F-35 ထက် ၂ ဆ လောက် ကုန်ကျမည့် ဆဌမ မျိုးဆက် တိုက်လေယာဉ်သစ် အကြောင်း သိရသမျှ

Article Military

အမေရိကန်လေတပ်၏ မျိုးဆက်သစ် တိုက်လေယာဉ်ဟာ ဝေဟင်မှ ဝေဟင် တိုက်ခိုက်နိုင်မည်အပြင် မြေပြင် ပစ်မှတ်များကို ပါ တိုက်ခိုက်နိုင်မယ်လို့ အမေရိကန် လေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး CQ Brown က ပြောပါတယ်။

နောက်ဆုံး ရရှိထားသည့် သတင်းများအရ လေယာဉ်သစ်ဟာ ဒေါ်လာ သန်း ၈၀ လောက် ကုန်ကျသည့် F-35 များထက် ၂ ဆ လောက် ကုန်ကျမယ်လို့ မျှော်မှန်းထားကြောင်းသိရပါတယ်။

ဒီတိုက်လေယာဉ်ဟာ ၎င်းကို အသုံးပြုမယ့် စစ်ဆင်ရေး ဒေသတွေပေါ်မူတည်ပြီး မျိုးကွဲ ၂ မျိုးဖြင့် ထုတ်လုပ်လာဖွယ် ရှိပါတယ်။

Next Generation Air Dominance (NGAD) လို့ခေါ်တဲ့ မျိုးဆက်သစ် လေကြောင်းစိုးမိုးရေး တိုက်လေယာဉ်ဟာ ၎င်း၏ အဓိက စစ်ဆင် ရေးမှာ အမည်ပေးထားသလိုပဲ ရန်သူ့ တိုက်လေယာဉ်များကို ဝေဟင်တွင် အနိုင်ယူကာ အမေရိကန်နှင့် မဟာမိတ်များ၏ ဝေဟင် စိုးမိုးမှုကို ရယူပေးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် လေတပ်အကြီးအကဲကတော့ ဒီ လေယာဉ်သစ်ဟာ ဘက်စုံသုံး လေယာဉ်ဖြစ်လာမှာ ဖြစ်ပြီး ဝေဟင် ပစ်မှတ်များအပြင် မြေပြင် ပစ်မှတ်များပါ တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မယ်လို့ လွန်ခဲ့တဲ့ ၂၀၂၁ ဇွန်လက ပြောခဲ့ပါတယ်။

Air Force Magazine က ဒီ လေယာဉ်ဟာ ၎င်းကို အန္တရာယ်ပေး ခြိမ်းခြောက်နိုင်တဲ့ ရန်သူ့ လေကာစနစ်တွေကို ဖျက်ဆီးနိုင်တယ်လို့ ဆိုပါတယ်။

အနားယူသွားတဲ့ ယခင် လေကြောင်းတိုက်ခိုက်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး James M. Holmes အဆိုအရ NGAD တိုက်လေယာဉ်ကို မျိုးကွဲ ၂ မျိုး ဖြင့် တွေ့မြင်နိုင်ဖွယ် ရှိပြီး

ပထမ အမျိုးအစားမှာ အင်ဒို ပစိဖိတ် ဒေသအတွက် တာဝေး တိုက်ခိုက်နိုင်ကာ လက်နက်ပိုမိုသယ်ဆောင်နိုင်မယ့် အမျိုးအစား ဖြစ်ပြီး

ဒုတိယ အမျိုးအစားမှာ ဥရောပ စစ်မျက်နှာပြင်အတွက် တာတို တိုက်ခိုက်နိုင်မယ့် အမျိုးအစား ဖြစ်မယ်လို့ ဆိုပါတယ်။

၂၀၂၀ စက်တင်ဘာလမှာ အမေရိကန် လေတပ်ဟာ ၎င်းတို့၏ ဆဌမမျိုးဆက် တိုက်လေယာဉ်သစ်ဟာ တနှစ်အတွင်းမှာ ဒီဇိုင်းဆွဲ ထုတ်လုပ်ပြီးစီး နေသည့်အပြင် စမ်းသပ်ပျံသန်းနေပြီလို့ ကြေငြာခဲ့ပါတယ်။

ဒီတိုက်လေယာဉ်သစ်ဟာ အမေရိကန်လေတပ်မှာ လက်ရှိ အသုံးပြုနေတဲ့ Lockheed Martin F-22 Raptor တိုက်လေ ယာဉ်တွေ နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

ယခုအနေအထားအထိ စမ်းသပ် ပျံသန်းနေပြီဖြစ်တဲ့ တိုက်လေယာဉ်သစ်ကို မည်သည့် ကုမ္ပဏီက ထုတ်လုပ်ပေးတယ်၊ ရှေ့ပြေးပုံစံ ဘယ်နှစင်း ရှိတယ်၊ ဘယ်လို ပုံစံရှိတယ်၊ ဘယ်လောက်အမြန်နှုန်းရှိတယ် ဆိုတာတွေတော့ ဘာမှ မသိရသေးပါဘူး။

ဒါ့အပြင် စမ်းသပ် ပျံသန်းနေသည့် အင်ဂျင်ဟာလည်း အင်ဂျင်သစ် ဖြစ်နိုင်ဖွယ် မရှိသေးဘဲ Adaptive Engine Transition Program (AETP) မှ ထွက်လာမည့် အင်ဂျင်ဟာ F-35 များအတွက်ဘဲ မျိုးဆက်သစ် လေယာဉ်များအတွက် ဖြစ်နိုင်ပါတယ်။

မောင်းသူမဲ့လေယာဉ် XQ-58A Valkyrie နှင့် F-35 တွဲဖက်ပျံသန်းနေပုံ သရုပ်ပြ

မီဒီယာတွေကလည်း မျိုးစုံ ခန့်မှန်းနေကြပြီး ယခု ထွက်ပေါ်လာသည့် အမျိုးအစား ၂ မျိုးအနေဖြင့် ထုတ်လုပ်မည်ဆိုသည့် သတင်းကတော့ ဖြစ်နိုင်ချေ ရှိပါတယ်။

အမေရိကန်တို့ စမ်းသပ်နေသည့် စတုတ္ထမျိုးဆက် တိုက်လေယာဉ် + ပဥ္စမ မျိုးဆက် တိုက်လေယာဉ် + မောင်းသူမဲ့ လေ ယာဉ် အတွဲလိုက် အသုံးပြုသည့် family of systems ကိုတော့ တိုက်လေယာဉ်သစ်မှာ ပိုမို ကောင်းမွန်စွာ လုပ်ဆောင်လာနိုင်မှာ သေချာပါတယ်။

လက်ရှိ လေယာဉ် ၃ မျိုးတွဲ စစ်ဆင်ရေး စနစ်တွင် မောင်းသူမဲ့လေယာဉ်ဟာ ကင်းထောက်နှင့် ကာကွယ်ရေးကို ရှေ့ပြေးယာဉ်အဖြစ် တာ ဝန် ထမ်းဆောင်ပြီး F-35 များဟာ အချက်အလက် မျှဝေခြင်း နှင့် အမိန့်ပေးခြင်းများ လုပ်ဆောင်ကာ F-15EX များက တိုက်ခိုက်ရေး တာဝန်များကို ထမ်းဆောင်စေတာ ဖြစ်ပါတယ်။

၂၀၂၀ ဒီဇင်ဘာလလယ် အတွင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အမေရိကန်ရဲ့ နာမည်ကျော် U-2 ထောက်လှမ်းရေးလေယာဉ်ဟာ ကမ္ဘာ့ထိပ်တန်း µZero ကွန်ပျူတာစနစ်ကိုအသုံးပြုပြီးတော့ Artificial Intelligence (ဦးနှောက်တု) စနစ်နဲ့မောင်းနှင်စမ်းသပ်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ပထမဆုံး AI ကို ထိန်းချုပ် မောင်းနှင်စေတာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ ဒုံးကျည် ပစ်ခတ် တိုက်ခိုက်ခံရတဲ့ ပုံစံကို စမ်းသပ်ခဲ့ပြီး မောင်းနှင်သူလူက ရန်သူ့လေယာဉ်ကိုစောင့်ကြည့်တဲ့ တာဝန်ကို လုပ် ဆောင် ပြီးတော့ AI စနစ်က ဒုံးကျည်ပစ်လွှတ်လိုက်တဲ့ ရန်သူ့နေရာကို အလိုအလျှောက် ရှာဖွေပေးတဲ့ စနစ်ကို တာဝန်ယူပြီး လုပ် ဆောင် ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုအသစ်ထွက်ရှိလာမယ့် 6th generation လေယာဉ်အသစ်မှာ ကြမ်းတမ်းတဲ့ ရာသီဥတုတွေမှာ လေယာဉ် အဆင်း အတက် ဆောင်ရွက်မှုများအပြင် တခြား အရေးပါသည့် ကူညီမှုများ ပြလုပ်နိုင်သည့် AI Co-pilot တွေပါဝင် လာနိုင်ပါတယ်။

ထို့အတူ AI စနစ်များအပါအဝင် ဝေဟင်မှ ဝေဟင်/မြေပြင် ထောက်လှမ်းသည့် ရေဒါစနစ်များ၊ ရေဒီယိုလှိုင်းများ၊ အီလက်ထရောနစ် စစ်ပွဲ နှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များ စသည်တို့ကို System တခုထဲမှာ ထိန်းချုပ်နိုင်သည့် စွမ်းရည်များပါ ပါရှိနိုင်ဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.