မှာ လျော့ကျလာမှာကို ပူတင်အနေနဲ့ စိုးရိမ်နေဖွယ်လည်း ရှိပါတယ်။
ဥရောပ ကောင်စီ၏ နိုင်ငံတကာ ဆက်ဆံရေး ဌာနမှ Kadri Liik ကတော့ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
ပူတင်ရဲ့ နိုင်ငံအပေါ် အဖြစ်သည်းမှု နှင့် ယူကရိန်းနဲ့ ရုရှားလူမျိုးများဟာ အတူတူပဲ ဖြစ်တယ်ဆိုတဲ့ ၎င်းရဲ့ စိတ်အားထက်သန်တဲ့ အမြင်ကို ရုရှားရဲ့ နိုင်ငံရေး ထူထောင်မှု အဖွဲ့ဝင်အားလုံးက လက်ခံကြတာမဟုတ်ပါဘူး။
“ပူတင်ဟာ နောက်မျိုးဆက်တွေဟာ သိပ်ဂရုစိုက်မှာ မဟုတ်တော့ဘူးလို့ မြင်တဲ့အတွက် သူတို့အတွက် အချက်အလက်တွေ ဖန်တီးရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ရုရှားမူဝါဒ အတွင်းလူတဦးက ပြောကြားခဲ့ပါတယ်။
ပူတင်၏ နည်းဗျူဟာများနှင့် ရည်မှန်းချက်များ
နှစ်ပေါင်းများစွာ ကြာအောင် ရုရှား ကျောထောက်နောက်ခံ ခွဲထွက်ရေး သမားများနှင့် ယူကရိန်းစစ်တပ်ဟာ နိုင်ငံ အရှေ့ဘက် နယ်စပ်တလျှောက် (ခရိုင်းမီးယားအပြင် အခြားသောနေရာ) တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။
မကြာသေးမီကပဲ စက်ကလေးများနှင့် လောင်ချာများ အသုံးပြုပြီး နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံတကာ သံတမန်များက တိုက်ပွဲများဟာ ပူတင်ကို ကျူးကျော်ဖို့ အကြောင်းပြချက် ပေးမှာကို စိုးရိမ်နေကြပါတယ်။
ရုရှား၏ နည်းဗျူဟာများဟာ အင်အားအတွက်သာ အကန့်အသတ် မရှိတာ မဟုတ်ပါဘူး။
ယူကရိန်း၏ ၂၀၁၄ ခုနှစ် တော်လှန်ရေးကို ဖက်ဆစ်အာဏာသိမ်းမှုဟု လွဲမှားစွာ တံဆိပ်ကပ်ပြီး ယူကရိန်း အစိုးရ၊ စစ်ဘက်နှင့် အာဏာစနစ်များကို ဆိုင်ဘာတိုက်ခိုက်မှုများ ပြုလုပ်ကာ မဟုတ်မမှန် သတင်းပေး လှုံ့ဆော်မှုတွေကိုလည်း ရုရှားက လုပ်ဆောင်ခဲ့ပါတယ်။
ဒီလို လုပ်ဆောင်မှုများဟာ ယူကရိန်းအပေါ် ရုရှားမှ အပြစ်ဖို့ခဲ့သည့် ဒေါ်နယ်ထရမ့်၏ ၂၀၁၆ ခုနှစ် စည်းရုံးရေးကို ကူညီခဲ့သည့် ပူတင်၏ ဝင်ရောက်စွက်ဖက်မှုကို အမှတ်ရစေပါတယ်။
Atlantic မဂ္ဂဇင်းတွင် Anne Applebaum မှ ဘီလာရုစ်ရှိ အာဏာရှင်တဦးကို ထောက်ခံဖို့အတွက် ပူတင်နှင့် ၎င်း၏ မဟာမိတ်များဟာ မမှန်မကန် သတင်းများကို မည်သို့ အသုံးပြုနေကြောင်းကို ရှင်းပြထားပါတယ်။
“သူတို့က ဒီမိုကရေစီကမ္ဘာကို ပြိုပျက်စေပြီး သက်ဦးဆံပိုင် ကမ္ဘာကို ခိုင်မြဲစေဖို့ အတွက် ကြိုးပမ်း နေကြပါတယ်” လို့ Anne Applebaum က မကြာသေးမီက NPR နှင့် အင်တာဗျူးတခုတွင် ပြောကြားခဲ့ပါတယ်။
ရုရှားတပ်တွေ မကျူးကျော်ဘူး ဆိုရင်တောင်မှ ယူကရိန်းကနေ အနောက်ဥရောပကို ကျောခိုင်းဖို့ အမေရိကန်နဲ့ အနောက်ဥရောပကို ခြိမ်းခြောက်နိုင်မှာ ဖြစ်ပြီး ပူတင်အနေဖြင့် ထိပ်တိုက် ရင်ဆိုင်မှုကနေ အမြတ်ရနိုင်ပါတယ်။

ပူတင်ဟာ ယူကရိန်းနိုင်ငံဆိုင်ရာ နိုင်ငံစုံ သံတမန် ဆက်ဆံရေးကို ပယ်ချခဲ့ပြီး အမေရိကန်နှင့် တဦးချင်း စကားပြောဆိုမှုများတွင် “စစ်အေးခေတ် ပုံစံ စာချုပ်ကို လိုလားသည်” ဟု The Times ၏ မော်စကိုဗျူရို အကြီးအကဲ Anton Troianovski က ပြောကြားခဲ့ပါတယ်။
သို့ပေမယ့် ယူကရိန်းနှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ရပ်တန့်စေမည့် NATO အဖွဲ့မှု ကတိပြုမှု အပါအဝင် ပူတင်၏ တောင်းဆိုချက်များဟာ အမေရိကန် သမ္မတ ဘိုင်ဒင်အတွက် အလွန်ကို ကြီးမားလွန်းလှပါတယ်။
ဒါပေမယ့် စာချုပ်တခုထက် ပိုများတာကတော့ ထပ်တိုက်ရင်ဆိုင်မှုနှင့် သံခင်းတမန်ခင်းတို့ ပေါင်းစပ်မှုပဲ ဖြစ်ပါတယ်။
အမေရိကန်၏ အရှိန်အဝါ သက်ရောက်နိုင်မှု
ယူကရိန်း စစ်တပ်ဟာ ရုရှားကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။
ဒါ့အပြင် ဘိုင်ဒင်နှင့် အမေရိကန် နိုင်ငံသားများဟာ နိုင်ငံခြားစစ်ပွဲများကြောင့် ငြီးငွေ့လာတဲ့အတွက် အမေရိကန်စစ်တပ်ရဲ့ အပြည့်အဝ တုန့်ပြန်မှုဟာ သံသယဖြစ်စရာ ရှိပါတယ်။
ဒါပေမယ့် ဘိုင်ဒင်မှာ ရွေးချယ်စရာတွေတော့ ရှိနေဆဲပါ။
အကြောင်းကတော့ အမေရိကန်ဟာ ယူကရိန်းကို ၎င်း၏ စစ်ရေးပံ့ပိုးမှုတွေကို တိုးမြှင့်ပေးနိုင်တဲ့အတွက် ရုရှားမှ ကျူးကျော်လာပါက ကုန်ကျစရိတ်ပိုမို များပြားစေပြီး ပေးဆပ်ရမှာတွေ အကြီးအကျယ် ရှိနိုင်မယ့် အလားအလာ ရှိပါတယ်။ (အမေရိကန်ဟာ ထိုင်ဝမ်ကိုလည်း အလားတူ ဗျူဟာ အသုံးပြုထားပါတယ်။)
ပူတင်နှင့် တွေ့ဆုံစဉ်က ပြောကြားထားသည့်အတိုင်း ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုများဖြင့်လည်း ခြိမ်းခြောက်နိုင်တယ်လို့ သမ္မတ၏ အမျိုးသား လုံခြုံရေးအကြံပေး ဖြစ်တဲ့ Jake Sullivan က ပြောပါတယ်။
“ရုရှားက ယူကရိန်းကို နောက်ထပ် ကျူးကျော်လာရင် အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေက ပြင်းထန်တဲ့ စီးပွားရေး အစီအမံတွေနဲ့ တုံ့ပြန်မယ်လို့ သမ္မတ ပူတင်ကို တိုက်ရိုက်ပြောခဲ့တယ်” လို့ Sullivan က သတင်းထောက်များအား ပြောကြားခဲ့တာပါ။
အကယ်၍ ရုရှားက ယူကရိန်းကို တိုက်ခိုက်ပါက ၂၀၁၄ ခုနှစ် ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းယူမှုထက် အမေရိကန်က ပိုမို ပြင်းထန်စွာ တုံ့ပြန်သွားမည်လို့ တွေ့ဆုံမှုမှာ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ဒဏ်ခတ် ပိတ်ဆို့မှုတွေက ပူတင်ကို ဟန့်တားဖို့ မလုံလောက် နိုင်ပါဘူး။

Applebaum ထောက်ပြခဲ့သည့်အတိုင်း မကြာသေးမီ နှစ်များအတွင်း အာဏာရှင်များဟာ တရုတ်အပါအဝင် အခြား အာဏာရှင် စီးပွားရေး အကူအညီဖြင့် တစိတ်တပိုင်းအားဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ကြံ့ကြံ့ခံနိုင်နေခဲ့ပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ သက်ဦးဆံပိုင်စနစ် ဖြစ်တဲ့ Autocracy စနစ် ပြန်လည် ခေါင်းထောင်လာတဲ့ အမှန်တရားတခုကို ပြသနေတာ ဖြစ်ပါတယ်။
NYTimes မှ David Leonhardt ရေးသားသည့် “Ukraine, Explained” ဆိုသည့် ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။