အမေရိကန် စစ်ဘက်မှ Switchblade ဒရုန်း အမျိုးအစား အရေအတွက် ၁၀၀ လောက် ယူကရိန်းသို့ စစ်ရေး အကူအညီအဖြစ် ပေးပို့မယ်လို့ Politico မှ ဖော်ပြချက်အရ သိရပါတယ်။
အခြား စနစ်များနှင့်အတူ ပေးပို့မည့် စုစုပေါင်း လက်နက်များဟာ အမေရိကန် ဒေါ်လာ သန်း ၈၀၀ လောက်အထိ တန်ကြေးရှိပါတယ်။
အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ် နိုင်ငံများဟာ ယူကရိန်းနိုင်ငံအား ၎င်း၏ ပိုင်နက်အား ကာကွယ်နိုင်ရန် လက် နက် စနစ်များ ထောက်ပံ့ ပေးလျှက်ရှိပါတယ်။
ရုရှားစစ်တပ်များ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေသည်မှာ ၃ ပတ်ကျော် ကာလအတွင်းသို့တောင် ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဒါပေမယ့် နျူကလီးယား ဓာတ်အားပေး စက်ရုံများကို ထိန်းချုပ်နိုင်ခဲ့တာတောင် ယူကရိန်း၏ အဓိက မြို့ကြီးများ၏ ခုခံစစ်ကို ကျော်လွှားနိုင်ဖို့ ခက်ခဲနေဆဲပါ။

အမေရိကန်ဟာ ယူကရိန်း၏ “မပျံသန်းရ ဇုံ” တခု နိုင်ငံအတွင်း သတ်မှတ်ပေးရန် တောင်းဆိုမှုကို လက်မခံခဲ့ပေမယ့် ၎င်း ၏ ဝေဟင်ကို ပိုမို ကာကွယ်နိုင်ဖို့အတွက် လိုအပ်သည့် လက်နက်များ ပိုမို ထောက်ပံ့ပေးနေပါတယ်။
ဥရောပမှ စစ်ရေး အကူအညီများ
ဂျာမနီဟာ မူလက ၎င်း၏ လက်နက်များအား ယူကရိန်းကို ထောက်ပံ့ရန် ငြင်းဆန်ခဲ့သည့် မူဝါဒကို လျှင်လျှင် မြန်မြန် ပြောင်းလဲပေးခဲ့ပြီး ဖြစ်ပါတယ်။
ဂျာမနီအနေဖြင့် ယခုအချိန်အထိ Stinger မြေပြင်မှ ဝေဟင်ပစ် ပုခုံးထမ်း စနစ် ၅၀၀ နှင့် တင့်ဖျက် ၁ ထောင် လောက်အထိ ပံ့ပိုး ပေးပြီး ဖြစ်တယ်လို့ Al Jazeera သတင်းဌာန အဆိုအရ သိရပါတယ်။

ဒါ့အပြင် ဘူဂေးရီးယား၊ ဂရိ နှင့် ဆလိုဗက်ကီးယား တို့မှလည်း ဆိုဗီယက်ခေတ်လုပ် မြေပြင်မှ ဝေဟင်ပစ် လေကြောင်း ကာကွယ် ရေး စနစ်များဖြစ်သည့် S-300 များကို ထောက်ပံ့ပေးထားပါတယ်။
ယူကရိန်းဟာ S-300 များကို အသုံးပြုနေသည့် နိုင်ငံ ဖြစ်တာကြောင့် ၎င်းတို့အနေဖြင့် လေ့ကျင့်ပေးစရာမလိုဘဲ ချက်ချင်း အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားတို့ အသုံးပြုနေသည့် တာတို လေကာစနစ်ဖြစ်သည့် SA-8 များကိုလည်း ယူကရိန်းက အသုံးပြုနေပါတယ်။
အဆိုပါစနစ်များကိုလည်း ရိုမေးနီးယား၊ ပိုလန်၊ ဘူဂေးရီးယား တို့မှ အသုံးပြုနေသည့်အတွက် လိုအပ်ပါက တောင်းယူ အသုံးပြုနိုင်ဦးမှာပါ။

အမေရိကန်၏ ပေးပို့မှုများ
ယူကရိန်း သမ္မတ Volodymyr Zelensky ၏ အဆိုအရ အမေရိကန်မှ Starstreak ပုခုံးထမ်း လေကာစနစ်များ၊ တင့်ဖျက်စနစ်များ၊ တာဝေး သင်္ဘောဖျက် ဒုံးများ၊ လက်နက်တပ်ဆင်ထားသည့် ဒရုန်းများနှင့် အီလက်ထရွန်းနစ် စစ်ဆင်ရေး ကိရိယာများ ပါဝင်သည့် အကူအညီများကို တောင်းဆိုထားကြောင်း သိရပါတယ်။
အမေရိကန်ဟာ ၎င်း၏ တောင်းဆိုမှုကို အမေရိကန် ဒေါ်လာ သန်း ၈၀၀ လောက်ရှိသည့် Stinger ပုခုံးထမ်း ၈၀၀၊ တင့်ဖျက် Javelin ၂ ထောင်၊ အပေါ့စားသံချပ်ကာဖျက် လက်နက် ၁ ထောင်၊ AT-4 သံချပ်ကာဖျက် လက်နက် ၆,၀၀၀ ကို စီစဉ်ပေးခဲ့ပါတယ်။
အောက်လွှတ်တော်၏ နိုင်ငံခြားရေး ကော်မတီ အဖွဲ့ဝင် Mike McCaul ၏ အဆိုအရ ပေးပို့မည့် စနစ်များထဲတွင် တခါသုံး ဒရုန်းဖြစ်သည့် Switchblade ဒရုန်း အရေအတွက် ၁၀၀ လောက် ပါဝင်မယ်လို့ သိရပါတယ်။
အဆိုပါ ဒရုန်းများဟာ သေးငယ်ပြီး ပေါ့ပါးကာ မော်တာကဲ့သို့ ပြွန်မှ ပစ်လွှတ်လို့ ရပါတယ်။

ဒရုန်းကို GPS စနစ်ဖြင့် ထိန်းကျောင်းနိုင်ပြီး ထိန်းချုပ်သူမှ မိုင် ဒါဇင်ပေါင်းများစွာမှ နေပြီး လိုသလို လှုပ်ရှားနိုင်ပါတယ်။
၎င်းကို မော်တာကျည်ကဲ့သို့ ပစ်လွှတ်ပြီး လေထဲတွင် မိနစ် ၃၀ လောက်အထိ ပျံဝဲနိုင်ကာ ပစ်မှတ်ကို တွေ့ပါက ဝင်တိုက်ကာ ပေါက်ကွဲစေတာ ဖြစ်ပါတယ်။
ဒရုန်းဟာ ရွေ့လျားနေသည့် ယာဉ်များကို ပစ်မှတ်ထားနိုင်သလို ခြုံခို တိုက်ခိုက်ရန် စီစဉ်ထားမှုများကိုလည်း ကြိုတင်သိရှိ ဖျက်ဆီးနိုင်ပါတယ်။
ဒါ့ကြောင့် မြို့တော် Kyiv အနီးသို့ နီးကပ်စွာ ရောက်ရှိနေသည့် ရုရှားတပ်များနှင့် ရင်ဆိုင်ဖို့ရာအတွက် အဆိုပါ ဒရုန်းများက ယူကရိန်းတပ်များကို များစွာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။