ယူကရိန်းမှ အမေရိကန်လုပ် Javelin တင့်ဖျက်ဒုံးကျည်များဖြင့် လေ့ကျင့်ခဲ့သည့် အကြောင်း

Military News

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ယူကရိန်းဟာ အဆိုပါ ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွင် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ယူကရိန်းစစ်တပ်ဟာ အမေရိကန်လုပ် Javelin တင့်ဖျက် ဒုံးကျည်များဖြင့် တိုက်ခိုက်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယူကရိန်း ရုပ်သံလိုင်းတခုဖြစ်တဲ့ Dom က ဒီဇင်ဘာ ၂၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

North Atlantic Treaty Organization (NATO) အဖွဲ့တွင် ပါဝင်ဖို့ ကြိုးပမ်းနေသည့် ယူကရိန်းဟာ ၂၀၁၈ ခုနှစ်မစတင်ပြီး အမေရိကန်မှ လက်နက်ခဲယမ်းများနှင့် Javelin ဒုံးကျည်များကို ဆက်တိုက် လက်ခံရရှိခဲ့ပြီး မော်စကို၏ ဝေဖန်မှုများဟာ မြင့်တက်လာခဲ့ပါတယ်။

ယူကရိန်းဟာ ရုရှားအနေဖြင့် ထိုးစစ်ဆင်ဖို့အတွက် နယ်စပ်တလျှောက်တွင် စစ်သည် သိန်းချီ တပ်ဖြန့်ထားတယ်လို့ စွပ်စွဲထားပြီး ပဋိပက္ခဖြစ်နေတဲ့ ယူကရိန်း အရှေ့ပိုင်း Donbass ဒေသ မှစပြီး အိမ်နီးချင်းနိုင်ငံ အကြား စစ်ပွဲတွေ ဖြစ်မှာကို စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

Image: Courtesy of Google Maps

ရုရှားကတော့ အဆိုပါ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ၎င်းအနေဖြင့် မည်သည့် တိုက်ခိုက်မှုကိုမှ စီစဉ်ထားခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။

သို့ပေမယ့် အမေရိကန်နှင့် ယူကရိန်းတို့ဟာ မတည်မငြိမ် ဖြစ်စေတဲ့ အပြုအမူတွေ ပြုလုပ် နေတယ်လို့ ၎င်းက ပြန်လည် စွပ်စွဲထားပြီး NATO ၏ အရှေ့ဘက်သို့ ချဲ့ထွင်လာမှုအတွက် လုံခြုံရေး အာမခံချက်များ တောင်းဆိုခဲ့ပါတယ်။

ရုရှားဟာ အဲဒီ့ အနီးတဝိုက်မှာ စစ်ရေး လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့တယ်လို့ Interfax သတင်းဌာနာက ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ပင်လယ်နက် ရေတပ် တပ်ဖွဲ့ကြီးမှ Su-30 တိုက်လေယာဉ်များနှင့် Su-24 ဗုံးကြဲလေယာဉ်များဟာ ၂၀၁၄ ခုနှစ် အတွင်း ယူကရိန်းမှ ရုရှားတို့ သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယား ကျွန်းဆွယ်တွင် ဝေဟင်ဆီဖြည့်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“လေကြောင်း ပျံသန်းမှုတွေကို ခရိုင်းမီးယား ကောင်းကင်ယံမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ Interfax သတင်းဌာနက ရုရှားနိုင်ငံ၏ ပင်လယ်နက် ရေတပ်တပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီ့လေ့ကျင့်မှုတွင် လေယာဉ်မှူး ၂၀ ခန့်ကာ အမြင့် မီတာ ၂ ထောင်မှ ၆ ထောင် အကြား တနာရီ ၆၀၀ ကီလိုမီတာ အမြန်နှုန်းလောက်ဖြင့် ဝေဟင် လောင်စာဆီဖြည့်တင်းခြင်း အပါအဝင် ရှုပ်ထွေးတဲ့ ပျံသန်းလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ပါတယ်။

ယူကရိန်း ထိပ်တန်း လုံခြုံရေး အရာရှိ ဖြစ်တဲ့ Oleksiy Danilov မှ ရုရှားတပ်ဖွဲ့ဝင် ၁၂၂,၀၀၀ လောက်ဟာ ယူကရိန်းနယ်စပ်နှင့် ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) လောက်သာ ကွာဝေးတော့တယ်လို့ ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Danilov မှ လွန်ခဲ့ တပတ်လောက်က Reauters သတင်းဌာနကို “ရုရှားအနေဖြင့် ထိုးစစ်ဆင်မယ့် အခြေအနေမျိုးမှာ အခြေအနေကို ထိန်းထားနိုင်ဖို့အတွက် စစ်သည် အနည်းဆုံး ၅ သိန်းမှ ၆ သိန်းလောက် အထိ လိုအပ်လိမ့်မယ်” လို့ ပြောဖူးပါတယ်။

ဒါ့အပြင် ၎င်းမှ ဆက်ပြီး ရုရှားအနေဖြင့် တပ်ဖြန့်သည့် အရေအတွက်ကို လျှင်လျှင်မြန်မြန် ဆောင်ရွက်နိုင်ပေမယ့် ထိုးစစ်အတွက် နယ်စပ်ကို လုံလောက်တဲ့ အင်အား ရောက်လာဖို့ ၂၄ နာရီထက်တော့ ပိုကြာတဲ့ အချိန်တော့ လိုအပ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်းဟာ အနောက်နိုင်ငံ မဟာမိတ်များနှင့် ရုရှား အကြား ညှိနှိုင်း ဆွေးနွေးပွဲများကို အာရုံစိုက်ထားပြီး ပြင်သစ်၊ ဂျာမနီ၊ ရုရှား နှင့် ယူကရိန်း တို့မှ ကိုယ်စားလှယ်များပါဝင်မယ့် နော်မန်ဒီပုံစံ စေ့စပ်ညှိုနှိုင်းမှုများ ပြုလုပ်ရန် တိုက်တွန်းထားပါတယ်။

နော်မန်ဒီပုံစံဖြင့် ဖြစ်စေ၊ ရုရှား-NATO ကောင်စီတွင် ပြောဆို ဆွေးနွေးမှု များမှ ဖြစ်စေ မော်စကိုနှင့် တွေ့ဆုံ ဆွေးနွေးရေးဟာ လိုအပ်တယ်လို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ Annalena Baerbock က ဒီဇင်ဘာ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *