Volkswagen ကားကုမ္ပဏီကို ကျွန်တော်တို့ဆီမှာတော့ လိပ်ခုံးကားလို့ခေါ်တဲ့ Volkswagen Beetle ကားလေးများနှင့် တွဲပြီး သိကြပါတယ်။
ဂျာမန်ကားကုမ္ပဏီ တခုဖြစ်သည့် Volkswagen ဟာ လက်ရှိမှာ Tesla ၏ လျှပ်စစ်စွမ်းအင်သုံး ကားများနှင့် ဈေးကွက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတာပါ။
ထူးခြားတာကတော့ Volkswagen ဟာ တရုတ်ရဲ့ နာမည်ကြီး ကုမ္ပဏီဖြစ်တဲ့ Huawei ပိုင်ဆိုင်ထားတဲ့ အလိုအလျှောက် မောင်းနှင်စနစ် လုပ်ငန်းကို ဝယ်ယူဖို့ စဉ်းစားနေတာပါ။
လက်ရှိအနေအထားမှာ ဝယ်ယူမှုနှင့် ပတ်သတ်လို့ ကုန်ကျမယ့် ပမာဏကို မသိရှိရသေးပေမယ့် ဒါဟာ Volkswagen အ တွက် တဆင့်ကျော် ခုန်တက်လိုက်တဲ့ ခြေလှမ်းတခုလို့ ပြောလို့ရပါတယ်။

Huawei ရဲ့ အလိုအလျှောက် မောင်းနှင်စနစ် စွမ်းဆောင်ရည်ဟာ နှစ်အနည်းငယ်အတွင်းမှာ များစွာ တိုးတက်ခဲ့ပြီး Tesla နှင့် မကြာခင်မှာ ယှဉ်ပြိုင်နိုင်တဲ့ အလားအလာတွေရှိနေပါတယ်။
ဒါ့ကြောင့် Volkswagen ဟာ လက်လွတ်မခံဘဲ Tesla က ၎င်း၏ ကားများရဲ့ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ဖို့ ရုန်းကန်နေရချိန်မှာ ကြီးမားတဲ့ အရွေ့တခု လုပ်ဆောင်လိုတာ ဖြစ်နိုင်ပါတယ်။
Tesla အနေနဲ့ ၎င်း၏ အလိုအလျှောက် စနစ်ဟာ ထိခိုက်မှုတွေ လုံးဝမရှိစေတဲ့ နည်းပညာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပေမယ့် ဆော့ဖ်ဝဲလ်ရဲ့ အနေအထားဟာ တိုက်ရိုက်အနေနဲ့ အန္တရာယ် မရှိနိုင်သည့်တိုင် အတော်များများက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

အလားတူ အချိန်မှာပဲ Volkswagen ဟာ ၎င်း၏ အလိုအလျှောက် မောင်းနှင်စနစ်နဲ့ ပတ်သက်လို့ အတွေ့အကြုံရှိပြီးဖြစ်ကာ ရှေ့ပြေးပုံစံကို ၂၀၁၇ ခုနှစ် အစောပိုင်းလောက်က ပြသခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် အကြောင်းအရင်း မသိရှိရဘဲ အဲဒီ့ကတည်းက ယခုအချိန်အထိ ရှေ့ပြေးပုံစံနဲ့ ပတ်သက်တဲ့ သတင်းတွေကို မရရှိတော့ပါဘူး။
Huawei ကို ဝယ်ယူမှုဟာ သက်သက် သာသာတော့ ရှိမှာ မဟုတ်ဘဲ အလွန်မြင့်မားတဲ့ ပေးချေရမှုတွေ ရှိမှာပါ။
အကြောင်းကတော့ Huawei ရဲ့ စမတ်ကား ထုတ်လုပ်မှု လုပ်ငန်းခွဲမှ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ၂၀၂၁ ခုနှစ် တနှစ်ထဲမှာပင် ဒေါ်လာ ၁ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံထားလို့ပါ။
အဆိုပါ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ဝန်ထမ်းပေါင်း ၅ ထောင်လောက် ရှိပြီး အဲဒီ့အထဲက ၂ ထောင်လောက်ဟာ အလိုလျှောက်မောင်းနှင် စနစ် ဖန်တီးမှုမှာ ပါဝင်နေပါတယ်။

ကုမ္ပဏီ အနေဖြင့်လည်း အလိုအလျှောက် မောင်းနှင်စနစ်များ ပါဝင်တဲ့ လျှပ်စစ်စွမ်းအင်သုံး ကားများကို ပြသခဲ့ပြီး ဖြစ်ပါတယ်။
၎င်းတို၏ ကြေငြာချက်အရ Huawei ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်စွမ်းအင်သုံး ကားအရေအတွက် ၁.၅ သန်းလောက်အထိ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ် ထားပါတယ်။
Volkswagen ရဲ့ Huawei အလိုအလျှောက် ကားထုတ်လုပ်ရေး လုပ်ငန်းကို ဝယ်ယူမှု ပြီးမြောက်ခဲ့ပါက Tesla အနေနဲ့တော့ စိန်ခေါ်မှု အကြီးကြီး ရှိလာမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။