အမေရိကန်က ထိုင်ဝမ်ကို အဆင့်မြင့် ယာဉ်တင်အမြှောက်စနစ်များ ရောင်းချလို့ တရုတ်မှ ရှုံ့ချ

Military News

အမေရိကန်မှ ထိုင်ဝမ်နိုင်ငံအတွက် ယာဉ်တင် ဟောင်ဝစ်ဇာ အမြှောက်များနှင့် GPS လမ်းညွှန် ကိရိယာများ ရောင်းချခဲ့တယ်လို့ သိရပြီး ဒါဟာ သမ္မတဘိုင်ဒင် လက်ထက်တွင် ပထမဆုံး ခွင့်ပြုမှု တခု ဖြစ်ပါတယ်။

ကာကွယ်ရေး လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DSCA) မှ ထိုင်ဝမ်နိုင်ငံဟာ ၁၅၅ မီလီမီတာ M-109A6 ယာဉ်တင် ဟောင်ဝစ်ဇာအမြောက် ၄၀ အပါအဝင် ၎င်းနှင့် ဆက်စပ် ပစ္စည်းများ၊ အထောက်အပံ့များ ကို ဝယ်ယူခဲ့ကြောင်း ဩဂုတ်လ ၄ ရက်နေ့မှာ ကြေငြာခဲ့တာပါ။

M-109 ယာဉ်တင် ဟောင်ဝစ်ဇာ

M-109A6 ဟောင်ဝစ်ဇာများအပြင် ၎င်းတို့နှင့်အတူ M992A2 လက်နက်ခဲယမ်း အထောက်အကူပြုယာဉ် အစီး ၂၀၊ M88A2 Hercules သံချပ်ကာ ပြန်လည် ပြင်ဆင်ရေးယာဉ် ၅ စီး အပါအဝင်

အဆင့်မြင့် စစ်မြေပြင် အမြောက် နည်းဗျူဟာ အချက်အလက်စနစ်၊ ရေဒီယိုများ၊ အပိုပစ္စည်းများ နှင့် အခြား ကန်ထရိုက်တာနှင့် ထောက် ပံ့ပို့ဆောင်ရေး ဆိုင်ရာ အထောက်အပံ့များပါ ပါဝင်ပါတယ်။

ပိုမို သိသာ ထင်ရှားတာကတော့ ထိုင်ဝမ်ကို ဝယ်ယူခွင့်ပြုတဲ့အထဲမှာ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်ဆံများကို ပစ်မှတ်များဆီ တိကျစွာ ပစ်နိုင်မယ့် GPS လမ်းညွှန်သုံး အမြောက်ဆံများအဖြစ် ပြောင်းလဲနိုင်မယ့် တိကျလမ်းညွှန် ကိရိယာ ၁,၆၉၈ ခု ပါဝင်လာတာပါ။

M88A2

အဆိုပါ ဝယ်ယူမှုဟာ အမေရိကန် ဒေါ်လာ သန်း ၇၅၀ ခန့် ကုန်ကျဖွယ် ရှိပါတယ်။ ဟောင်ဝစ်ဇာများနှင့် သံချပ်ကာ ပြန်လည် ပြင်ဆင်ရေးယာဉ်များအတွက် အဓိက ကန်ထရိုက်တာကတော့ BAE Systems ဖြစ်ပါတယ်။

အလာဘားမား ပြည်နယ် Bynum ရှိ Anniston Army Depot ကတော့ လက်နက်ခဲယမ်း အထောက်အကူပြုယာဉ်များအတွက် တာဝန်ယူမှာ ဖြစ်ပါတယ်။

DSCA မှ “၎င်းဟာ လက်ခံသူ၏ ယာဉ်တင် ဟောင်ဝစ်ဇာအမြောက်တပ်ဖွဲ့ အတွက် ယခုနှင့် အနာဂါတ်အတွက် ခြိမ်းခြောက်မှုများကို ရင် ဆိုင် ရန် စွမ်းရည်ကို တိုးတက်စေပါလိမ့်မယ်” လို့ ပြောပါတယ်။

ထိုင်ဝမ်ဟာလည်း ထို ကြေငြာချက်ကို ကြိုဆိုလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးမှ ဘိုင်ဒင်အစိုးရ၏ ဆုံးဖြတ်ချက်ဟာ ထိုင်ဝမ်နှင့် ဆက်ဆံရေး အက်ဥပဒေပေါ် အမေရိကန်အစိုးရ၏ ကတိကဝတ်ကို ပြသတာ ဖြစ်တယ်လို့ ပြောပါတယ်။

M992A2

ထိုင်ဝမ်ကို အသိအမှတ်မပြုဘဲ ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းမယ်လို့ ပြောထားတဲ့ တရုတ်ကတော့ ဒီ ကိစ္စကို ရှုံ့ချလိုက်ပြီး အမေရိကန်၏ ထိုင်ဝမ်ကိုရောင်းချမှုဟာ တရုတ်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေး အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

တရုတ် ပြောရေးဆိုခွင့်ရှိသူကတော့ နောက်ပိုင်းမှာ ထိုင်ဝမ်နှင့် စစ်ရေးပတ်သက်မှုများနှင့် လက်နက်ရောင်းချမှုများကို ရပ်တန့်ဖို့၊ တရုတ် အမေရိကန် ဆက်ဆံရေး၊ ထိုင်ဝမ်ရေလက်ကြား တလျှောက် တည်ငြိမ်မှုနှင့် အေးချမ်းရေးကို ထိခိုက်စေမယ့် ဒီ ရောင်းချမှုကို ချက်ချင်း ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.