လပေါ်တွင် နျူကလီးယားဗုံး စမ်းသပ်ဖို့ ကြံစည် ခဲ့စဉ်က

History Knowledge

လျှို့ဝှက်အဆင့် လျှော့ချလိုက်တဲ့ စာတမ်းများအရ အမေရိကန်အစိုးရဟာ လပေါ်တွင် နျူကလီးယားဗုံး ဖောက်ခွဲဖို့ ကြံစဉ်ဖူးတာကို သိရှိလိုက်ရပါတယ်။

စီမံကိန်းကို Project A119 လို့ အမည်ပေးထားပြီး ဆိုဗီယက်နှင့် အမေရိကန် နှစ်နိုင်ငံအကြား အာကာသပြိုင်ပွဲ အစောပိုင်းမှာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီအကြံအစည်ကို နယူးမက်စီကို ပြည်နယ်ရှိ အမေရိကန် လေတပ် အောက်မှ Kirtland လေတပ် အခြေစိုက်စခန်းက ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

စာတမ်းတွင် “A Study of Lunar Research Flights” လို့ခေါ်တဲ့ လပေါ် သုတေသန ပျံသန်းမှုများအား လေ့လာမှု ဆိုတဲ့ မစ်ရှင်အကြောင်းကို ၁၉၅၉ ခုနှစ် ဇွန်လမှာ အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

လေ့လာမှုတွင် လပေါ်သို့ နျူကလီးယားဗုံး တလုံးကို ပို့ဆောင်ကာ ကမ္ဘာမှ မမြင်ရတဲ့ လရဲ့ တခြားတဖက်ခြမ်း နှင့် ကမ္ဘာက မြင်ရသည့် အ ခြမ်းကြားရှိ twilight zone လို့ခေါ်သည့် နေရာတွင် ဖောက်ခွဲဖို့ အစီအမံများအကြောင်း ပါဝင်ပါတယ်။

ဒီမစ်ရှင်ဟာ ဟာသတော့ မဟုတ်ပါဘူး။

ဗုံးရဲ့ အရွယ်အစားဟာ ကြီးမားတဲ့အတွက် လပေါ်တွင် ဖောက်ခွဲပါက ကမ္ဘာမှ သာမန် မြင်ကွင်းနှင့်တောင် မြင်ရမှာ ဖြစ်ပြီး အကြောင်း က တော့ ပေါက်ကွဲမှုကို ပိုပြီး တောက်ပစေရန် ဆိုဒီယမ်များပါ ထည့်သွင်းထားလို့ ဖြစ်ပါတယ်။

Project A119 ဟာ သိပ္ပံ သုတေသန စမ်းသပ်မှု တခု အနေနဲ့တင် မကပါဘူး။

ဒါဟာ သိပ္ပံပညာရှင်များအတွက် အချက်အလက်များကို ပေးစွမ်းနိုင်ပေမယ့် စီမံကိန်းဟာ ရန်သူကို လက်နက် အဖျက်စွမ်းအားကို ပြသရန် ကြံစည်တာ ဖြစ်ပါတယ်။

Project A119 ရဲ့ သိပ္ပံနည်းပညာဆိုင်ရာ ရည်မှန်းချက်ဟာ လ၏ ဘူမိဗေဒဆိုင်ရာ လေ့လာမှုများကို လွယ်ကူ ချောမွေ့စေဖို့ ယမ်းဘီလူး ၁.၇ ကီလိုတန် ကျော်ကျော်လောက် ရှိတဲ့ နျူကလီးယားဗုံး အသေးစားကို အသုံးပြုဖို့ ဖြစ်ပါတယ်။

စာမျက်နှာပေါင်း ၂.၁ သန်းလောက်ရှိတဲ့ UFO နှင့် အခြား အရာများနှင့် ပတ်သက်သည့် လျှို့ဝှက်စာတမ်းများကို ချပြခဲ့သည့် The Black Vault ၏ နောက်ကွယ်မှ John Greenewald, Jr ကတော့

ဒီလို လပေါ်မှာ နျူးကလီးယား အသုံးပြုဖို့ လုပ်ဆောင်တာဟာ ဆိုဗီယက် ကိုသာမက ကမ္ဘာတခုလုံးကိုပါ လွှမ်းမိုး ထားနိုင်တယ် ဆိုတာ ပြသချင်လို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

ကံကောင်းချင်တာကတော့ သိပ္ပံပညာရှင်များဟာ ဒီလိုစမ်းသပ်မှုဟာ အကောင်းထက် အဆိုးက ပိုများတာကို တွေ့ရှိခဲ့တဲ့အတွက် မလုပ်ဖြစ်ခဲ့တာဘဲ ဖြစ်ပါတယ်။

ရရှိလာမယ့် သိပ္ပံ အချက်အလက်သေးသေးလေး အတွက် ကြီးမားတဲ့ လူအများ ကြောက်ရွံထိတ်လန့်မှုနှင့် ဖြစ်လာနိုင်သည့် အန္တရာယ်များ ရှိသည့်အတွက် စမ်းသပ်ဖို့ရာ မထိုက်တန်ဘူးလို့လည်း ယူဆခဲ့ပါတယ်။

ဒါ့အပြင် ဒီလိုစမ်းသပ်မှု မပြုလုပ်ခဲ့ရတဲ့ နောက်ထပ် အရေးအကြီးဆုံး အကြောင်းအရာ တခုကတော့ လပေါ်သို့ သုတေသနနှင့် နယ်မြေချဲ့ထွင်ခြင်းများ ပြုလုပ်သည့်အခါ ရေဒီယို သတ္တိကြွဓာတ်များ ရှိနေမှာ စိုးရိမ်လို့လည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့သာ Project A119 သာ လုပ်ဆောင်ဖြစ်ခဲ့ပါက မကြာသေးမီ လပိုင်းလောက်က စီစဉ်ထားသည့် လနှင့်ဆိုင်သည့် မစ်ရှင်များ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ထူးဆန်းတာကတော့ ဆိုဗီယက်ပြည်ထောင်စုဟာလည်း အလားတူ စီမံကိန်းမျိုး စီစဉ်ခဲ့ပြီး လပေါ်မှာ နျူကလီးယား ဖောက်ခွဲဖို့ ကြံစည်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ မဖြစ်မြောက်ခဲ့ ပြန်ပါဘူး။

ဆိုဗီယက်တို့၏ အဆိုပါ မစ်ရှင်အတွက် ကုတ် နာမည်ကို “E” လို့ အမည် ပေးထားခဲ့တာပါ။

E-1 ဟာ လပေါ် ရောက်ရှိနိုင်ဖို့ မစ်ရှင်ဖြစ်ပြီး E-2 နှင့် E-3 တို့ကတော့ လပေါ်သို့ အာကာသယာဉ်တစင်း စေလွှတ်ပြီး အနေအထား အမျိုးမျိုးမှ လမျက်နှာပြင် ပုံရိပ်များ ရိုက်ကူးဖို့ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့် E-4 ကတော့ လမျက်နှာပြင်ပေါ်တွင် နျူကလီးယားဗုံး ဖောက်ခွဲကာ ကမ္ဘာကြီးကို ဆိုဗီယက်ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ စွမ်းအားကို ပြသဖို့ စီမံကိန်းဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်မှာတော့ Partial Nuclear Test Ban Treaty လို့ခေါ်တဲ့ နျူကလီးယား စမ်းသပ်မှုဆိုင်ရာ တစိတ်တပိုင်း တားမြစ်မှု သဘောတူ စာချုပ် နှင့် ၁၉၆၇ ခုနှစ် အခြားသော အာကာသဆိုင်ရာ သဘောတူညီမှုစာချုပ်အရ လမျက်နှာပြင်တွင် နျူကလီးယားလက်နက်များ ဖောက် ခွဲခြင်းကို ရပ်တန့်စေနိုင်ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.