အမေရိကန်လေတပ်ဟာ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်သစ် ဖြစ်တဲ့ Textron Aviation မှထုတ်လုပ်ထားတဲ့ AT-6 Wolverine တစ်စီးကို ဖေဖော်ဝါရီလကလည်းက ပထမဆုံး အနေနဲ့ လက်ခံရရှိခဲ့ပါတယ်။
AT-6 ဟာ ဘက်စုံသုံး ပန်ကာတပ် turboprop အင်ဂျင်သုံး အပေါ့စား တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီး အဆိုပါ လေယာဉ်မှာ ခေတ်အမှီဆုံး ISR ထောက်လှမ်း ရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက် စနစ်များ၊ အဆုံးအစွန်ထိ တပ်ဖြန့်နိုင်မှုနှင့် ရေရှည်အသုံးပြုနိုင်မှု စတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားပါတယ်။

ဒီ လေယာဉ်သစ်တွေဟာ တန်ဖိုး၊ အလွယ်တကူ လေ့ကျင့်နိုင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် အကျိုးများမှုမှာ ပြိုင်ဖက်ကင်းကာ ၎င်း ၏ မျိုးရင်း Beechcraft T-6 Texan II များနှင့် အပိုပစ္စည်း ၈၅ ရာခိုင်နှုန်းလောက် တူညီမယ်လို့ သိရပါတယ်။
AT-6 Wolverine တွေကို လက်နက်တပ်ဆင်မှုပုံစံပေါင်း ၃၅ မျိုးခန့် ပြုလုပ်နိုင်ပြီး အထူး စစ် ဆင်ရေးများတွင် အနီးကပ်ပစ်ကူမှုများ၊ လက်နက်တပ်ဆင်ပြီး ထောက်လှမ်း ရေး၊ စောင့်ကြည့်ရေးနှင့် ကင်းထောက် စနစ်များ ဆောင်ရွက်သည့် စစ်ဆင်ရေးများ၊
ကင်းထောက်နှင့်စီးနင်း တိုက်ခိုက်မှု စစ်ဆင်ရေးများနှင့် အနီးကပ်ပစ်ကူရာတွင် မိမိတပ်သားများ ထိခိုက်နိုင်မှုကို မရှိအောင် ဆောင်ရွက်ခြင်းများ စတဲ့ စစ်ဆင်ရေးများမှာ အသုံးပြုနိုင်ပါတယ်။
ဒီလေယာဉ်ဟာ လေဆာလမ်းညွှန် ဒုံးကျည်များကို အသုံးပြုနိုင်မှာဖြစ်ပြီး Electro-Optic အာရုံ ခံစနစ်တွေ နဲ့ Data Link စနစ်တွေ ပါဝင်ပါတယ်။

အမေရိကန်လေတပ်ဟာ ဒီ ဒေါ်လာ ၇၀.၂ သန်းတန် AT-6 လေယာဉ်သစ် ၂ စီးကို ၂၀၂၀ မတ်လလောက်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်များဟာ အမေရိကန်၏ ပျံသန်းစရိတ် သက် သာသည့် မြေပြင် တိုက်ခိုက်ရေး လေယာဉ်များကို ရှာဖွေနေသည့် ရည်ရွယ်ချက်ကြောင့် အနာဂါတ်မှာ ဒါဇင်ပေါင်းများစွာ မှာယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။
လက်ရှိနှင့် ဝယ်ယူဖို့ အလားအလာရှိတဲ့ မိတ်ဖက်တပ်ဖွဲ့များ၏ ခေတ်မှီမှုကို အရှိန်မြှင့်တင်ပေးနိုင်ပြီး မလိုအပ်ဘဲ အဆင့်မြင့် တိုက်ခိုက်ရေးလေယာဉ်များ အသုံးပြုခြင်းအစား ဒီအပေါ့စားတိုက်လေယာဉ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အမေရိကန် လေတပ်ဟာ AT-6 လေယာဉ်များအပြင် Sierra Nevada Corporation မှထုတ်လုပ်တဲ့ ဒေါ်လာ ၁၂၉ သန်း တန်ကြေးရှိ Nevada/Embraer A-29 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ၂ စီးပါဝင်တဲ့ စာချုပ်ကို မတ်လ ၂၀၂၀ မှာပဲ ချုပ်ဆိုခဲ့ပါသေးတယ်။

Sierra Nevada နှင့် Textron ကုမ္ပဏီ နှစ်ခုဟာ လက်ရှိမှာ အမေရိကန်ရဲ့ အပေါ့စား တိုက် လေယာဉ် စမ်းသပ်မှုမှာ ပါဝင်လုပ်ဆောင်နေတာဖြစ်ပါတယ်။
AT-6 နှင့် A-29 အပေါ့စားတိုက်လေယာဉ် နှစ်စီးလုံး၏ ပျံသန်းမှု ကုန်ကျစရိတ်မှာ တစ်နာရီကို ဒေါ်လာ ၁ ထောင် အောက်သာ ကျသင့်မှာဖြစ်လို့ ကုန်ကျစရိတ် အလွန်အမင်း သက်သာစေမှာ ဖြစ်ပါတယ်။
လက်ရှိမှာ A-29 များကို ဘရာဇီး၊ ကိုလန်ဘီယာ၊ အာဖကန်၊ အီကွေဒေါ၊ ဒိုမီနီကန်၊ အင်ဒိုနီးရှား၊ လက်ဘနွန် နှင့် နိုင်ဂျီးရီးယားနိုင်ငံများမှာ အသုံးပြုနေပြီးတော့
AT-6 လေယာဉ်သစ်နှင့် ဆင်တူသည့် T-6 Texan II များကိုတော့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ အစ္စရေး၊ ဂရိ နှင့် မော်ရိုကို နိုင်ငံများမှာ အခြေခံ လေယာဉ်မောင်းသင်တန်းအတွက် အသုံးပြုနေပါတယ်။
Knowledgeworms Copyright © 2021