ယူကရိန်းကို အမေရိကန်မှ ထပ်မံ ပေးပို့မည့် NASAMS လေကြောင်း ကာကွယ်ရေးစနစ်

Military News

အမေရိကန်ဟာ ယူကရိန်းနိုင်ငံအတွက် တာတို မှ တာလတ် အထိ ထိရောက်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် အမြောက်ရန် တန်ပြန် ရေဒါများကို ပေးပို့မည်ဟု ကြေညာခဲ့ပါတယ်။

ဒါဟာ ရုရှားတို့ အမြောက်အများ သုံးစွဲနေတဲ့ တာဝေးပစ် လက်နက်များကို တုန့်ပြန်ဖို့အတွက် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် လ ၁ ရက်နေ့က ကြေညာချက်တွင် ဖော်ပြထားခဲ့တာပါ။

ထိုလေကြောင်း ကာကွယ်ရေး စနစ်များကို National Advanced Surface-to-Air Missile System သို့မဟုတ် NASAMS လို့ ခေါ်ပါတယ်။

ထောက်ပံ့မှုတွင် အမေရိကန် ဒေါ်လာ သန်း ၇၇၀ လောက် တန်ဖိုးရှိသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်များ၊ အ မြောက်ရန် တန်ပြန်ရေဒါ ၃ ခုနှင့် ၁၅၅ မီလီမီတာ အမြောက်ဆံ ၁၅၀,၀၀၀ လောက် ပါဝင်ပါတယ်။

NASAMS ကို အမေရိကန် ကုမ္ပဏီတခု ဖြစ်တဲ့ Raytheon Technologies နှင့် နော်ဝေနိုင်ငံ အခြေစိုက် Kongsberg ကာကွယ် ရေးနှင့် လေကြောင်းနည်းပညာ ကုမ္ပဏီတို့က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Image: Courtesy of Raytheon

ထိုစနစ်များဟာ လက်ရှိ ယူကရိန်းတို့ အသုံးပြုနေတဲ့ S-300 လေကြောင်း ကာကွယ်ရေးစနစ်များနှင့် ကောင်းကောင်း ယှဉ် ပြိုင်နိုင်စွမ်း ရှိပြီး အဆင့်မြင့် နည်းပညာ သစ်များ ပါဝင်ပါတယ်။

၎င်းဟာ မြေပြင်တွင် ကွန်ယက်စနစ်ဖြင့် ချိတ်ဆက် အလုပ်လုပ်သည့် လေကြောင်းရန် ကာကွယ်ရေး စနစ် တခုလည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ အခြားနိုင်ငံလုပ် စနစ်များကို ထောက်ပံ့ရခြင်းက ယခင် ဆိုဗီယက်လုပ် စနစ်များကို ထောက်ပံ့ရခြင်းထက် ပြုပြင် ထိန်းသိမ်းမှု ပိုမို လွယ်ကူလို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

“နော်ဝေနှင့် အမေရိကန် ပူးပေါင်း ထုတ်လုပ်ထားတဲ့ ဒီ လေကြောင်း ကာကွယ်ရေး စနစ်ဟာ NATO တို့၏ စနစ်တခု ဖြစ်ပြီး ယူကရိန်းတို့ကို ဆိုဗီယက်ခေတ် စနစ်များမှ ခေတ်သစ် နည်းပညာများကို အကူးအပြောင်းကာလမှာ အရေးကြီးပါတယ်” လို့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထောက်ပံ့ရေး စာချုပ်ကို ရက်သတ္တပတ် အနည်းငယ် သို့မဟုတ် လ အနည်းငယ် အတွင်း အပြီးသတ် နိုင်ဖို့ကိုလည်း စီစဉ်ထားပြီး ယူကရိန်း စစ်တပ်ဟာ ထိုစနစ်များကို ကိုင်တွယ်ဖို့ လေ့ကျင့်ရေးများ ပြုလုပ်ရမှာ ဖြစ်တယ်လို့ အမေရိကန် အကြီးတန်း စစ်ဘက် အရာရှိတယောက်က ပြောပါတယ်။

Image: Courtesy of Raytheon

လက်ရှိ NASAMS များကို အမေရိကန် အိမ်ဖြူတော်နှင့် ပင်တဂွန် စစ်ဌာနချုပ် ကောင်းကင်ယံကို ကာကွယ်ဖို့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ဟန်ဂေရီ နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ကိုလည်း တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

အကူအညီသစ်များတွင် ပြီးခဲ့တဲ့ တပတ်က ယူကရိန်းတွင် ရောက်ရှိနေပြီဖြစ်သည့် အမြန်ရွေ့လျား အမြောက်စနစ် HMARS များအတွက် အမေရိကန် ဒေါ်လာ သန်း ၅၀ ဖိုးလောက် ရှိတဲ့ ခဲယမ်းများလည်း ပါဝင်ပါတယ်။

အမေရိကန်စစ်ဘက်မှ ယူကရိန်းဟာ ထိုစနစ်များကို အသုံးပြုပြီး ရုရှားတို့၏ ကွပ်ကဲရေး ဌာနများနှင့် အခြား ပစ်မှတ်များကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

“ယူကရိန်းတို့ဟာ စနစ်တကျနဲ့ ပစ်မှတ်တွေကို ရွေးချယ်ပြီး တိကျစွာ ချေမှုန်းနိုင်နေတာကို သင်တို့ မြင်ရမှာ ဖြစ်ပါတယ်။”

“ဒီလို တိကျတဲ့ နည်းလမ်းတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် ရုရှားတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းလာစေမှာ ဖြစ်ပါတယ်။” လို့ အမေရိကန် စစ်ဘက်မှ ပြောပါတယ်။

Image: Courtesy of Raytheon

မကြာသေးမီက ရုရှားတို့ တပ်ဆုတ်သွားသည့် မြွေကျွန်းကိစ္စကို ရှရှားဘက်မှ ချစ်ကြည်ရေး အတွက် ဆုတ်ခွာသွားတာ ဖြစ်တယ်လို့ ကြေငြာခဲ့ပေမယ့်

အမေရိကန်ကတော့ ဒီကိစ္စဟာယူကရိန်းတပ်ဖွဲများတွင် တပ်ဆင်ထားသည့် Harpoon ဒုံးကျည်များကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်လယ်နက်အတွင်းရှိ မြွေကျွန်းဆီသို့ ထောက်ပံ့ရေးပေးပို့မည့် ရုရှား သင်္ဘောများကို ယူကရိန်းတို့က Harpoon ဒုံးကျည်များဖြင့် အသုံးပြု ချေမှုန်းနိုင်ခဲ့တယ်လို့လည်း အမေရိကန်ဘက်မှ အတည်ပြုထားပါတယ်။

အမေရိကန်ဟာ ယူကရိန်းကို ရုရှားတို့ စတင် ကျူးကျော်သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်း စစ်ရေးနှင့် လေ့ကျင့်မှု အကူအညီ အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံလောက်‌ ထောက်ပံ့ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *