ယူကရိန်း၏ ဝှက်ဖဲ သို့မဟုတ် Punisher ဒရုန်း အကြောင်း

Knowledge Military

လက်ရှိ ရုရှား၏ ကျူးကျော်စစ်ကို ခုခံနေတဲ့ ယူကရိန်း စစ်တပ်ဟာ တူရကီနိုင်ငံလုပ် Bayraktar TB2 ဒရုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ လူသိများပါတယ်။

ဒါပေမယ့် ယူကရိန်းစစ်တပ်ဟာ အပြောင်းအလဲ ဖြစ်စေမယ့် ဒရုန်းအမျိုးအစား နောက်တမျိုးကိုလည်း အသုံးပြုနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ့ဒရုန်းဟာ လက်နက်ခဲယမ်း ၃ ကီလိုဂရမ်လောက် တင်ဆောင်နိုင်ပြီး ရန်သူ့နောက်ပိုင်း မိုင် ၃၀ အကွာလောက် အထိ တိုက်ခိုက်နိုင်စွမ်း ရှိတယ်လို့ Times of London သတင်းဌာန အဆိုအရ သိရပါတယ်။

ယူကရိန်း ဒရုန်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် UA-Dynamics နှင့် အင်ဂျင်နီယာ တယောက်ဖြစ်တဲ့ Eugene Bulatsev တို့ဟာ “Punisher” လို့ခေါ်တဲ့ ဒရုန်းကို ဖန်တီးထားပါတယ်။

Image: Courtesy of DOUG SEEBURG Via The Sun

အဆိုပါ ဒရုန်းဟာ ရုရှားတို့ စတင် ကျူးကျော်လာကတည်းက ယခုအချိန်အထိ စစ်ဆင်ရေး ၆၀ လောက်အထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဒရုန်းဟာ အရပ်သားတွေကို မထိခိုက်စေဘဲ ဝေးကွာတဲ့အကွာအဝေးမှ ရန်သူကို ထိုးနှက်ဖို့အတွက် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းတခု ဖြစ်တယ်” လို့ Bulatsev က ပြောပါတယ်။

အဆိုပါ ဒရုန်းဟာ အမြင့်ပေ ၁,၃၀၀ လောက်မှာ နာရီနှင့်ချီကြာအောင် ပျံသန်းနိုင်ပြီး တောင်ပံ အကျယ်ဟာ ၇ ပေခွဲ သာသာပဲ ရှိပါတယ်။

စစ်ဆင်ရေး ဆောင်ရွက်နိုင်ဖို့ မြေပုံညွှန်း ထည့်သွင်းထားရုံနှင့် အလိုအလျှောက် တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

Punisher ဒရုန်းတွေနဲ့ မတိုက်ခိုက်ခင်မှာ ရန်သူ့အချက်အလက်များကို ထောက်လှမ်းနိုင်ဖို့အတွက် Spectre လို့ခေါ်တဲ့ ကင်း ထောက် ဒရုန်းကို အသုံးပြုပါတယ်။

၂၀၁၄ ခုနှစ် ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ စတင်လာပြီးနောက်မှာ စစ်မှုထမ်းဟောင်း အချို့ဟာ ဒရုန်းတွေ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်တဲ့ UA-Dynamics ကို တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ Harretz မှ လွန်ခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။

Image: Courtesy of DOUG SEEBURG Via The Sun

“ကုမ္ပဏီဝန်ထမ်းတွေရဲ့ ၄ ပုံ ၃ ပုံလောက်က စစ်မှုထမ်းဟောင်းတွေဖြစ်ပြီး ၎င်းတို့ဟာ ရန်သူ့ နယ်မြေထဲမှာ အထူး စစ်ဆင် ရေးတွေ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပြီး ဖြစ်ပါတယ်” လို့ ဈေးကွက်ရှာဖွေရေး ကျွမ်းကျင်သူ Maxim Subbotin က ပြောခဲ့တာပါ။

ဒရုန်းဟာ ရွေ့လျားပစ်မှတ်များ မဟုတ်သည့် လောင်စာဆီနှင့် လက်နက်ခဲယမ်း သိုလှောင်ရုံများ၊ အီလက်ထရွန်းနစ် တန်ပြန် စစ်ဆင်ရေး စခန်းများ နှင့် လေကြောင်းကာကွယ်ရေး စနစ်များကို အဓိကထား တိုက်ခိုက်နိုင်ပါတယ်။

ဒါလိုထောက်ပံ့ရေးအတွက် မရှိမဖြစ် ဖြစ်တဲ့ သိုလှောင်ရုံတွေကိုလည်း ရှင်းလင်းနိုင်တဲ့အတွက် ရုရှားတပ်များ ထောက်ပံ့ ရေးပြဿနာ အချို့ ရှိနေသည်မှာ ယခု ဒရုန်းများနှင့် တစိတ်တပိုင်း သက်ဆိုင်နေမှာ အသေအချာပါပဲ။

ယူကရိန်း စစ်တပ်၏ မတူညီတဲ့ တပ်ဖွဲ့များစွာဟာ ဒရုန်းတွေကို အသုံးပြုနေပေမယ့် အရေအတွက်နှင့် Punisher ဒရုန်းများ အခြေစိုက်ရာ နေရာတွေကိုတော့ လျှို့ဝှက်ထားပါတယ်။

Image: Courtesy of DOUG SEEBURG Via The Sun

ဒါ့အပြင် ဒရုန်းဟာ အလွန်သေးငယ်ပြီး ပေါ့ပါးတဲ့အတွက် ပျောက်ကြားစစ်နှင့် သင့်တော်ပြီး ရေဒါမှ မြင်တွေ့နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။

“ဒါ့အပြင်၊ တကြိမ်တွင် ဗုံး ၃ လုံးအထိ အသုံးပြုနိုင်သလို သီးခြား ပစ်မှတ် ၃ ခုကို တိုက်ခိုက်ပြီး မိနစ်ပိုင်းအတွင်း အခြေစိုက်စခန်းသို့ ပြန်လာကာ ထပ်မံ လက်နက်ဖြည့်တင်းပြီး တိုက်ပွဲပြန်ဝင်နိုင်တယ်” လို့ Bulatsev က The Sun သို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ အလွန်ပါးနပ်သည့် အစီအစဉ်များဖြင့် ရုရှား၏ ထိုးစစ်ကို တစိတ်တပိုင်း ရပ်တန့်နိုင်စေခဲ့တယ် လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဖြစ်တဲ့ Ben Wallace က Sky News သို့ ပြောကြားခဲ့ပါသေးတယ်။

အဆိုပါ ဒရုန်းငယ်များနှင့်အတူ ယူကရိန်းဟာ တူရကီ၏ နာမည်ကျော် Bayraktar TB2 ဒရုန်း ၂၀ လောက်ကို အသုံးပြုနေပါတယ်။

ရုရှားမှ ယူကရိန်း၏ လေကြောင်းကာကွယ်ရေး စနစ်များကို အလျှင်အမြန် သုတ်သင်ပစ်လိုက်မယ်လို့ မျှော်လင့်ထားကြပေမယ့် မကြာသေးမီအချိန်အထိ ရုရှားဟာ တိုက်လေယာဉ်များ နှင့် ရဟတ်ယာဉ်များကို ဆက်တိုက် ဆုံးရှုံးနေရဆဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *