အမေရိကန်သမ္မတ အိမ်ဖြူတော်အကြောင်း

History Knowledge

အိမ်ဖြူတော်ကို အမေရိကန် သမ္မတများအဆက်ဆက် နေထိုင်ရုံးစိုက်ခဲ့ကြသည့် နေရာနှင့် အမေရိကန်ပြည်သူတို့၏ အမှတ်လက္ခဏာတစ်ခုအဖြစ် တစ်ကမ္ဘာလုံးက သိရှိထားကြပါတယ်။ အိမ်ဖြူတော်နှင့် ပတ်သက်သည့် အံ့ဩဖွယ်ရာများကလည်း မှတ်တမ်းများစွာ ရှိနေခဲ့ပါတယ်။

အိမ်ဖြူတော်ကို ဒီဇိုင်းရေးဆွဲခဲ့သူကတော့ ဒဗ္ဗလင်မြို့တွင် ပညာသင်ယူခဲ့တဲ့ ဗိသုကာပညာရှင် ဂျိမ်းစ်ဟိုဘင် ဆိုသူ အိုင်ယာလန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ သမိုင်းပညာရှင်များက ဂျိမ်းစ်ဟိုဘင်သည် အိုင်ယာလန်ရှိ လိန်းစ်စတားစံအိမ်၏ အခြေခံကိုယူကာ အိမ်ဖြူတော်ကို ဒီဇိုင်းထုတ်ခဲ့သည်ဟု ယူဆကြပါတယ်။

၁၇၉၀ ခုနှစ်ဝန်းကျင်‌တွင် အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်က ဗိသုကာပညာရှင် ဂျိမ်းစ်ဟိုဘင်ရေးဆွဲပေးခဲ့သော ပုံစံကို အလွန်အမင်းသေးငယ်သည်ဟုဆိုကာ အသုံးပြုရန်ငြင်းဆန်ခဲ့သည်။

၁၇၉၆ ခုနှစ်တွင် ရွေးချယ်ခံရသော ဒုတိယမြောက် သမ္မတ ဂျွန်အဒမ်သည် အိမ်ဖြူတော်တွင် ပထမဆုံးနေထိုင်ခဲ့သည့် အမေရိကန်သမ္မတဖြစ်လာခဲ့ပါတယ်။

အိမ်ဖြူတော်တွင် အခန်းပေါင်း ၁၃၂ ခန်း၊ရေချိုးခန်းအိမ်သာ ၃၅ ခန်းရှိပါတယ်။ အိမ်ဖြူတော်တွင် နေထိုင်သူ ၊ အလုပ်လုပ်သူ၊ လာရောက်လည်ပတ်ကြသူများအတွက် နေရာချထားနိုင်သည့် အထပ်က ၆ ထပ်ရှိပါတယ်။

မြေအောက်ထပ် ၂ ထပ် ၊ အများသုံး ၂ ထပ် နှင့် သမ္မတကြီးမိသားစုအတွက် ၂ ထပ်ဖြစ်ပါတယ်။ တံခါးပေါက် ၄၁၂ ခု ၊ ပြတင်းပေါက် ၁၄၇ ခု ၊ မီးဖို ၂၈ ဖို၊လှေကား ၈ ခု နှင့် ဓါတ်လှေကား ၃ စီးရှိပါတယ်။

သမိုင်းတစ်လျှောက်တွင် အိမ်ဖြူတော်ကို သမ္မတ နန်းတော်၊သမ္မတစံအိမ်၊အုပ်ချုပ်ရေးအဆောက်အအုံဟု သိရှိခဲ့ကြပါတယ်။ ၁၉၀၁ ခုနှစ် ၊ သမ္မတ သီအိုဒိုရုစဗဲ့ လက်ထပ်မှာတော့ အိမ်ဖြူတော်ဟု တရားဝင်ခေါ်ဆိုခဲ့ပါတယ်။

အိမ်ဖြူတော်ကို နေ့စဉ် လူပေါင်း ၆၀၀၀ နီးပါး လာရောက် လည်ပတ်လေ့ရှိတယ်လို့ဆိုပါတယ်။ အိမ်ဖြူတော်တွင် အချိန်ပြည့် စာဖိုမှူး ၅ ဦးရှိပြီး မီးဖိုခန်းမဟာလည်း လူ ၁၄၀ ကို ညစာကျွေးမွေးနိုင်ရန် ကျယ်ဝန်းပြီး လူ ၁၀၀၀ အတွက် အမြည်းစီစဉ်ပေးနိုင်တယ်လို့ဆိုပါတယ်။

အိမ်ဖြူတော်အတွင်း တင်းနစ်ကွင်း တစ်ကွင်း၊အပြေးလေ့ကျင့်လမ်း တစ်ခု ၊ရေကူးကန်တစ်ကန်၊ကပွဲရုံတစ်ရုံ၊ဘိလိယက်ထိုးခန်းတစ်ခန်း၊ဘိုးလင်းကစားရုံတစ်ခုတို့ပါရှိပါတယ်။အိမ်ဖြူတော်ဟာ အမေရိကန်ပြည်ထောင်စုတွင် ပြည်တွင်းစစ် ဖြစ်သည့်အချိန်အထိ အကြီးဆုံးအဆောက်အအုံတစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ ပုံစံကိုလည်း အကြိမ်များစွာပြောင်းလဲခဲ့ကြပါတယ်။ ၁၈၀၀ ပြည့်နှစ်အစောပိုင်း သမ္မတ သောမတ်စ်ဂျက်ဖာဆင် လက်ထက် ၊ဗိသုကာပညာရှင် ဟင်နရီလက်ထရုတ်နှင့်အတူ အိမ်ဖြူတော်ကို တိုးချဲ့မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဂျိမ်းဟိုဘင်သည်လည်း လက်ထရုတ် ပုံကြမ်းထုတ်ခဲ့သည့်လပုံစံကို အခြေခံကာ အိမ်ဖြူတော်ပေါ်တီကို တိုးချဲ့ခဲ့ပါတယ်။ ၁၈၁၇ ခုနှစ်က တောင်ဘက်မှာရှိတဲ့ ဘဲဉပုံ သဏ္ဌာန်ရှည်ဝိုင်းဝိုင်းရှိတဲ့ ပေါ်တီကို ကို ပြင်သစ်နိုင်ငံမှ လှပသော ရာ့စ်တီးညာ့ရဲတိုက်နှင့် ပုံစံတူတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။

အိမ်ဖြူတော်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာလာချိန်မှာတော့ အိမ်ဖြူတော်၏ သစ်သားရက်မတန်းများနှင့် နံရံများဟာ အားနည်းလာခဲ့တဲ့အတွက် အင်ဂျင်နီယာများက အိမ်ဖြူတော်ကို အန္တရာယ်ရှိသော အဆောက်အအုံအဖြစ်ကျေညာခဲ့ပြီး အချိန်မီ ပြင်ဆင်မှုများမလုပ်ပါက ပြိုကျမည့် အန္တရာယ်ရှိကြောင်း ပြောခဲ့ကြပါတယ်။

ဒါ့ကြောင့် ၁၉၄၈ ခုနှစ်တွင် သမ္မတ ထရူးမင်းလက်ထပ်က အိမ်ဖြူတော်အတွင်းပိုင်းတံခါးများကို ဖယ်ထုတ်ပြီး သံမဏိရက်မတန်းအသစ်များဖြင့် ထောက်ပင့်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်တွင်မှ ပြင်ဆင်မှုပြီးဆုံးခဲ့ပါတယ်။

အိမ်ဖြူတော်ကို တည်ဆောက်ခဲ့စဉ်က ဗာဂျီးနီးယားပြည်နယ်၊အကွာရိယာကျောက်မိုင်းမှ မီးခိုးရောင်သဲကျောက်များဖြင့် ဆောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။

အိမ်ဖြူတော်ကို ဗြိတိသျှတို့မီးရှို့လိုက်သဖြင့် ပြန်လည်တည်ဆောက်ခဲ့ချိန်အထိ သဲကျောက်နံရံများကို အဖြူရောင်မသုတ်ခဲ့ပါ။မီးရှို့ခံရပြီးနောက်ပိုင်းမှသာ အိမ်ဖြူတော်ကို အဖြူရောင်ဆေးသုတ်ခဲ့ပြီး ဆေးဂါလံပေါင်း ၅၇၀ အသုံးပြုခဲ့ရသည်ဟု ဆိုပါတယ်။

အိမ်ဖြူတော်ကို အမေရိကန်ဒေါ်လာ သန်း ၁၁၀ တန်သည်ဟု ဆိုကြပါတယ်။ ဗာဂျီးနီးယားပြည်နယ် ၊ မက်ကလင်းတွင် အိမ်ဖြူတော်နှင့်ပုံစံတူ တစ်လုံးကို မြေနေရာ ၁၄၀၀၀ စတုရန်းပေပေါ်တွင် ဆောက်လုပ်ထားပါတယ်။

အိမ်ဖြူတော်အစစ်မှာမူ ဧရိယာစတုရန်းပေ ၅၅၀၀၀ ခန့်ကျယ်ဝန်းပါတယ်။

ထိုပုံစံတူ အိမ်ဖြူတော်တွင် ဘဲဉပုံရုံးခန်း ၊လင်ကွန်းအိပ်ခန်းတို့ကို မူလအရွယ်အတိုင်း ထည့်သွင်းဆောက်လုပ်ထားပါတယ်။

ယင်းအိမ်ကို မူလဆောက်လုပ်ခဲ့သောပိုင်ရှင်များက အိမ်ဖြူတော်ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူနိုင်သည်ဟု ဆိုပါတယ်။ ဝယ်ယူမည့်သူဟာ ကိုယ်ပိုင်ရဟတ်ယာဉ်တော့ ယူဆောင်ဆောင်လာရန်တော့လိုအပ်ပါတယ်။

ဗာဂျီးနီးယားက ပုံစံတူ အိမ်ဖြူတာ်

ယခုအခါ အမေရိကန်သမ္မတ အိမ်ဖြူတော်သည် သက်တမ်း ၂၂၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၁၇၉၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဆိတ်ငြိမ်လှသည့် အခမ်းအနားတစ်ခု ပြုလုပ်ကာ ပန္နက်တင်ခဲ့သည့်အိမ်ဖြူတော်ဟာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း မီးရှို့ခံခဲ့ရသကဲ့သို့ ပြိုလုနီးပါးလည်း ဖြစ်ခဲ့ပါသေးတယ်။

သို့သော်လည်း အိမ်ဖြူတော်သည် အမေရိကန်နိုင်ငံ၏ ပြယုဂ်၊ကမ္ဘာပေါ်တွင် အထင်ရှားဆုံး သမ္မတစံအိမ်တစ်ခုအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *