ဥရောပ သို့မဟုတ် အမေရိကန်သို့ နိုင်ငံတကာ အာကာသစခန်း ပြုတ်ကျနိုင်ဟု ရုရှားမှ ခြိမ်းခြောက်

News Science

ရုရှားမှ ယူကရိန်းကို ကျူးကျော်မှု စတင်ပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှား၏ အာကာသ စီမံကိန်း အကြီးအကဲမှ နိုင်ငံတကာ အာကာသစခန်းဟာ ကမ္ဘာပေါ်သို့ ပြုတ်ကျတော့ ကိစ္စ အကြောင်း ပြောလာပါတယ်။

Roscosmos ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်တဲ့ Dmitry Rogozin မှ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ပါက အမေရိကန် သို့မဟုတ် ဥရောပသို့ နိုင်ငံတကာ အာကာသစခန်း ပြုတ်ကျလာနိုင်ချေကို ဘယ်လို ကယ်တင်မှာလဲလို့ မေးခွန်းထုတ်လိုက်တာပါ။

ဒါဟာ ခြိမ်းခြောက်မှု ပုံစံ ပြောဆိုတာ ဖြစ်ပေမယ့် ဖြစ်တော့ မဖြစ်နိုင်ပါဘူး။

နိုင်ငံတကာ အာကာသစခန်း International Space Station (ISS) ကို ကမ္ဘာ့ ပတ်လမ်းနိမ့် အတွင်းမှာ လွှတ်တင်ထားတာဖြစ်ပြီး ဒုံးပျံနှင့် ခဏအတွင်းမှာ ရောက်ရှိနိုင်ပါတယ်။

ဒါပေမယ့် ပတ်လမ်းကြောင်းအတွင်း လှည့်ပတ်နေသည့် အရှိန် နှေးကွေးလာပါက ကမ္ဘာ့ မြေပြင် ပေါ်သို့ ပြန်လည်ကာ တဖြည်းဖြည်း ပြန်လည် ကျဆင်းနိုင်တဲ့အတွက် ၎င်း၏ အမြင့်ကို ထိန်းထားဖို့ ရုရှား၏ ယာဉ်ကို အသုံးပြုရပါတယ်။

တကယ်လို့ ဒီလုပ်ငန်းစဉ်ကို ရပ်တန့်လိုက်ပါက တန် ၅၅၀ လောက် အလေးချိန်ရှိပြီး ဘောလုံးကွင်း တကွင်းစာလောက် ကြီး တဲ့ ISS ကို ဆက်လက် တည်ငြိမ်စွာ လည်ပတ်နိုင်စေဖို့ အခြားနည်းတွေ လိုအပ်မှာပါ။

ရုရှား၏ အာကာသယာဉ်ကို ဘယ်လို အသုံးပြုသလဲ

ISS ဟာ တနာရီလျှင် အကြမ်းဖျင်းအားဖြင့် ၁၇,၅၀၀ မိုင်နှုန်းဖြင့် လျှင်မြန်စွာ ကမ္ဘာကို မိနစ် ၉၀ တိုင်း တပတ် လှည့်ပတ်နေတာပါ။

၎င်းဟာ အမြင့် ၂၄၈ မိုင်မှ ကမ္ဘာကို လှည့်ပတ်နေတာ ဖြစ်ပေမယ့် အဲဒီ့ အမြင့်မှာတောင် အမှုန်အမွှားလေးများနှင့် တိုက်မိပြီး ၎င်း၏ အလျှင်ကို လျော့ကျစေပါတယ်။

ထိုကဲ့သို့ လျှော့ကျလာပါက ပုံမှန်အားဖြင့် ရုရှား၏ Progress MS-19 လို့ခေါ်တဲ့ ကုန်တင် အာကာသယာဉ်ကို အသုံးပြုပြီး အရှိန် ပြန်မြှင့်ပေးရလေ့ ရှိပါတယ်။

Progress MS-19 ဟာ အာကာသအတွင်း လိုသလို လှုပ်ရှားနိုင်တဲ့ ကုန်တင် အာကာသယာဉ် ဖြစ်ပါတယ်။

Prograss MS-19 Image: Courtesy of Wiki Commons

စိတ်ပူရနိုင်သလား

ISS ဟာ ရုရှားနိုင်ငံ အပေါ်က ဖြတ်ကျော် လှည့်ပတ်နေတာ မဟုတ်တဲ့အတွက် ဖြစ်လာတဲ့ ပြဿနာ မှန်သမျှဟာ သင်တို့အတွက်ပဲ ဖြစ်လိမ့်မယ်လို့ Rogozin က ပြောပါတယ်။

တကယ်တော့ Progress MS-19 ဟာ ISS ကို အရှိန်မြှင့်ဖို့ တခုထဲ နည်းလမ်း မဟုတ်ပါဘူး။

အကြောင်းကတော့ SpaceX ၏ Dragon capsules ကဲ့သို့ တွန်းကန်စနစ်ပါတဲ့ စီးပွားရေးသုံး အာကာသယာဉ်များကို ISS ကို ယာယီအားဖြင့် တွန်းပေးနိုင်ဖို့ အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် NASA ဟာ ၎င်း၏ အာကာသ လွန်းပျံယာဉ် အချို့ကို ISS တွင် ဆိုက်ကပ်ထားစဉ်မှာ ဒီလို တွန်းအားပေးမှုမျိုး စမ်း သပ်ဖူးပါတယ်။

သို့ပေမယ့် NASA ကတော့ ယူကရိန်းကိစ္စနှင့် စီးပွားရေး ပိတ်ဆို့ပေမယ့် အာကာသဆိုင်ရာ ကိစ္စများကိုတော့ အတူ ဆက် လက် ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ ဆက်လက် အတူတကွ လုပ်ကိုင်နိုင်ဦးမယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေနှင့် သုတေသနတွေ လုပ်ရဖို့ နည်းသွားမှာပါ။

Dragon capsule Image: Courtesy of Wiki Commons

တင်းမာမှုတွေ ရှိလာတဲ့အတွက် ရုရှားဘက်မှ နိုင်ငံတကာ အာကာသစခန်းနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများ နောက်ဆုတ်သွားနိုင်ချေ ရှိနေပါတယ်။

မကြာသေးမီကဘဲ ရုရှားဟာ အာကာသလွှတ်တင်မှုများအတွက် ပြင်သစ်နိုင်ငံမှ ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းလိုက်ပါသေးတယ်။

မည်သို့ပင် ဆိုစေကာမူ ISS ခေါ် နိုင်ငံတကာ အာကာသစခန်းဟာ ရုရှား၏ Progress MS-19 မရှိရင်တောင်မှ ပတ်လမ်းထဲမှာ ဆက်ပြီး ရှိနေနိုင်ဦးမှာ ဖြစ်တဲ့အတွက် အနည်းဆုံးတော့ ခေါင်းပေါ်ကိုမော့ပြီး စိတ်မပူရသေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *