အမေရိကန် မရိမ်းတပ်ဟာ လက်ရှိမှာ ကမ်းတက် တပ်နှင့်အတူ အသုံးပြုနေတဲ့ တင့်ကားများကို အစားထိုးဖို့ရာ တင့်ဖျက် လက်နက်စနစ် အသစ်တစ်ခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က လက်ရှိအသုံးပြုနေတဲ့ တင့်ကားတပ်ဖွဲ့အားလုံးကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ပေါ့ပါးပြီး တာဝေးပစ်နိုင်ကာ စစ်မြေပြင်မှာ အလွယ်တကူ သယ်ယူနိုင်တဲ့ တင့်ဖျက်စနစ်ကို အလိုရှိနေတာပါ။
အဓိက ရည်ရွယ်ချက်ကတော့ ပိုမို သေးငယ်တဲ့ လက်တဆုပ်စာ မရိမ်းတပ်စုလေးများပင် ရန်သူကို ယခင်ထက် ပိုမို အန္တရာယ်ပေးနိုင်တဲ့ ခြိမ်းခြောက်မှု ဖြစ်လာစေဖို့ ဖြစ်ပါတယ်။
ယခင်က မရိမ်းတပ်ဖွဲ့ဟာ ရန်သူ့ တင့်ကားတွေကို ရင်ဆိုင်ဖို့ M1A1 ကိုအသုံးပြုခဲ့တာပါ။ ယခုအခါမှာတော့ အပေါ့စား သံချပ်ကာကားတွေနှင့် တိကျလမ်းညွှန်စနစ်သုံး လက်နက်တွေကို အသုံးပြုပြီး M1A1 တင့်ကားတွေရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးထက် ၁၅ ဆ မှ အဆ ၂၀ လောက် အကွာအဝေးမှ ရန်သူကို တိုက်ခိုက်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အမေရိကန် Naval Institute သတင်းမှာ ဖော်ပြထားပါတယ်။

၆၈ တန် အလေးချိန်ရှိတဲ့ M1A1 တင့်ကားများဟာ လက်ရှိ ကြည်းတပ်မှာ အသုံးပြုနေတဲ့ M1A2 များ၏ ယခင် မျိုးကွဲဟောင်း ဖြစ်ပါတယ်။
M256 ၁၂၀ မီလီမီတာ ပင်မအမြောက်တပ်ဆင်ထားတဲ့ ဒီတင့်ကားဟာ မီတာ ၂ ထောင် အကွာအဝေးမှာ ရှိတဲ့ တင့်ကားအရွယ်ပစ်မှတ်ကို မလွဲအောင် ပစ်ခတ်နိုင်ပါတယ်။
ဒါပေမယ့် မကြာသေးမီက မရိမ်တပ်ဖွဲ့၏ နောင်ဖြစ်လာနိုင်မယ့် အန္တရာယ် နှင့် မြေပြင် အနေ အထားမှာ တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများ စစ်ဘက်ဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်နေသည့် တရုတ်တို့နှင့် ရင်ဆိုင်ရမည့် အနေအထား ဖြစ်နေပါတယ်။
အမေရိကန် Naval Institute ၏ ဆောင်းပါးမှာ မရိမ်းတပ်ဖွဲ့၏ ဒုတိယဗိုလ်ချုပ်ကြီး အဲရစ် စမစ်ဟာ တင့်ကားအမြောက်ထက် ၁၅ ဆ မှ အဆ ၂၀ အကွာအဝေးထိ ပစ်ခတ်နိုင်မယ့် လက် နက်စနစ်အကြောင်းကို ပြောကြားသွားခဲ့ပါတယ်။
သူပြောသွားတာကတော့ Spike Non-Line of Sight (NLOS) တွေအကြောင်းပါ။
Rafael ကာကွယ်ရေး ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ Spike ဗျုဟာမြောက် ဒုံးကျည်တွေဟာ သုံးချောင်းထောက် ဒေါက်များ၊ အပေါ့စား သံချပ်ကာယာဉ်များ၊ ရဟတ်ယာဉ်များ အပြင် သင်္ဘောများမှာ တောင် အသုံးပြုနိုင်ပါတယ်။
Electro-optical လမ်းညွှန် စနစ်သုံး Spike တွေဟာ နေ့ ညမရွေး ရာသီဥတု ဆိုးဝါး နေရင် တောင် အနီအောက်ရောင်ခြည် ကင်မရာစနစ် အသုံးပြုပြီး အသုံးပြုနိုင်ပါတယ်။
ဒီ ဒုံးကျည်ဟာ ကြိုးမဲ့ Data Link စနစ် ပါဝင်ပြီး ပစ်မှတ်၏ အနေအထား ဗီဒီယိုကို အချိန်နှင့် တပြေးညီ ပစ်ခတ်သူဆီ ပြန်လည် ပေးပို့နိုင်ပါတယ်။
ဒါ့ကြောင့် ပစ်ခတ်လိုက်သူဟာ ဒုံးကျည်လမ်းကြောင်းတလျှောက် မြင်နိုင်တဲ့အတွက် ပစ်မှတ်အသစ် တခုခု တွေ့ပါက ပစ်မှတ်ပြောင်းလဲခြင်း သို့မဟုတ် ပစ်ခတ်မှုကိုတောင် ဖျက်သိမ်းနိုင်ပါတယ်။
Spike NLOS တွေဟာ စစ်မြေပြင်မှာ အမြင့်က ပျံသန်းပြီး တောင်ကုန်းတွေနောက်မှာ ကွယ်နေတဲ့ တင့်ကားတွေကိုတောင် ပစ်ခတ်သူက မြင်နိုင်အောင် စွမ်းဆောင်နိုင်ပါတယ်။
Spike တွေကို မရိမ်းတပ်တွေမှာ ကာလကြာရှည်စွာ အသုံးတော်ခံခဲ့တဲ့ Humvee တွေကို အစားထိုးလိုက်ပြီဖြစ်တဲ့ Light Tactical Vehicle (JLTV) များမှာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ Spike တွေကို ထိပ်ဖူး ၃ မျိုးတပ်ဆင်နိုင်ပါတယ်။

၎င်းတို့ကတော့ ထရပ်ကားတွေနှင့် အပေါ့စား သံချပ်ကာယာဉ်တွေကို တိုက်ခိုက်ဖို့ ထိပ်ဖူး၊ တင့်ကားများကို ပစ်ခတ်ဖို့ရာ ထိပ်ဖူး နှင့် ဘန်ကာနဲ့ အမာခံ နေရာများကို ပစ်ခတ် နိုင်သည့် ထိပ်ဖူးတို့ ဖြစ်ပါတယ်။
Spike NLOS ရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးဟာ ကီလိုမီတာ ၃၀ လောက်ရှိတာကြောင့် ဒါဟာ မရိမ်းတပ်၏ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပါတယ်။
ဒီ အကွာအဝေးဟာ မရိမ်းတပ်တွေ သိမ်းပိုက်ထားမည့် ကျွန်းများကို ရန်သူ့သင်္ဘောတွေ ကပ်မလာနိုင်အောင် Spike တွေကို သင်္ဘောဖျက်ဒုံးအနေဖြင့်ပါ အသုံးပြုနိုင်မယ့် အကွာအဝေးပါ။
Spike ဟာ Harpoon တွေလို သင်္ဘောဖျက် ဒုံးကျည်စစ်စစ် မဟုတ်ပေမယ့် မရိမ်းတပ်သားတွေက အဝေးမှ ထိန်းချုပ်ကာ ရန်သူ့ သင်္ဘောတွေရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်တဲ့ ကွပ်ကဲစင်တွေ၊ တပ်ဆင်ထားတဲ့ အမြောက်တွေ သို့မဟုတ် ရဟတ်ယာဉ်ဆင်းသည့် နေရာများကို ပစ်ခတ်နိုင်မှာပါ။
မရိမ်းတပ်တွေရဲ့ တင့်ကားတွေကို စွန့်လွှတ်ပြီး ဒီလက်နက်ကို ရွေးချယ်မှုဟာ မှားလား မှန်လားဆိုတာကတော့ နှစ်တွေကြာလာမှ သိရမှာပါ။
M1A1 Abrams တင့်ကားများဟာ တောင်တရုတ်ပင်လယ်မှာ အသုံးမဝင်ပေမယ့် မရိမ်းတပ်များကို တပ်ဖြန့်ဖို့ လေ့ကျင့်ခဲ့တဲ့ မြောက်ဥရောပမှာတော့ အသုံးဝင်ခဲ့ပါတယ်။
ဒါပေမယ့် တင့်ကားများကို စွန့်လွှတ်ခဲ့ပြီး ဖြစ်တဲ့အတွက် မရိမ်းတပ်ဟာ သူတို့ရဲ့ လာမယ့် မနက်ဖြန် စစ်မြေပြင်များမှာ ပိုပြီး အသုံးဝင်မယ့် တခုခုကို ရှာတွေ့ပြီးလို့ပဲ ဖြစ်ပါလိမ့်မယ်။
Knowledgeworms Copyright © 2021