သုတေသန အသစ်တခု အရ အန္တာတိက ရေခဲပြင်ကြီးအောက်တွင် ပြင်သစ်နှင့် ဂျာမနီ နှစ်နိုင်ငံ ပေါင်းစာလောက် ရေတွေ စီးဆင်းနေတဲ့ မြစ်ကြီး တစင်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ထိုမြစ်ကြီးဟာ ထင်မှတ်မထားလောက်အောင် ရှည်လျှားပြီး အင်္ဂလန်နိုင်ငံ၏ သိမ်းမြစ်ထက်တောင် ပိုမို ရှည်လျှားတယ်လို့ သိရပါတယ်။
ယခုလို ရေခဲပြင်အောက်မှာ စီးဆင်းနေတဲ့ မြစ်ကြီးကို သုတေသီများက ရေခဲပြင်ကို ဖောက်ထွင်းမြင်နိုင်တဲ့ ရေဒါများကို အသုံးပြုပြီး တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ထိုမြစ်ဟာ Weddell ပင်လယ်ထဲသို့ စီးဆင်းနေပြီး အရှည်အားဖြင့် ၂၈၅ မိုင် (၄၆၀ ကီလိုမီတာ) လောက် ရှိပါတယ်။
“ကျွန်တော်တို့ဟာ အန္တာတိက ရေခဲပြင်အောက်မှာ ရှိတဲ့ ရေကန်ကြီးများကို လွန်ခဲ့သည့် ဆယ်စုနှစ်များက ရှာဖွေတွေ့ရှိခဲ့တုန်းက တခုနှင့် တခု ဆက်စပ်မနေလောက်ဘူး လို့ ထင်ခဲ့တာပါ” လို့
လေ့လာမှု စာတမ်းကို ပူးတွဲ ပြုစုသူ တော်ဝင် လန်ဒန် ကောလိပ် Grantham Institute မှ ရေခဲပြင် ဆိုင်ရာ ကျွမ်းကျင်သူ Martin Siegert က ပြောပါတယ်။
“အခုတော့ ကျွန်တော်တို့ဟာ အတွင်းပိုင်းမှာ ချိတ်ဆက်ထားတဲ့ မြစ်များရဲ့ ကွန်ယက်စနစ်ကြီး တခုလုံးကို နားလည်နိုင်ဖို့ စတင်လေ့လာနေပါပြီ” လို့ ၎င်းက ဆိုပါတယ်။

Image: Courtesy of C.F. Dow, et al. Nature Geoscience 2022
ရေခဲပြင်အောက်တွင် မြစ်များ ကွန်ယက် ဖွဲ့စည်းနေတာဟာ ရေခဲပြင်အောက်ခြေအတွင်း ချောမွေ့နေမှုကို ပြသနေပါတယ်။
ရေခဲတွေ အကုန် အရည်ပျော်လာပါက ထိုဒေသ အတွင်းရှိ မြစ်များ စီးဆင်းမှုဟာ ကမ္ဘာ့ ရေမျက်နှာပြင်ကို ၁၄.၁ ပေလောက်အထိ မြင့်တက်လာစေနိုင်ဖွယ် ရှိနေပါတယ်။
ဒါပေမယ့် ထို့သို့ ပျော်ဝင်ခြင်းဟာ ချက်ချင်း ဖြစ်လာမလား မဖြစ်လာဘူးလား ဆိုတာ မသေချာဘဲ ကမ္ဘာကြီး ပူနွေးလာမှုအပေါ် ရေခဲပြင်များမှ တုန့်ပြန်မှု ဘယ်လို ဖြစ်ပေါ်လာမလဲ အပေါ် မူတည်နေပါတယ်။
“အသစ် ရှာဖွေတွေ့ရှိခဲ့တဲ့ မြစ်များ စီးဆင်းသည့် စနစ်ဟာ ဒီလုပ်ငန်းစဉ် အပေါ်မှာ အတော်ကြီး လွှမ်းမိုးမှု ရှိနေတယ်” လို့ Siegert က ပြောပါတယ်။
ထိုမြစ်စနစ်ဟာ ဖြေးညင်းစွာ စီးဆင်းနေတဲ့ ရေခဲပြင်ကြီး ၄ ခု အောက်မှာ တည်ရှိနေတာပါ။
Weddell ပင်လယ်ရှိ ရေခဲပြင်အောက်မှ ထွက်ပေါ်လာတဲ့ ထိုမြစ်ဟာ ရေခဲပြင်များကို အောက်ခြေမှ အလျှင်အမြန် အရည်ပျော် စေနိုင်ပါတယ်။
ထိုသို့ အရည်ပျော်စေခြင်းဖြင့် အောက်ခြေရှိ ရေခဲပြင်ဟာ ပိုမို ပါးလွှာသွားမှာ ဖြစ်ပြီး ထိုအရာကို လေ့လာခြင်းဖြင့် အန္တာတိက ရေခဲပြင်များ၏ အရည်ပျော်နှုန်းကို ပိုမို သိရှိလာနိုင်စေမှာ ဖြစ်ပါတယ်။
လက်ရှိ အန္တာတိကတွင် ရေခဲများ ဆက်လက် အရည်ပျော်နေပြီး မြင့်တက်လာသည့် အပူချိန်ကြောင့် Greenland ကဲ့သို့ ဖြစ် လာနေပြီလို့ သုတေသန တခုက ဖော်ပြထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 4/11/2022