အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးတင် ဖျက်သင်္ဘောသစ်များကိုတည်ဆောက်ဖို့ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
သင်္ဘောသစ်ကို လက်ရှိ အမေရိကန်ရေတပ်မှာ အသုံးပြုနေတဲ့ Ticonderoga အတန်းအစား ပဲ့ထိန်းခရူဇာ သင်္ဘောများနှင့် အစောပိုင်းက ထုတ်လုပ်ခဲ့တဲ့ Arleigh Burke အတန်းအစား ဖျက်သင်္ဘောများ နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီဖျက်သင်္ဘောသစ်ဟာ ၂၁ ရာစု အလယ် လောက်ကစပြီး အမေရိကန်ရေတပ်ရဲ့ အဓိက ကျောရိုး စစ်သင်္ဘောကြီးများ ဖြစ်လာမှာ ဖြစ်ပါတယ်။
Defense News မီဒီယာအဆိုအရ ရေတပ်ဟာ ဒီ DDG ဖျက်သင်္ဘောအသစ်တွေ တည်ဆောက်ဖို့ကို စီမံကိန်းသစ် ရုံးဖွင့်ပြီး စတင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီစီမံကိန်းရုံးမှ DDG သင်္ဘောသစ်ရဲ့ ဒီဇိုင်း၊ နည်းပညာ အချက်အလက် တိုးတက်မှုတွေ၊ တည်ဆောက်မှုတွေ၊ စမ်းသပ်မှုတွေ၊ မိတ်ဆက်မှုတွေနှင့် ကြာရှည်ခံဖို့ အစီအစဉ်တွေကို ဦးစီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်ပါက ပထမဆုံး ဖျက်သင်္ဘောသစ်ကို ၂၀၂၈ ခုနှစ်မှာ စတင် မှာယူဖွယ်ရှိပြီး ၂၀၃၂ လောက်တွင် ရေတပ်မှာ စတင် အသုံးပြုဖွယ် ရှိပါတယ်။
လက်ရှိ အမေရိကန်ရေတပ်တွင် စစ်အေးကာလက Ticonderoga အတန်းအစား ပဲ့ထိန်းဒုံးတင် ခရူဇာ ၂၂ စီး နှင့် Arleigh Burke အတန်းအစား ဖျက်သင်္ဘော ၆၉ စီး တာဝန် ထမ်းဆောင်နေတာဖြစ်ပါတယ်။
Ticonderoga အတန်းအစား သင်္ဘောတွေကို ၁၉၈၀ မှ ၁၉၉၁ ကြားမှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး Arleigh Burke အတန်းအစား သင်္ဘောတွေကို ၁၉၈၈ ခုနှစ်မှစတင်ပြီး ယခုအချိန်ထိ ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။
ဒီ ခရူဇာ သင်္ဘောကြီးတွေဟာ လေယာဉ်တင် သင်္ဘောများကဲ့လို့ တန်ဖိုးမြင့် စစ်သင်္ဘောများကို အကာအကွယ်ပေးဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Ticonderoga အတန်းအစား ခရူဇာ သင်္ဘောပေါ်မှာ SPY-1A လေကြောင်းကာကွယ်ရေး ရေဒါတွေ၊ Aegis Combat System နှင့် လေကြောင်းရန်ကာကွယ်ဖို့ ဒုံးကျည်ပစ်စင် ၁၂၂ ခု ပါဝင်ပါတယ်။

Arleigh Burke အတန်းအစား ဖျက်သင်္ဘောတွေမှာ ပိုပြီး ခေတ်မှီတဲ့ SPY-1D ရေဒါတွေ တပ်ဆင်ထားပြီး ဒုံးကျည်ပစ်စင် အခု ၉၀ မှ ၉၆ ခု အထိ ပါဝင်ပါတယ်။
ဒီဖျက်သင်္ဘောများဟာ လေကြောင်းကာကွယ်ရေးတင်သာမက လိုအပ်ပါက ရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်ပြီး မြေပြင် ပစ်မှတ်များကို ခရုဇ် ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်ပါတယ်။
အသစ်ထုတ်လုပ်မယ့် ဖျက်သင်္ဘောသစ်များဟာ လေယာဉ်တင်သင်္ဘောများနှင့် ရဟတ်ယာဉ်တင် သင်္ဘောများတွင် အစောင့်လိုက် သင်္ဘောများအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။
သင်္ဘောသစ်မှာ လေဆာ လက်နက် ကောင်းကောင်းတပ်ဆင်နိုင်မယ့် စွမ်းအင်ပေး စနစ် ပါဝင်မှာဖြစ်ပါတယ်။
အနည်းဆုံး လေဆာ လက်နက် ၁ ခုမှ ၂ ခု အထိ ပါဝင်ဖွယ်ရှိပြီး ပြင်းအားကို ချိန်ညှိနိုင်ကာ မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များ ကို အနီးကပ် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘက်စုံသုံး ၅ လက်မ စက်အမြောက် တလက် နှင့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များကို ထည့်သွင်းနိုင်လောက်အောင် ကြီးသည့် ဒုံးကျည် ပစ်စင်များ ပါဝင်လာဖွယ်ရှိပါတယ်။
ဒါ့ကြောင့် ဒီဒုံးပစ်စင်ဟာ လေကြောင်းကာကွယ်ရေး ဒုံးကျည်များ၊ တာဝေးပစ် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ဒုံးကျည်များ နှင့် သင်္ဘောဖျက် ဒုံးများ ထည့်သွင်းနိုင်သည့် စံပြု Mk. 41 ဒုံးပစ်စင် အရွယ်လောက် ရှိမှာ ဖြစ်ပါတယ်။

Ticonderoga မှာ ဒေါင်လိုက်ပစ်လွှတ်စနစ် ၁၂၂ ခု ပါဝင်တဲ့အတွက် ဒီ ဖျက်သင်္ဘောသစ်မှာလဲ အရေအတွက် ၁၀၀ ထက်မနည်းနိုင် လောက်ပါဘူး။
သင်္ဘောပေါ်တွင် MH-60 Seahawk ရဟတ်ယာဉ် ၁ စီး သို့မဟုတ် ၂ စီး အတွက် လေယာဉ်ရုံ ပါဝင်မှာဖြစ်ပြီး မောင်းသူမဲ့ ရဟတ်ယာဉ်ငယ်များကိုပါ ထောက်ပံ့ပေးနိုင်မှာပါ။
Ticonderoga အတန်းအစား သင်္ဘောများဟာ အိုမင်း လာနေပြီဖြစ်လို့ အနားပေးသင့်နေပါပြီ။ ဒါကြောင့် အမေရိကန်ရေတပ်အနေဖြင့် DDG ဖျက်သင်္ဘောသစ်များကို အချိန်မှီ ပြီးစီးအောင် တပ်တော်ဝင်နိုင်ဖို့ လုပ်ကို လုပ်ရမယ့် တာဝန်ဖြစ်ပါတယ်။
ဖျက်သင်္ဘောသစ်မှာ Arleigh Burke အတန်းအစား သင်္ဘောရဲ့ နည်းပညာပိုင်း ဖွဲ့စည်းပုံအများအပြား ကိုတော့ စိတ်ချရမှုရှိစေရန် ပြန်လည်အသုံးပြု နိုင်ဖွယ် ရှိပါတယ်။
Knowledgeworms Copyright © 2021