သမိုင်းတွင် လူသိများသည့် ပထမဆုံး တပ်ဆင်နိုင်သည့် မျက်မှန်ကို ၁၃ ရာစုနှစ်လောက်မှာ စတင်တွေ့ရှိခဲ့ရပြီး အီတလီနိုင်ငံက အစပြုခဲ့တာ ဖြစ်ပါတယ်။
ရှေးခေတ် မျက်မှန်များဟာ ဖုန်မှုတ်ပညာဖြင့် ထုတ်လုပ်ထားတဲ့ မှန်ဘီလူးများကို သစ်သား သို့မဟုတ် သားရေဘောင်ကွပ်ကာ (ရံဖန်ရံခါ တိရိစ္ဆာန် ဦးချိုများဖြင့် ဘောင်များကို ပြုလုပ်တတ်) မျက်နှာရှေ့ သို့မဟုတ် နှာခေါင်းပေါ်တွင် ချိတ်ထားလေ့ ရှိပါတယ်။
ယနေ့ခေတ်မှာတော့ ခေတ်မှီ ဒီဇိုင်း အမျိုးမျိုးဖြင့် မျက်မှန်များကို ဖက်ရှင်တခုအဖြစ် တပ်ဆင်လာကြပေမယ့် အမြင်အာရုံအတွက် အမြဲလိုလို မျက်မှန် တပ်ဆင်ရတာ စိတ်အနှောင့်အယှက်တော့ အနည်းနဲ့ အများ ဖြစ်တတ်ပါတယ်။
အခုတော့ သင့်အနေနဲ့ အသက် ၆၅ နှစ် အောက်ဆိုပါက အဲဒီလို မျက်မှန်တွေကို တာ့တာ့ လို့ ပြောရတော့မယ် အခြေအနေ ရောက်လာနိုင်ဖွယ် ရှိနေပါပြီ။
Vuity လို့ခေါ်တဲ့ မျက်စဉ်းဟာ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိ မှုန်ဝါးမှုတွေကို ကောင်းမွန်စေပြီး အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဌာနမှ (FDA) ခွင့်ပြုချက် ရရှိနေပြီလို့ CBS သတင်းက ဖော်ပြခဲ့ပါတယ်။

အဲဒီ့ အခြေအနေဟာ အသက် ၄၀ အထက် အများစုရှိတဲ့ အမေရိကန် နိုင်ငံသား ၁၂၈ သန်း အပေါ်မှာ အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပြီး အသက် ၆၅ နှစ်အောက် လူများတွင် အဆိုပါ မျက်စဉ်းဟာ ကောင်းကောင်း အလုပ်လုပ်တယ်လို့ ဆိုပါတယ်။
၎င်းမျက်စဉ်းဟာ စတင် အသုံးပြုပြီး ၁၅ မိနစ်အကြာတွင် သက်ရောက်မှု ရှိကာ ၆ နာရီမှ ၁၀ နာရီလောက်အထိ အာနိသင် ရှိနေမှာ ဖြစ်ပါတယ်။
မျက်စဉ်းဟာ မျက်လုံး၏ မွေးရာပါ စွမ်းရည်ကိုသာ အသုံးပြုပြီး သူငယ်အိမ်၏ အရွယ်အစားကို လျှော့ချပေးမယ့် အစွမ်း ရှိပါတယ်။
“သူငယ်အိမ် အရွယ်အစားကို လျှော့ချခြင်းဟာ မျက်လုံးဟာ သဘာဝအတိုင်း မတူညီတဲ့ အကွာအဝေးတွေကို focus ဖြတ်နိုင်တဲ့ အစွမ်း ရရှိနိုင်မှာ ဖြစ်တယ်” လို့ Vuity လက်တွေ့စမ်းသပ်မှုကို အဓိက စစ်ဆေးသူ ဖြစ်တဲ့ George Waring က CBS သတင်းဌာနကို ပြောပြခဲ့ပါတယ်။
အစမ်း စမ်းသပ်မှုတွင် လူဦးရေ ၇၅၀ လောက် အထိ ပါဝင် စမ်းသပ်ခဲ့ကြပြီး ၎င်းတို့ဟာ ရလဒ်နှင့် ပတ်သတ်ပြီး ပျော်ရွှင်မှုများ ရှိခဲ့တယ်လို့ အစီရင်ခံစာများက ပြသနေပါတယ်။
“ဒါဟာ သေချာပေါက် ဘဝကို ပြောင်းလဲစေတဲ့ အရာပါ” လို့ အဲဒီ့ စမ်းသပ်မှုတွင် ပါဝင်ခဲ့သူတဦး ဖြစ်တဲ့ Toni Wright က ပြောပါတယ်။
ဒီ မျက်စဉ်းဟာ ရက် ၃၀ စာအတွက် ဒေါ်လာ ၈၀ လောက် ကျသင့်မှာ ဖြစ်တဲ့အတွက် အနောက်နိုင်ငံ နှင့် အမေရိကအတွက် ဈေးမကြီးပေမယ့် ကျွန်တော်တို့ နိုင်ငံအတွက်တော့ ဈေးကြီးနေပါသေးတယ်။
နောက်တခုကတော့ မျက်စဉ်းဟာ ခေါင်းကိုက်ခြင်းနှင့် မျက်လုံးနီခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုး အချို့ ရှိနေပြီး ညဘက် ကားမောင်းနေစဉ် သို့မဟုတ် အလင်းရောင် နည်းပါးသော အနေအထားမှာ လှုပ်ရှားမှုများ ပြုလုပ်ရတဲ့အခါ အသုံးမပြုဖို့တော့ သတိပေးထားပါတယ်။

“ဒါဟာ ရေရှည် ခံနိုင်ရည်ရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရာတခုပါ။ ဒါပေမယ့် ဒါကို အကဲဖြတ်ပြီး တရားဝင် စွမ်းဆောင်နိုင်မှုကို လေ့လာသွားမှာပါ” လို့ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်ပြီး George Waring က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဤဆောင်းပါးထွက်ရှိလာသည့် အချိန်အတောအတွင်း အဆိုပါ မျက်စဉ်းဟာ ဆေးဘက်ဆိုင်ရာ အာမခံဖြင့် အကျုံးမဝင်ကြောင်းနှင့် ၎င်းသည် မည်သည့်အခါမျှ ဖြစ်လာနိုင်ဖွယ်မရှိဟု ဆရာဝန်များက ယုံကြည်နေကြပါတယ်။
အကြောင်းကတော့ ၎င်းဟာ လိုအပ်သည်ထက်ပိုသည့် ဇိမ်ခံပစ္စည်းပုံစံ ဖြစ်နေပြီး လက်ရှိအချိန်အထိ စာဖတ် မျက်မှန်များဟာ ကုန်ကျ စရိတ်သက်သာကာ ထိရောက်သည့် အကျိုးကျေးဇူးကို ပေးနေဆဲ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
သို့ပေမယ့် ဒီ မျက်စဉ်းဟာ အသက် ၄၀ မှ ၅၅ နှစ်အကြားရှိ လူချမ်းသာ အများစုကို မျက်မှန် တပ်ရသည် ဒုက္ခ ကင်းလွှတ်အောင် လုပ် ဆောင်ပေးရင်း သာမန်လူများပါ ဝယ်ယူနိုင်လာတဲ့ အနေအထား အထိ မကြာခင် ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။