၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ကုန်းရေ နှစ်သွယ် စစ်ဆင်ရေး သင်္ဘော USS Tripoli (LHA 7) အတွက် အမေရိကန် ရေတပ်မှ အ ချက် အလက်များ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါကတော့ အဆိုပါ သင်္ဘော အတွက် ပထမဆုံး တိုက်ခိုက်ရေးစနစ် အရည်အချင်းစစ်ဆေးမှု (CSSQT) ကို ယခုလ အစောပိုင်းမှာ ပြီးစီးခဲ့သည့် အကြောင်း ဖြစ်ပါတယ်။
CSSQT စစ်ဆေးမှုဟာ သင်္ဘော၏ လက်နက်စနစ်များကို စစ်ဆင်ရေး ပတ်ဝန်းကျင်အတွင်း ဝင်ရောက်လာသည့် ခြိမ်းခြောက်မှုများအား ထိရောက်စွာ ဆက်သွယ် တားဆီးနိုင်စွမ်း ရှိမရှိကို စမ်းသပ်သည့် အဓိက မှတ်တိုင်တခု ဖြစ်ပါတယ်။
စမ်းသပ် စစ်ဆေးမှုအဆင့်များတွင် သင်္ဘော၏ ကိုယ်ပိုင် ကာကွယ်ရေး စနစ်၏ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ဖို့ စမ်းသပ်မှု များစွာကို ကျော်ဖြတ်ရပါတယ်။

အဆိုပါ စမ်းသပ်မှုများတွင် သင်္ဘော၏ ရေဒါ စမ်းသပ်မှုများ၊ Rolling Airframe Missile (RAM) လုပ်ဆောင်မှုများ၊ NATO Sea Sparrow သင်္ဘောဖျက်ဒုံးမျာနှင့် စမ်းသပ်မှုများ နှင့် CIWS အနီးကပ် ကာကွယ်ရေး စနစ်စမ်းသပ်မှုများ ပါဝင်ပါတယ်။
ဒီ CSSQT စစ်ဆေးမှု အပြီးမှာတော့ Tripoli သင်္ဘောဟာ သင်္ဘော၏ တိုက်ခိုက်မှု အဆင့်သင့် ဖြစ်မှုနှင့် ရေတပ်အတွက် စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောတစီး ဖြစ်လာဖို့အတွက် နောက်ထက် အသိမှတ်ပြု လက်မှတ်များနှင့် အရည်အချင်း စစ်ဆေးမှုများ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
USS Tripoli (LHA-7) ဟာ America အတန်းအစား ကုန်းရေနှစ်သွယ် စစ်ဆင်ရေး သင်္ဘောများ၏ ဒုတိယမြောက် သင်္ဘောတစီး ဖြစ်ပါတယ်။
Tripoli ကို Ingall သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီ (Huntington Ingalls Industries) မှ ကုမ္ပဏီ၏ သင်္ဘောကျင်း တည်ရှိရာ ပက်စ်ကဂူလာ မြို့ မစ္စစ္စပီပြည်နယ်တွင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
သင်္ဘော၏ အစိတ်အပိုင်းများကို ဇူလိုင်လ ၂၀၁၃ ခုနှစ်တွင် စတင် ထုတ်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာတော့ ပက်စ်ကဂူလာမြို့ရှိ သင်္ဘောကျင်းတွင် ရေချသည့် အခမ်းအနား ကျင်းပခဲ့ပါတယ်။

သင်္ဘောသစ် Tripoli ဟာ ၂၀၂၀ ခုနှစ်မှာတော့ မစ္စစ္စပီပြည်နယ် ပက်စ်ကဂူလာမြို့တွင် စတင် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
ကုန်းရေနှစ်သွယ် စစ်ဆင်ရေး သင်္ဘော USS Tripoli ကို hybrid mechanical-electrical စနစ်ဖြင့် မောင်းနှင် ခုတ်မောင်းစေတာ ဖြစ်ပါတယ်။
ခုတ်မောင်းသည့် စနစ်တွင် LM2500+ ဓာတ်ငွေ့တာဘိုင် ၂ ခုနှင့် မြင်းကောင်ရေ ၅,၀၀၀ လောက် ပေးနိုင်သည့် အရံ တွန်းကန်စနစ် မော်တာ ၂ လုံး ကို တပ်ဆင်ပေးထား ပါတယ်။
ဓာတ်ငွေ့ တာဘိုင် တခုချင်းစီမှ မြင်းကောင်ရေ ၃၅,၂၉၀ လောက်အထိ ထုတ်ပေးနိုင်ပြီး တနာရီ ရေမိုင် ၂၂ မိုင်ထက် ပိုသည့် အမြန်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။
တပ်ဆင်ထားသည့် လက်နက်များကတော့ Rolling Airframe ဒုံးကျည် ပစ်လွှတ်လောင်ချာ ၂ ခု၊ Sea Sparrow ဒုံးကျည် ပစ်လွှတ်စနစ် ၂ ခု၊ ၂၀ မီလီမီတာ Phalanx CIWS ၂ ခုနှင့် ၂ခုတွဲ .၅ BMG စက်ကလေး ၇ လက် ပါဝင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။