ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က အမေရိကန်ဟာ ၎င်း၏ လမ်းညွှန် စနစ်သုံး သာမိုနျူကလီးယားဗုံး အမျိုးအစားဖြစ်တဲ့ B61-12 များကို အဆင့်မြှင့်တင်ခြင်း အစီအစဉ် ပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။
ဒီ အကြောင်းကို အမေရိကန် အမျိုးသား နျူကလီးယား လုံခြုံရေး စီမံခန့်ခွဲမှုဌာနမှ ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန် ကြေငြာခဲ့တာ ဖြစ်ပါတယ်။
အစီရင်ခံစာအရ B-61-12 များ၏ အဆင့်မြှင့်တင် သက်တမ်းတိုးမှု စီမံကိန်းဟာ ဒီဇိုင်းဆွဲခြင်းများ၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ၊ အရည်အချင်းပြည့်မှီရန် ဆောင်ရွက်မှုများနှင့် ပစ္စည်းများ ထုတ်လုပ်ခြင်း အပါအဝင် ၉ နှစ်ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အပြည့်အဝ အများအပြား ထုတ်လုပ်ဖို့ကတော့ လာမယ့် ၂၀၂၂ ခုနှစ် မေလ မှာ စတင် လောက်မယ်လို့ သိရပါတယ်။

ဒီစီမံကိန်းမှာ B61-12 နျူကလီးယားဗုံး အလုံးပေါင်း ၄၀၀ ထက်ပိုတဲ့ အရေအတွက်ကို ၂၀၂၆ ခုနှစ် နှစ်ကုန်လောက်မှာ ထုတ်လုပ်ပြီးစီးနိုင်မယ် လို့ လျာထားပြီး စီမံကိန်းအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံလောက် ရှိမှာ ဖြစ်ပါတယ်။
အမေရိကန် အမျိုးသား လုံခြုံရေး စီမံခန့်ခွဲ့မှု ဌာန အဆိုအရ ဒီလို အဆင့်မြှင့်တင်လိုက်မှုကြောင့် ဒီ B61-12 အမျိုးအစားများကို နောက်ထက် နှစ် ၂၀ လောက် သက်တမ်းဆွဲဆန့် နိုင်မယ်လို့ ဆိုပါတယ်။
ဒီ B61-12 အမျိုးအစားများကို အခြား နည်းဗျူဟာ အမျိုးအစား လက်နက်များ နေရမှာမှာ အစားထိုးဖွယ်ရှိပြီး ဥရောပရှိ အမေရိကန်နှင့် NATO အဖွဲ့များ၏ အခြေစိုက် စခန်းများတွင် သိမ်းဆည်းထားဖွယ်ရှိကြောင်း သိရပါတယ်။
B61-12 ဆိုတာ ဘာကြီးလဲ
ဒီလက်နက်ဟာ သာမိုနျူကလီးယား လက်နက်ဖြစ်ပြီး B61 မျိုးဆက်မှာ ဆင်းသက်လာတာ ဖြစ်ပါတယ်။
B61 ဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဓိက သာမိုနျူကလီးယား ဗုံးအမျိုးအစား ဖြစ်ပြီး စစ်အေးကာလ ကတည်းက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် အရှည် ၃.၅၆ မီတာ၊ အချင်း ၃၃ စင်တီမီတာ နှင့် စုစုပေါင်း အလေးချိန် ၃၂၀ ကီလိုဂရမ်လောက် အလေးချိန်ရှိပါတယ်။

စစ်ရေး ကျွမ်းကျင်သူများ အဆိုအရ B61 ဟာ ၎င်း၏ မျိုးကွဲများအပေါ် မူတည်ပြီး အလေးချိန်ကတော့ အပြောင်းအလဲ ရှိနိုင်တယ်လို့ သိရပါတယ်။
နောက်ဆုံး မွမ်းမံ ပြင်ဆင်ထားတဲ့ B61 အမျိုးအစား၏ မျိုးကွဲကတော့ B61 Mod 12 သို့မဟုတ် B61-12 လို့ ခေါ်ပါတယ်။
B61 Mod 12 ကို ထုတ်လုပ်ဖို့ စတင်ကာစက စမ်းသပ်မှုတခုတွင် ၎င်းဟာ မြေအောက်အထိ ကောင်းကောင်း ထိုးဖောက်နိုင်ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် B61-12 ၏ ပြင်းအားမှာ အရွယ်အစားနှင့် စာလျှင် အလွန်ကြီးမားပြီး ယမ်း တန်ချိန် ၇၃၀ ကီလိုတန်မှ ၁.၂၅ မဂ္ဂါတန်လောက် အ ထိ ရှိနိုင်ပါတယ်။
ကျွမ်းကျင်သူများကတော့ B61 Mod 12 ဟာ မြေအောက်ကို ထိုးဖောက်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ မဟုတ်ပေမယ့် မြေ ပြင် ထိုးဖောက်နိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ B61 Mod 11 များနေရမှာပါ အောင်မြင်စွာ အစားထိုးနိုင်ဖွယ်ရှိလို့ ဒါဟာ သတင်းကောင်းပါလို့ ဆိုပါတယ်။

အရင် ဗားရှင်း အဟောင်းများ ဖြစ်တဲ့ B61 Mod 11 ကတော့ ၂၀၃၀ ခုနှစ်လောက်မှာ ဖျက်သိမ်းဖို့ မျှော်လင့်ထားပါတယ်။
ယခု B61-12 သာမိုနျူကလီယား လက်နက် အသစ်များကတော့ အမေရိကန်တော့ ရဲ့ တိုက်လေယာဉ် နောက်ဆုံး မျိုးဆက်များ ဖြစ်တဲ့ F-35A နှင့် F-15EX များနှင့်အတူ တွဲဖက် အသုံးပြုတော့မှာ ဖြစ်ပါတယ်။
F-15EX ဟာ F-15 မျိုးဆက်၏ အဆင့်အမြင့်ဆုံး မျိုးကွဲဖြစ်ပြီး ယခင် F-15 များနှင့် အများကြီး ကွာခြားပါတယ်။
ဒီအကြောင်းကို “ကန်လေတပ်ရဲ့ F-15EX အသစ်တွေနဲ့ ယခင် F-15 များ၏ ကွာခြားချက်များ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။