စစ်ရေးလေ့ကျင့်ရန် ယူကရိန်းတွင် အမေရိကန် တင့်ဖျက် သံချပ်ကာယာဉ်များ ရောက်ရှိ

News

အမေရိကန် မရိမ်းတပ်ဖွဲ့မှ ၈ ဘီးတပ် ကုန်းရေနှစ်သွယ် စစ်ဆင်ရေး တင့်ဖျက် သံချပ်ကာယာဉ်များကို အမေရိကန် အမှတ် ၆ ရေတပ်အုပ်စု နှင့် ယူကရိန်း ရေတပ်တို့ ဦးစီးကျင်းပတဲ့ နိုင်ငံစုံ ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်မှု Sea Breeze 2021 မှာ အသုံးပြုဖို့ ယူကရိန်းနိုင်ငံမှာ ချထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီ သံချပ်ကာယာဉ်တွေဟာ အမေရိကန်တို့၏ တိုက်ခိုက်ရေးယာဉ်များထဲမှ အပေါ့စား တင့်ဖျက် သံချပ်ကာ (LAV-AT) အမျိုးအစား ဖြစ်ပြီး ယူကရိန်းမြေပေါ်မှာ ပထမဆုံး ရောက်ရှိလာတာ ဖြစ်ပါတယ်။

LAV-AT စနစ်ဟာ ကင်းထောက်နှင့် ခြေလျှင်တပ်အဖွဲ့တွေကို ကာကွယ်ဖို့ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

တာဝေး စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ပြီး ရာသီမရွေး အခြေအနေမရွေး အနေအထားမှာ ပစ်မှတ်များကို သုတ်သင်နိုင်မှာ ဖြစ်ပါတယ်။

LAV-AT ဟာTOW စနစ်သုံး တင့်ဖျက် ဒုံးကျည်များကို အသုံးပြုတာ ဖြစ်ပြီး ဒီစနစ်ဟာ ဝေးကွာတဲ့ နေရာကနေ လှုပ်ရှားနေတဲ့ အပေါ့စား သံချပ်ကာ ကင်းထောက်တပ်ခွဲများနှင့် တပ်စုများကို ပစ်ကူ ပေးနိုင်ပါတယ်။

အဆင့်မြင့်လာတဲ့ အပူ ပုံရိပ်ဖော်စနစ်တွေကြောင့် LAV-AT ဟာ မည်သည့် ရာသီဥတုတွင်ဖြစ်စေ၊ မြင်ကွင်းကို ကျဉ်းမြောင်းစေမည့် မည်သည့် ပတ်ဝန်းကျင်တွင် ဖြစ်စေ ရန်သူ့အား မျက်ခြေမပြတ် စောင့်ကြည့်နိုင်ပါတယ်။

ဒီသံချပ်ကာယာဉ်မှာ ဒုတိယ လက်နက် အနေဖြင့် ၇.၆၂ မီလီမီတာ ကျည် ၁ ထောင်ပါဝင်တဲ့ ဆုံလည် စက်ကလေး တစ်လက်ကို မိမိကိုယ်ကို ကာကွယ်ရန် တပ်ဆင်ထားပါတယ်။

LAV-AT တွင် ယာဉ်ခေါင်းဆောင်၊ ပစ်ခတ်သူ၊ ကျည်ထိုးသူ နှင့် ယာဉ်မောင်း အပါဝင် ၄ ယောက် လိုက်ပါ စစ်ဆင်နိုင်ကာ ယာဉ်အဖွဲ့သားများဟာ သံချပ်ကာယာဉ်အတွင်းသို့ တံခါး နှင့် အမိုးပေါက်များမှတဆင့် ဝင်နိုင် ထွက်နိုင်ပါတယ်။

LAV-AT ကို မြင်းကောင်ရေ ၂၇၅ ကောင်ရှိတဲ့ Detroit Deisel အင်ဂျင်ဖြင့် မောင်းနှင်တာ ဖြစ်ကာ အားသာချက်ကတော့ ၃ မိနစ်တွင်းကို စစ်ဆင်ရေးအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်နိုင်ခြင်းပါ။

ရေထဲတွင် ဘေးဘက်မှာ တပ်ဆင်ထားတဲ့ waterjet ၂ လုံးကို အသုံးပြုပြီး မောင်းနှင်နိုင်ကာ မြစ်ချောင်း အင်းအိုင် မျိုးစုံကို ဖြတ်သန်း စစ်ဆင်နိုင်ပါတယ်။

အမေရိကန် အမှတ် ၆ ရေတပ်အုပ်စု နှင့် ယူကရိန်းရေတပ်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ Sea Breeze စစ်ရေး လေ့ကျင့်မှုဟာ ၁၉၉၇ ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါ။

ရည်ရွယ်ချက် ကတော့ ပါဝင်တဲ့ နိုင်ငံများ၏ ရေတပ်များနှင့် ရေကြောင်း လုံခြုံရေးနှင့် နယ်မြေ အေးချမ်းတည်ငြိမ်ရေး လုပ်ငန်းစဉ်များမှာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းအားကို မြှင့်တင်နိုင်ဖို့ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *