အမေရိကန်တို့၏ ထိပ်တန်းလျှို့ဝှက် လက်နက်တခု မကြာခင်မှာ ချပြဖွယ်ရှိ

Military Tech

အမေရိကန် လေတပ်တွင် ထိပ်တန်း လျှို့ဝှက် အာကာသ လက်နက်တခု ရှိနေပြီး ယခုအခါ ကမ္ဘာ့ကို အဲဒီ့ လက်နက်သစ်အကြောင်း ချပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လပေါင်းများစွာ ကြာအောင် လေတပ်ဟာ ဒီ “black” weapon လို့ ခေါ်တဲ့ လက်နက်ကို လျှို့ဝှက် အဆင့်မှ လျှော့ချဖို့ အတွက် ပြင်ဆင်နေခဲ့တာ ဖြစ်ပေမယ့် အချိန်ကိုက်တော့ ဖြစ်ဖို့တော့ လိုမယ်လို့ Breaking Defense သတင်းဌာနမှ ဆိုပါတယ်။

ဒီလို ဖြစ်လာဖို့ကို လေတပ် အကြီးအကဲ နှင့် သမ္မတ ဂျိုးဘိုင်ဒင်တို့ ပထမဆုံး လက်မှတ် ရေးထိုးရမှာ ဖြစ်ပြီး ဒီ အမည်မပေးရ သေးတဲ့ လက်နက် စနစ်ရဲ့ အဓိက အသေးစိတ်အချက်များကိုတော့ အခုချိန်အထိ မသိရှိရသေးပါဘူး။

အမေရိကန် ရေတပ်၏ RIM-161 SM-3

Breaking Defense ၏ အဆိုအရတော့ ဒီလက်နက်ဟာ အမေရိကန် အစိုးရ ထိပ်တန်းခေါင်းဆောင် အနည်းငယ်သာ သိခွင့်ရှိသည့် Special Access Program မှ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလက်နက်ဟာ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိမှာလည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့် သတင်းများအရ အာကာသယာဉ် သို့မဟုတ် ဂြိုဟ်တုများကို ပျက်စီးစေနိုင်တဲ့ လက်နက် ဖြစ်နိုင်ဖွယ် ရှိပါတယ်။

အမေရိကန် စစ်တပ်တွင် အခြေခံကျသည့် အာကာသ တိုက်ဖျက်ရေး လက်နက်များစွာ ရှိနေပြီး ဖြစ်ပါတယ်။ ရေတပ်မှာတော့ ပဲ့ထိန်းဒုံး ကျည် ထိပ်ဖူးများကို ကာကွယ်ဖို့ရာ အတွက် ဒီဇိုင်းဆွဲထားသည့် SM-3 များ ပိုင်ဆိုင်ထားပါတယ်။

အလွယ်ပြောရရင် ပဲ့ထိန်းဒုံးကျည် ထိပ်ဖူး များကို ဂြိုဟ်တုများသွားလာသည့် ကမ္ဘာ့ပတ်လမ်းနိမ့်မှ လမ်းကြောင်းအတိုင်း ပစ်လွှတ်လေ့ ရှိပါတယ်။

အမေရိကန် ကြည်းတပ်၏ Ground-Based Interceptor

အမေရိကန်ရေတပ်ဟာ ၂၀၀၈ ခုနှစ်က အလုပ်မလုပ်တော့တဲ့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ရုံးမှ ဂြိုဟ်တု တလုံးဖြစ်တဲ့ USA-193 ကို SM-3 ဖြင့် အောင်မြင်စွာ ပစ်ချ သက်သေပြပြီး ဖြစ်ပါတယ်။

အခြား တပ်ဖွဲ့များတွင်လည်း အာကာသ ပစ်မှတ်များနှင့် သက်ဆိုင်သည့် ကာကွယ်ရေး လက်နက်များ ရှိနေပြီး ဖြစ်ပါတယ်။

အမေရိကန် ကြည်းတပ်၏ မြေပြင်အခြေစိုက် ကြားဖြတ် ဒုံးကျည် Ground-Based Interceptor ဟာ ဒုံးကျည် ထိပ်ဖူးများကို ကြားဖြတ်နိုင်ပြီး သီအိုရီ အားဖြင့် ဂြိုဟ်တုများကို ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

ရုရှားလုပ် ဂြိုဟ်တုတိုက်ဖျက်ရေး လေဆာစနစ် Peresvet

တချိန်ထဲမှာပဲ အမေရိကန် အာကာသ တပ်ဖွဲ့တွင် Counter Communication System လို့ခေါ်တဲ့ ဆက်သွယ်ရေး တန်ပြန်စနစ်ကို ပိုင်ဆိုင်ထားပါတယ်။

ထရပ်ကားပေါ်တွင် အခြေပြုထားသည့် လှိုင်းဖိဖျက် jammer စနစ်ဟာ ရန်သူ့ တပ်ဖွဲ့များ၏ ဆက်သွယ်ရေး စနစ်များနှင့် ဂြိုဟ်တုလမ်းညွှန် စနစ်များကို အသုံးမပြုနိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။

အမေရိကန် အစိုးရ၏ ထိပ်တန်း ပုဂ္ဂိုလ်များမှ အပ အခြား မည်သူကမှ ဒီ အာကာသ လက်နက်ရဲ့ ပုံစံကို မသိကြပေမယ့် သတင်းအချို့အရ ဒီစနစ်ဟာ SM-3 သို့မဟုတ် GBI တွေနဲ့ အလုပ်လုပ်ပုံခြင်း တူမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ချေတခုကတော့ ဒီလက်နက်ဟာ ရန်သူ့ ဂြိုဟ်တုများကို ရပ်တန့်သွားစေနိုင်သည့် မြေပြင် အခြေစိုက် လေဆာ လက်နက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

Nudol (ဘယ်) Burevestnik (ညာ)

ဒါ့ကြောင့် ဒီလက်နက်ဟာ ရုရှားတို့၏ လက်ရှိ ပိုင်ဆိုင်ထားသည့် ဂြိုဟ်တုများကို ရပ်တန်းသွားစေနိုင်သည့် ထရပ်ကား အခြေပြု Peresvet ဂြိုဟ်တု တိုက်ဖျက်ရေး လက်နက်နှင့် ဆင်တူနိုင်မှာပါ။

ရုရှားနိုင်ငံတွင် Nudol မြေပြင် မှပစ်လွှတ်ရသည့် ဂြိုဟ်တု တိုက်ဖျက်ရေး ဒုံးကျည်နှင့် ဝေဟင်မှ ပစ်လွှတ်ရသည့် Burevestnik ဂြိုဟ်တု တိုက်ဖျက်ရေး ဒုံးကျည်များလည်း ပိုင်ဆိုင်ထားပါတယ်။

မူလက ဒီလက်နက်၏ လျှို့ဝှက် အဆင့် လျှော့ချမှုကို ဩဂုတ်လ နှောင်းပိုင်းတွင် မြင်တွေ့ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် အစီရင်ခံစာအရ အမေရိကန် လေတပ်ဟာ လက်ရှိ အာဖဂန် ပြသနာများကြောင့် ကြေငြာဖို့ ဆန္ဒမရှိသေးဘူးလို့ သိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published.