အထိန်းအကွပ်မဲ့ ကျဆင်းလာနေသည့် တရုတ်၏ မကြာသေးခင်က လွှတ်တင်ခဲ့သည့် ဒုံးပျံ အစိတ်အပိုင်း

News Science

နိုင်ငံများနှင့် ပုဂ္ဂလိကကုမ္ပဏီများကြောင့် အာကာသထဲသို့ အမှိုက်များ စုပုံ တွန်းပို့လာတာနှင့် အမျှ အထူးသဖြင့် အာကာသထဲတွင် ကျန်ရှိနေသော အရာများကို စီမံခန့်ခွဲသည့် ဥပဒေ မူဘောင် မရှိသောကြောင့် ဘေးကင်းရေး လိုအပ်ချက်များ လို အပ် လာပါတယ်။

ယခုလည်း အလေးချိန် ၂၁ တန်လောက် ရှိသည့် တရုတ်ဒုံးပျံ တစင်းဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်ဖြင့် ကမ္ဘာမြေ ပေါ်သို့ ပြန်လည် ကျဆင်းတော့မှာပါ။

ဘယ်အချိန်မှာ ဘယ်နေရာကို ကျဆင်းမယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်သေးဘဲ မီတာ ၃၀ လောက် ရှည်လျားတဲ့ သတ္တု အပိုင်းအစများဟာ ကမ္ဘာပေါ်ရှိ မည်သည့် နေရာမဆို ကျရောက်နိုင်ကြောင်း နက္ခတဗေဒ ပညာရှင်များက သတိပေးထားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးများရဲ့ အာကာသ ကုမ္ပဏီကြီးများ တိုးတက် တီထွင်လာတာနှင့် အမျှ အာကာသအတွင်း အမှိုက်သရိုက်များ တိုးပွားလာနေသည့် ခြိမ်းခြောက်မှုဟာ လာမည့် ဆယ်စုနှစ်အတွင်း ၁၀ ဦးတွင် ၁ ဦး အထိ အဖိတ်အစင် ရှိနိုင်ကြောင်း လေ့လာမှု တခုတွင် ဖော်ပြထားပါတယ်။

ဒီအကြောင်းကို “၁၀ ဦးမှာ ၁ ဦး အဖိတ်အစင် ရှိတဲ့ အထိ ဖြစ်လာနိုင်သည့် ကောင်းကင်မှ အာကာသ အမှိုက်များ အန္တရာယ်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

ဒုံးပျံတစင်း ပစ်လွှတ်နေစဉ်

ယခု ပြန်လည် ပြုတ်ကျလာတဲ့ အစိတ်အပိုင်းဟာ မကြာသေးမီက လွှတ်တင်ထားတဲ့ Wentian တရုတ် အာကာသစခန်း၏ မော်ကျူး တခု တပ်ဆင်ဖို့အတွက် လွှတ်တင်လိုက်တဲ့ ရော့ကတ်မှ ပြန်လည်ကျဆင်းလာတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

မော်ကျူးကို အာကာသစခန်းတွင် အောင်မြင်စွာ ချိတ်ဆက်နိုင်ပေမယ့် ရော့ကတ်ပစ်လွှတ် စနစ်ကတော့ ပြန်လည် ပြုတ်ကျလာခဲ့တာပါ။

ထိုအရာဟာ လက်ရှိ ကမ္ဘာမြေအထက် “မထိန်းချုပ်နိုင်တဲ့” ပတ်လမ်း တနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

နက္ခတ္တဗေဒပညာရှင် Jonathan McDowell ကတော့ ဒုံးပျံ အစိတ်အပိုင်းဟာ ပတ်လမ်းထဲမှာ ရှိနေပြီး မည်သည့် အချိန်တွင် ပြန်လည်ကျရောက်လာမယ်ဆိုတာ မည်သူမှ မခန့်မှန်းနိုင်ဘူးလို့ ပြောပါတယ်။

ဒေါက်တာ McDowell က “ကံမကောင်းစွာနဲ့ ဘယ်အချိန် ဘယ်နေရာလဲ ဆိုတာကို ခန့်မှန်းလို့ မရပါဘူး”

“ဒီလိုကြီးမားတဲ့ ဒုံးပျံ အပိုင်းကြီးကို ကမ္ဘာပေါ်ကို အထိန်းအကွပ်မဲ့ ပြန်လည် ဝင်ရောက်ဖို့အတွက် ပတ်လမ်းထဲမှာ မထားခဲ့သင့်ပါဘူး။

“အများပြည်သူအတွက် အန္တရာယ်တော့ မကြီးမားပေမယ့် ကျွန်တော်တို့ သက်တောင့်သက်သာ ဖြစ်စေမယ့် အနေအထားထက်တော့ ပိုပြီး ကြီးမားပါတယ်” လို့ Gizmodo သတင်းဌာနနှင့် အင်တာဗျူးတွင် ရှင်းပြပါတယ်။

McDowell ကို Twitter တွင် ကမ္ဘာမြေပေါ်သို့ ပြန်လည်ဝင်ရောက်ဖို့ အတွက် အချိန်သတ်မှတ်ရန် စောလွန်းသေး သလားလို့ မေးမြန်းတဲ့ အခါမှာတော့

၎င်းက “ဟုတ်ပါတယ်။ အကြံဥာဏ်တခုရဖို့ ပတ်လမ်း တိုင်းတာမှု အနည်းငယ် လိုအပ်နေပါသေးတယ်” လို့ ရှင်းပြပါတယ်။

မအောင်မြင်သည့် ဒုံးပျံ တစင်း

၎င်းက ဆက်ပြီး” ဒါဟာ ပတ်လမ်းထဲမှာပဲ လောင်ကျွမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် အရင်က အတွေ့အကြုံအရတော့ မီတာ ၃၀ လောက် ရှည်တဲ့ သတ္တု အပိုင်းအစတွေ တနာရီကို ကီလိုမီတာ ရာဂဏန်းနဲ့ မြေပြင်အထိ ရောက်လာတာကို တွေ့ဖူးပါတယ်။” လို့ ပြောပါတယ်။

ဒုံးပျံ အပျက်အစီး အများစုဟာ ကြီးမားတဲ့ သမုဒ္ဒရာများ အတွင်းသို့ သက်ဆင်းကြတာ ဖြစ်ပေမယ့် ကုန်းမြေပေါ်ရှိ လူအများ နေထိုင်ရာ နေရာများသို့ ကျရောက်နိုင်သည့် အနေအထားတော့ ရှိနေပါသေးတယ်။

မည်သို့ပင် ဆိုစေကာမူ မည်သည့်အချိန် မည်သည့် နေရာတွင် ကျဆင်းမည်ဆိုတာ မသိရှိရသည့်အတွက် သမုဒ္ဒရာအတွင်းသို့ ကျဆင်းသည့်တိုင် ရေပြင်တွင် သွားလာနေသည့် သင်္ဘောများအတွက်တော့ အန္တရာယ် ရှိပါသေးတယ်။

ယခု ဒုံးပျံဟာ တရုတ်နိုင်ငံ၏ မထိန်းချုပ်ဘဲ ပြန်လည် ဆင်းသက်စေတဲ့ တတိယမြောက် ရော့ကတ် ဖြစ်ပါတယ်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ အတွင်းက Long March-5B ဒုံးပျံဟာ ကမ္ဘာ့ ပတ်လမ်းကြောင်းသို့ အရှိန် ပြင်းပြင်းဖြင့် ဝင်ရောက်လာကာ နောက်ဆုံးတွင် မော်လ်ဒိုက်အနီး အိန္ဒိယ သမုဒ္ဒရာ အတွင်းသို့ ကျဆင်းသွားချိန်တွင် တရုတ်နိုင်ငံဟာ ပြင်း ပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

ထိုဖြစ်စဉ်တွင် ထိခိုက်မှုတွေ မရှိခဲ့ပေမယ့် လူနေထူထပ်သည့် နေရာသို့ ကျရောက်ခဲ့ပါက အခြေအနေဟာ မတွေးဝံ့စရာ အ နေအထား ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.