အမေရိကန် ရေတပ်အတွက် ကမ်းရိုးတန်းနီး စစ်ဆင်ရေး သင်္ဘော Littoral Combat Ship အရေအတွက်ဟာ ဆက်လက် တိုးပွားလျက် ရှိနေပါတယ်။
ဒီ သင်္ဘောတွေဟာ တာဝန်ထမ်းဆောင်နေတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ပေမယ့် စက်ပိုင်းဆိုင်ရာ၊ ပြုပြင်ထိန်းသိမ်းမှုနှင့် စစ် ဆင်ရေးအတွက် ပြသနာများ ရှိနေခဲ့တဲ့ သင်္ဘောများ ဖြစ်ပါတယ်။
USNI မီဒီယာမှ သတင်းများအရ ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ Independence အတန်းအစား LCS သင်္ဘော ၄ စီးကို အနောက် ပစိဖိတ်မှာ ဖြန့်ကျက်မှာဖြစ်ပြီး ကျန်တဲ့ ၂ စီးကိုတော့ အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းမှာ ဖြန့်ကျက်ထားမယ်လို့ သိရပါတယ်။

လက်ရှိမှာ LCS များကို ဒီဇိုင်း ၂ မျိုးဖြင့် တည်ဆောက်ထားတာဖြစ်ကာ Independence အတန်းအစား များမှာ မြန်နှုန်းမြင့် ဝမ်းဗိုက် ၃ ခုပါ Trimaran ဒီဇိုင်းဖြင့် တည်ဆောက်ထားပြီး၊ Freedom အတန်းအစားများမှာ ပုံမှန်မြင်တွေ့နေကျ mono-hull ဒီဇိုင်းဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အစောပိုင်းမှာ အမေရိကန်ရေတပ်အနေဖြင့် အထက်ပါ ဒီဇိုင်း ၂ မျိုးကို ယှဉ်ပြိုင်စေကာ ၁ မျိုးကို ရွေးချယ်ပြီး အစီးရေ ၅၀ အထိ တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ တော့ ဒီဇိုင်း ၂ မျိုးလုံးကို ရွေးချယ်ခဲ့တဲ့အတွက် ဒီဇိုင်းပိုင်းရော ဖွဲ့စည်းပုံပါ ကွဲပြားတဲ့ သင်္ဘော ၂ မျိုးကြားတွင် ရေယာဉ်တပ်သားများဖြစ်စေ၊ သင်္ဘောပစ္စည်များဖြစ်စေ အလဲအလှယ် လုပ်ပြီး အသုံးမပြုနိုင် ဖြစ်နေပါတယ်။
သင်္ဘော၏ အဆင့်မြင့် ဒီဇိုင်းနှင့် အလိုအလျှောက် စနစ်များကြောင့် ရေယာဉ်အဖွဲ့သားလိုအပ်မှု လျှော့ချနိုင်မည်ဟု ဆိုထားခဲ့သော်လည်း လက်ရှိတွင် ယခင်က ဆိုထားသည့် ရေယာဉ် အဖွဲ့သား လိုအပ်ချက် အရေအတွက်ထက် ၂ ဆ လောက် ဖြစ်နေပါတယ်။

ဒါ့ကြောင့် ရေတပ်သားများတွင် ပင်ပန်းမှုနှင့် အလုပ်ချိန် ပိုမိုလုပ်ကိုင်ရသည့် ပြသနာများဖြင့် ဖိစီးလျှက် ရှိနေပါတယ်။
၂၀၂၁ ခုနှစ် အစောပိုင်းမှာ Freedom အတန်းအစား သင်္ဘောများတွင် စက်ပိုင်းဆိုင်ရာ ပြသနာများဟာ အကြီးအကျယ် ဖြစ်လာတဲ့ အတွက် ပြီးစီးပြီးသား သင်္ဘောများကို အသုံးပြုဖို့ ရပ်တန့်ခဲ့ပြီး တာဝန် ထမ်းဆောင် နေတဲ့ သင်္ဘော ၁၀ စီး အတွက် သင်္ဘောကျင်း လိုအပ်နေခဲ့ပါတယ်။
ဘက်ဂျက်နှင့် တည်ဆောက်ရေး ကန့်သတ်မှုများကြောင့် အရေအတွက် မလုံလောက်သည့် အခြေအနေမှာ LCS သင်္ဘောများရဲ့ အပိုင်းဟာ ရေတပ်မှ ဖြည့်ဆည်းရမည့် တာ၀န်များ၏ စွမ်းဆောင်ရည်နှင့် ကိုက်ညီမှု ရှိမရှိနှင့် ပတ်သက်၍ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။
LCS သင်္ဘောတွေကို သဘောကျတဲ့ ဂျပန်တွင် အခြေစိုက်သည့် အမေရိကန် အမှတ် ၇ ရေတပ်အုပ်စုမှ အကြီးအကဲ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Bill Merz ကတော့ ၂၀၂၀ နွေဦးကာလ
USS Theodore Roosevelt လေယာဉ်တင် သင်္ဘော ကပ်ရောဂါ ဒဏ်ခံနေရချိန် အတွင်းမှာ LCS များဟာ တောင်တရုတ် ပင် လယ် ပြင်အတွင်း ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုအခါ LCS သင်္ဘော အမြောက်အများကို ရေပြင်ပစ် ဒုံးကျည်များတပ်ဆင်ပြီး ရန်သူ့သင်္ဘောများကို တိုက်ခိုက်နိုင်စေရန် အဆင့်မြှင့်ထားပြီး ဖြစ်ပါတယ်။ ယခင်က သင်္ဘောတွင် ပါဝင်မည် ဆိုသည့် မိုင်းရှင်းလင်းရေး စနစ်ကိုတော့ တပ်ဆင် နိုင်ဖို့ ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။
Bill Merz ၏ အဆိုအရ LCS သင်္ဘောများဟာ ဂျပန်နိုင်ငံ Ryukyu ကျွန်းများ နှင့် တောင် တရုတ်ပင်လယ်ပြင်ရှိ ရေတိမ်ပိုင်းများနှင့် ကျွန်းစု ဝန်းကျင်များတွင် ကောင်းစွာ စစ်ဆင်ရေး ဆောင်ရွက်နိုင်သည်ဟု ဆိုပါတယ်။
ဒါ့အပြင် LCS များဟာ အမေရိကန် မရိမ်းတပ်ဖွဲ့များအတွက် ရန်သူ့နယ်မြေအနီး စစ်ဆင်ရေးများတွင် အစားထိုး ဆောင်ရွက် နိုင်သော ကြောင့် တခြား ဖျက်သင်္ဘောများနှင့် ခရူဇာ သင်္ဘောများကို နက်ရှိုင်းသည့် ရေပြင်တွင် ပိုမို တာဝန် ထမ်းဆောင်နိုင်ဖို့ အခွင့်အရေး ရရှိလာစေမှာ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်တွင် လက်ရှိ LCS ၂၃ စီး တာဝန် ထမ်းဆောင်နေပြီး နောက်ထပ် ၁၅ စီး ထပ်မံ တည်ဆောက်သွားဖို့ စီ စဉ် ထားပါတယ်။

စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ နှင့် ပြုပြင်ထိန်းသိမ်းဖို့ ပြသနာတွေ ဖြစ်ပေါ်နေတဲ့ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တည် ဆောက်ခဲ့သည့် သက်တမ်းအရင့်ဆုံး LCS ၄ စီးကို အနားပေးဖို့ တင်ပြထားပေမယ့် အမေရိကန် ကွန်ဂရက်မှ အဆိုပါ ၄ စီးထဲမှ သက်တမ်းအရင့်ဆုံး USS Freedom ၁ စီးသာ အနားပေးဖို့ ခွင့်ပြုခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။