အမေရိကန်ရဲ့ပထမဆုံး လေယာဉ်တင်သင်္ဘောအကြောင်း

History Military

မကြာမီလများအတွင်း အမေရိကန်ရေတပ်ရဲ့ ပထမဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Langley (CV-1) ကိုစတင်မိတ်ဆက်သည့် ၉၉ နှစ် မြောက် နှစ်ပတ်လည်နေ့ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

USS Langley ဟာ တကယ်တော့ လေယာဉ်တင်သင်္ဘောစစ်စစ်တော့မဟုတ်ပါဘူး။


၁၉၁၃ ခုနှစ် ဧပြီလကတည်းက တာဝန်ထမ်းဆောင်နေတဲ့ USS Jupiter (AC-3) လို့ခေါ်တဲ့ Porteus အတန်းအစား ကျောက်မီးသွေးတင်သင်္ဘောကို လေယာဉ်တင်သင်္ဘောအဖြစ်ပုံစံပြောင်းခဲ့တာပါ။ USS Langley ဟာ ဝန်အပြည့်နှင့် တန် ၁၂၉၀၀ ရှိပါတယ်။


USS Langley မဖြစ်ခင် USS Jupiter ကျောက်မီးသွေးတင် သင်္ဘောအဖြစ်တွေ့မြင်ရစဉ်

အလျှား ၅၄၂ ပေ၊ အကျယ် ၆၅ ပေ ၅ လက်မ နဲ့ရေစူး ၂၄ ပေရှိပြီး ဘွိုင်လာသုံးလုံးပါဝင်ပါတယ်။ ဒီသင်္ဘောဟာ အမေရိကန်ရေတပ်ရဲ့ပထမဆုံးသော တာဘို လျှပ်စစ်စွမ်းအင်သုံး သင်္ဘောလဲဖြစ်ပါတယ်။ သင်္ဘောကပ္ပတိန်ကတော့ Kenneth Whiting ဖြစ်ပါတယ်။


USS Langley ဟာ လေယာဉ်တင်သင်္ဘောအဖြစ်ရော ပင်လယ်ပြင်သွား လေယာဉ်ထောက်ပံ့ရေးသင်္ဘောအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ် ဧပြီလ ၁၁ မှ ၁၉၄၂ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဂျပန်လေယာဉ်များ ဗုံးကြဲတိုက်ခိုက် နှစ်မြှပ် ခံရချိန် အထိ လေယာဉ်ထောက်ပို့သင်္ဘောအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ယခုအခါမှာတော့ USS Langley ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းဆွယ်ရှိ Cilacap ဆိပ်ကမ်းအနီး ပင်လယ်ကြမ်းပြင်တွင် ထာဝရလဲလျောင်းနေပြီဖြစ်ပါတယ်။

၁၉၂၂ အောက်တိုဘာလမှာ  Aeromarine 39B လေယာဉ် USS Langley တွင် ဆင်းသက်လေ့ကျင့်နေပုံ

ဒီလေယာဉ်တင်သင်္ဘောဟာ အမေရိကန်နှင့် မရင်းတပ်အတွက် ကမ္ဘာလုံးဆိုင်ရာရောက်ရှိနိုင်မှုနှင့် စစ်ဆင်နိုင်မှုအတွက် အကူအညီဖြစ်စေခဲ့တဲ့ ပထမခြေလှမ်းပဲဖြစ်ပါတယ်။

အမေရိကန်ဟာ သူ့ရဲ့ပထမဆုံး လေယာဉ်တင် သင်္ဘောကစပြီး ယခုအချိန်အထိ လေယာဉ်တင်သင်္ဘောပေါင်း ၈၀ တပ်တော်ဝင်ပြီးပါပြီ။


အဲဒီ့ထဲကမှ ၁၁ စီးကတော့ လက်ရှိမှာတာဝန်ထမ်းဆောင်နေပါတယ်။ အဲဒီ့အရေအတွက်ဟာ မည်သည့်နိုင်ငံနှင့်ယှဉ်စေကာမှ အရေအတွက်မှာအပြတ်အသတ်ကွာနေတာပါ။ ဒါတောင် F-35B လိုလေယာဉ်မျိုးတွေတင်ဆောင်စစ်ဆင်နိုင်တဲ့ ကုန်းရေ နှစ်သွယ်စစ်ဆင်ရေး သင်္ဘောတွေမပါသေးပါဘူး။


၁၉၂၅ ဧပြီလ ၂ ရက်နေ့တွင် Douglas DT-2 torpedo bomber တစ်စီး ပျံတက်လေ့ကျင့်နေပုံ

ကမ္ဘာပေါ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်တင်သင်္ဘော ၄၄ စီးရှိပါတယ် (အဲဒီ့ထဲကတချို့ကတော့ လေယာဉ်တင်သင်္ဘော တင်းပြည့်ကျပ်ပြည့်ရှိမရှိ အငြင်းပွားနေဆဲပါ)။

ဂျပန်တို့၏ ကမ္ဘာ့ပထမဆုံး လေယာဉ်တင်သင်္ဘော ဟိုရှော Hōshō

မူလကတည်းက လေယာဉ်တင်သင်္ဘောအနေဖြင့်ရည်ရွယ်ပြီး တည်ဆောက်ခဲ့တဲ့ ကမ္ဘာပထမဆုံး လေယာဉ်တင်သင်္ဘောကတော့ ဂျပန်နိုင်ငံလုပ် “ဟိုရှော” လို့အမည်ရတဲ့ သင်္ဘောဖြစ်ပြီး ၁၉၃၃ ခရစ်စမတ်အပြီး ၂ ရက်မြှောက်နေ့မှာ တပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က Knowledgeworms တွင် ဖော်ပြခဲ့သည့် post ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.