သမုဒ္ဒရာ ကြမ်းပြင် မြေပြင်ဆွဲဖို့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတခုဟာ ကမ္ဘာကြီးကို ၎င်းတို့၏ မြေပုံအား အခမဲ့ အသုံးပြုခွင့် ပေးသွားမယ်လို့ ဆိုထားပါတယ်။
ဒီနှစ် ဇန်နဝါရီလထဲတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ် အေဂျင်စီများကို ကာဗွန်ညစ်ညမ်းမှု ကင်းစင်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ညွှန်ကြားခဲ့ပါတယ်။
အခုတော့ စွမ်းအင်၊ ပြည်ထဲရေးနှင့် ကုန်သွယ်မှု ဝန်ကြီးဌာနများမှ ကမ်းလွန် လေအား လျှပ်စစ် ထုတ်လုပ်ရေးအတွက် စိတ်ချပြီး ကုန်ကျစရိတ် သက်သာမည့် နေရာကို အသည်းအသန် ရှာဖွေနေကြပါတယ်။
အဆိုပါ လေအား လျှပ်စစ် ထုတ်လုပ်ရေးမှ လျှပ်စစ် ဓာတ်အား 30 gigawatts (GW) လောက် ဒီ ဆယ်စုနှစ်ကုန်မှာ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် မှ Bedrock ကုမ္ပဏီဟာ ပင်လယ်ထဲတွင် လေအား လျှပ်စစ်ထုတ်ရေး နေရာရှာဖွေမှု အတွက် ဆန်းသစ်တဲ့ အခြေတခုကို တွေ့ရှိခဲ့ပါတယ်။
အဲဒါကတော့ သမုဒ္ဒရာ ကြမ်းပြင်ကို လျှပ်စစ်စွမ်းအင်သုံး အလိုအလျှောက်စနစ်ပါ ရေအောက်သွား ယာဉ် (e-AUV) များကို အသုံးပြုပြီး ပင်လယ်ကြမ်းပြင်ကို မြေပုံဆွဲတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
ဒီနည်းပညာဟာ ကျွန်တော်တို့ ယခင်ကလည်း မြင်ဖူးတဲ့အတွက် အကျွမ်းတဝင်တော့ ရှိကြမှာပါ။ တက္ကဆက်ပြည်နယ် အော်စတင်မြို့ အခြေစိုက် Terradepth ကုမ္ပဏီ မှ Abraham အမည်ရှိ အလိုအလျှောက် ရေအောက်သွားယာဉ်ကို စေလွှတ်နိုင်ကြောင်း အစီရင်ခံခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ Terradepth ဟာ Abraham ၏ ကနဦးစမ်းသပ်မှုများကို ပြောပြရာတွင် “ကုမ္ပဏီ၏ လူမပါတဲ့ ရေငုပ်သင်္ဘောငယ်ဟာ ရေအောက် အချက်အလက်တွေ စုဆောင်းတာ၊ အချက်အလက်တွေကို စီမံတာ၊ အရေးကြီးသည်အရာများကို နားလည်နိုင်တာနှင့်
အလိုအလျှောက် လုပ်ငန်းတာဝန် ပြန်လည်လုပ်ဆောင်တာတွေကို လူအကူအညီမပါပဲ လုပ်ဆောင်နိုင်ကြောင်း ပြသပြီးပါပြီ” လို့ ဆိုပါတယ်။
Bedrock ၏ ပူးတွဲတည်ဆောင်သူနှင့် CEO ဖြစ်တဲ့ Anthony DiMare မှ CNBC နှင့် အင်တာဗျူးတခုတွင် ၎င်းတို့၏ နည်းပညာက အထက်ပါ နည်းပညာနှင့် ဆင်တူကြောင်း ပြောပြခဲ့ပါတယ်။
၎င်း၏ ရေငုပ်သင်္ဘောငယ်ဟာ ယခင်က ပင်လယ်ပြင် တိုင်းတာသည့် အဖွဲ့များ အသုံးပြုသည့် သင်္ဘောကြီးများ၊ လေးလံသည့် အသံလှိုင်းရှာ ကိရိယာများ၊ ကုန်ကျစရိတ်ကြီးမားမှုများ နှင့် နှစ်ချီကြာသည့် အချိန်ယူမှုများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ့အစား ကုမ္ပဏီ၏ အသေးစား လျှပ်စစ်ဓာတ်အားသုံး ရေငုပ်သင်္ဘောလေးကတော့ ပိုမိုပေါ့ပါးတဲ့ အသံလှိုင်းရှာ ကိရိယာ နှင့် တခြား အာရုံခံကိရိယာများကို တပ်ဆင်ကာ ကွန်ပျူတာမှ ချက်ချင်းအသုံးပြုနိုင်တဲ့ cloud ကိုအခြေခံတဲ့ ဝန်ဆောင်မှုကို အသုံးပြုပြီး အချက် အလက်တွေကို စုဆောင်းပြီး ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Bedrock ၏ ရေငုပ်သင်္ဘောဟာ ကုန်ကျစရိတ်သက်သာစေရန် lithium-ion ဘက်ထရီများကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ့ ဘက်ထရီကြောင့် တစုံတရာ အခက်အခဲ မရှိစေပဲ ရေအောက် တိုင်းတာမှုများကို အနက် ၉၈၅ ပေခန့်အထိ ဆင်းသက် လုပ် ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ ရေငုပ်သင်္ဘောဟာ ကမ်းလွန် လေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် သင့်တော်တဲ့ နေရာရှာပေးခြင်း အတွက် သပ်သပ်တော့ မဟုတ်ပါဘူး။ ဒီ့ထက်ပိုပြီး မြင့်မားတဲ့ ပန်းတိုင်တခု ရှိပါသေးတယ်။
အဲဒါကတော့ သမုဒ္ဒရာ ကြမ်းပြင် ကို လက်ရှိ အကောင်းဆုံး မြေပုံများထက် အဆ ၅၀ ကောင်းတဲ့ မြေပုံအဖြစ်ဖြင့် ကမ္ဘာပေါ်ရှိ လူများအားလုံးကို အခမဲ့ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။