အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တူရကီတို့ ဝယ်ယူထားသော ရုရှားလုပ် S-400 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်အားလေ့လာဖို့အတွက် ပူးတွဲအဖွဲ့ ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်မှာမဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပါတယ်။
“CAATSA ရဲ့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ S-400 စနစ်က F-35 ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အကြောင်း ကို လေ့လာမှုနဲ့ ပတ်သက်လို့ လုပ်ဆောင်နေတဲ့အဖွဲ့မရှိပါဘူး။ လက်ရှိစစ်တပ်အချင်းချင်း ပူးပေါင်းမှုအပေါ်စီးပွားရေးပိတ်ဆို့မှုများ၏သက်ရောက်မှုနှင့် ပတ်သက်၍ ပုံမှန်အဆင့်ညှိနှိုင်းမှုများကိုသာပြုလုပ်နေပါတယ်” ဟုနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူက ဒီဇင်ဘာ ၃၀ ရက်တွင် Al-Monitor သို့ပြောကြားခဲ့ပါတယ်။

တူရကီကို F-35 ပူးပေါင်း ထုတ်လုပ်ရေး အဖွဲ့မှ ဖယ်ရှားခဲ့ပြီးဖြစ်ရာ ပဥ္စမ မျိုးဆက် ဂျက် လေယာဉ် များကိုတူရကီသို့လွှဲပြောင်းခြင်းကိုလည်းပိတ်ပင်ထားပါတယ်။ ကွန်ဂရက်ကလည်းတူရကီ၏ F-16 ဂျက်လေယာဉ်များနှင့် တည်ဆောက်ရန်လိုအပ်သော အင်ဂျင်အတွက်တင်ပို့ခွင့်လိုင်စင်များကို ဆိုင်းငံ့ထားပါတယ်။
တူရကီနိုင်ငံဟာ ရုရှား S-400 များ၏ နေတိုးလေယာဉ်များအား လုံခြုံရေးခြိမ်းခြောက်နိုင်သည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏စိုးရိမ်မှုများကို ဖြေရှင်းနိုင်မည့် အဖွဲ့တစ်ခုဖွဲ့စည်းရန်အတွက် ဝါရှင်တန်အား အချိန်အတော်ကြာ စည်းရုံးခဲ့တာပါ။
ဒါပေမယ့် အမေရိကန်ကလက်မခံခဲ့ပဲ တူရကီကို S-400 နှင့်သက်ဆိုင်တဲ့ စာချုပ်ကိုဖျက်သိမ်းခိုင်းခဲ့ပါတယ်။ တူရကီက ဒါကိုလက်မခံဘဲ S-400 များကိုဝယ်ယူခဲ့ပြီး တပ်ဖြန့်မှုများမလုပ်ရသေးပေမယ်ံ လက်ဝယ်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။

တူရကီကတော့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုများဟာ အချုပ်အခြာအာဏာ အခွင့်အရေးများကို ကျူးကျော်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် အလျှော့ပေးမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့လများမှာတော့ အမေရိကန်ကို S-400 များလေ့လာဖို့ ဖိတ်ခေါ်ခဲ့သေးပါတယ်။