အမေရိကန် ကြည်းတပ်ဟာ လာမယ့် ၂၀၂၂ ဘဏ္ဍာနှစ်၏ နောက်ဆုံး ၃ လပတ် မှာ လေကြောင်းမှ တိကျစွာပစ်နိုင်သည့် တာဝေးပစ် လက်နက်များကို မှာယူဖို့ ကြိုးစားနေတယ်လို့ အမေရိကန် အစိုးရ စာချုပ် ချုပ်ဆိုသည့် Website တစ်ခုမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြခဲ့ပါတယ်။
ကန်ကြည်းတပ်ဟာ အနာဂါတ်ရဟတ်ယာဉ်များ အတွက် တိကျစွာပစ်ခတ်နိုင်တဲ့ တာဝေးလက် နက် များကို ရရှိရန် စီစဉ်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ဖြစ်ကာ ယခုမှာတော့ လက်တလော အခြေအနေအတွက် အစ္စရေးကုမ္ပဏီဖြစ်တဲ့ Rafael ၏ Spike Non-Line-of-sight မစ်ဇိုင်းကို ရွေးချယ်ပြီးပြီ ဖြစ်ပါတယ်။
ဒီမစ်ဇိုင်းတွေကို AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် တွဲဖက်အသုံးပြုသွားမှာ ဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ AGM-114 ဟဲဖိုင်းယား တွေ နေရာမှာ အစားထိုးသွားမှာပါ။ Spike မစ်ဇိုင်းများဟာ ၃၂ ကီလိုမီတာ အကွာအဝေးမှ ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။
ကြည်းတပ်၏ အဓိက ရည်ရွယ်ချက် ကတော့ ရဟတ်ယာဉ်များကို Surface to Air လက်နက်များ (ဥပမာ Pantsir-S1 များ) ၏ ပစ်ခတ်နိုင်တဲ့ အကွာအဝေး အပြင်ဘက်မှနေပြီး ရန်သူကို ပစ်ခတ်နိုင်တဲ့ မစ်ဇိုင်းများကို အလိုရှိနေတာပါ ဖြစ်ပါတယ်။
လက်ရှိ ဟဲဖိုင်းယား များကတော့ ၁၁ ကီလိုမီတာ လောက်ကသာ ပစ်ခတ်နိုင်တာပါ။

Pantsir S1 တွေကို ၂၀၂၀ ဇွန်လတုန်းက အမေရိကန်တို့ သယ်ယူသွားတာ ဒါတွေကို စမ်းသပ်ဖို့ ဖြစ်နိုင်ပါတယ်။
ကန်ကြည်းတပ်အနေဖြင့် ၂၀၃၀ အစောပိုင်း အနာဂါတ်ကာလများမှာ လူမောင်းနှင်သော ရဟတ် ယာဉ် ၂ စီး၊ မောင်းသူမဲ့ ဗျူဟာမြောက် လေယာဉ် ၁ စီးနှင့် တိကျစွာပစ်ခတ်နိုင်တဲ့ ဝေဟင်ပစ် လက်နက်များကို တပ်စုတစ်စု အနေဖြင့် စစ်မြေပြင်မှာ ကွန်ယက်ချိတ်ဆက်ထားပြီး စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်စေဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဒီတပ်စုတွင် အနာဂါတ် ကင်းထောက် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပါဝင်လာမှာဖြစ်ပြီး ယခု မစ်ဇိုင်းများဟာလည်း လက်ရှိ ရဟတ်ယာဉ်များအပြင် ထို ရဟတ်ယာဉ်အသစ်များနှင့်ပါ တွဲဖက်ပစ်ခတ်နိုင်ဖို့ ဖြစ်ပါတယ်။
Spike မစ်ဇိုင်းများကို ယာယီအနေဖြင့် အသုံးပြုပြီးနောက်မှာ ဒီ့ထက်ပိုကောင်းတဲ့ မစ်ဇိုင်းသစ် ဒီဇိုင်းများကို ၂၀၂၃ ဇန်နဝါရီလမှာ ကုမ္ပဏီများမှ တင်ပြပြီး ယှဉ်ပြိုင်ဖွယ်ရာရှိပါတယ်။
ဒီ တာဝေးပစ် မစ်ဇိုင်းဟာ ရန်သူ့၏ တည်နေရာကို သက်တောင့်သက်သာ အကွာအဝေးမှ သို့ မဟုတ် ရန်သူမမြင်နိုင်တဲ့ အကွာအဝေးမှ ပတ်ခတ်နိုင်ရမှာ ဖြစ်ပါတယ်။
ကြည်းတပ် အဆိုအရ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘယ်လို မစ်ဇိုင်းတွေကို အမြဲတမ်း အသုံးပြုဖို့ သင့်တော်တယ် ဆိုတာကို ဆုံးဖြတ်ရန် စမ်းသပ်ပျံသန်းမှု အချို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ မစ်ဇိုင်းဟာ အနည်းဆုံး ၃၀ ကီလိုမီတာထက် ပိုမိုဝေးကွာတဲ့ အကွာအဝေးမှာ ပစ်ခတ် နိုင်ရမှာဖြစ်ပြီး ၄၀ ကီလိုမီတာအထက်ကတော့ ရည်မှန်းထားတဲ့ စွမ်းရည်လို့ သိရပါတယ်။
ရွေးချယ်ခံရတဲ့ ကုမ္ပဏီဟာ ၂၀၂၆ ဘဏ္ဍာနှစ်မှာ အပြီးသတ် ဒီဇိုင်းထုတ်လုပ်ပြီး ဖြစ်ရမှာဖြစ်ပြီး အနာဂါတ် ကင်းထောက်တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနှင့် တွဲဖက်သရုပ်ပြ ပစ်ခတ်နိုင်ရမှာဖြစ်ပါတယ်။
ကန် ကြည်းတပ်အနေဖြင့် ဒီ တာဝေးပစ် မစ်ဇိုင်းတွေကို အနာဂါတ် ရဟတ်သစ်နှင့်အတူ ၂၀၂၈ မှာ ပထမဆုံး တာဝန်ထမ်းဆောင် နိုင်လိမ့်ဖို့ အလိုရှိနေကြောင်းသိရပါတယ်။
ကန်ကြည်းတပ်ပြောနေတဲ့ အနာဂါတ် ကင်းထောက်တိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ Apache တွေရဲ့ နောက်မျိုးဆက်လား၊ လျှို့ဝှက်ထားတဲ့ ရဟတ်ယာဉ်လား ဒါမှမဟုတ် ကျွန်တော် အရင်တခါ ဖော်ပြခဲ့တဲ့ DEFIANT X တွေကိုပဲ ရည်ညွှန်းတာလားတော့ မသိရသေးပါဘူး။
ဒါ့ကြောင့် ဒီရဟတ်ယာဉ်သစ်နဲ့ တာဝေးပစ်မစ်ဇိုင်းတွေဟာ ဘာတွေဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ခင်ဗျာ။
Knowledgeworms Copyright © 2021