ဂျာမနီ ဘရပ်ဆဲလ်အခြေစိုက် လေယာဉ်တက္ကစီနှင့်မောင်းသူမဲ့လေယာဉ် ထုတ်လုပ်သူ ဗိုလိုကော်ပတာ (Volocopter) ကုမ္ပဏီ သည် ဒေါင်လိုက်ထွက်ခွာခြင်းနှင့်ဆင်းသက်ခြင်း (eVTOL) လျှပ်စစ် လေယာဉ်များ စတင်ထုတ်လုပ်ဖို့ အဓိက လိုအပ်ချက်ဖြစ်သည့် ထုတ်လုပ်မှု
ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် (POA) ကို ဥရောပသမဂ္ဂ လေကြောင်းလုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ( European Union Aviation Safety Agency)(EASA)ထံမှ ရရှိခဲ့ပြီဟု ကုမ္ပဏီက ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဗိုလိုကော်ပတာ သည် 2019 ခုနှစ်တွင် ၎င်း၏ လေယာဉ်များအတွက် EASA ထံမှ ဒီဇိုင်းအဖွဲ့အစည်းဆိုင်ရာခွင့်ပြုချက် (design organization approval-DOA)ကိုရရှိခဲ့ပြီး ယခုအခါ ထုတ်လုပ်မှုဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် (Production Organization Approval-POA) ကို ရရှိခဲ့သည့်အတွက် DOA နှင့် POA လက်မှတ်ကို ကိုင်ဆောင်ထားသည့် တစ်ခုတည်းသော eVTOL လေယာဉ် ကုမ္ပဏီဖြစ်လည်းဖြစ်ပါတယ်။
ဗိုလိုကော်ပတာသည် နှစ်ရှည်လများ မိတ်ဖက်အဖြစ် ရေရှည်လက်တွဲလုပ်ကိုင်ခဲ့သည့် စုပေါင်းလေယာဉ်ထုတ်လုပ်ခဲ့သော လုပ်ဖော်ကိုင် ဖက် ကုမ္ပဏီ DG Flugzeugbau ကို ဝယ်ယူလိုက်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
အဆိုပါဝယ်ယူမှု၏ အသေးစိတ် စည်းကမ်းချက်များကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။
DG Flugzeugbau သည် ဗိုလိုကော်ပတာ အတွက် လေယာဉ်တက္ကစီ(VC200) အပါအ၀င် ရှေ့ပြေးပုံစံ glider များနှင့်စွမ်းအင်သုံး glider များကိုတည်ဆောက်ခဲ့ပါတယ်။
ဗိုလိုကော်ပတာဟာ မောင်းသူမဲ့ ဒရုန်းအကြီးစားနဲ့တူတဲ့ ၎င်းတို့၏ နှစ်ယောက်စီးလေယာဉ် တက္ကစီကို ၂၀၂၄ ခုနှစ် ပဲရစ် အိုလံပစ်အတွက် အချိန်မီ ပုံမှန်၀န်ဆောင်မှုပေးရန် မျှော်လင့်နေပါတယ်။
ထို့အပြင် ကုန်ပစ္စည်း တင်ဆောင်နိုင်တဲ့ အလားတူ မောင်းသူမဲ့လေယာဉ် တစ်စင်းကိုလည်း ထုတ်လုပ်နေပါတယ်လို့ ဆိုပါတယ်။

မကြာသေးမီက အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် ထောက်ပံ့ ရန်ပုံငွေယူရိုသန်း ၂၀၀ (ဒေါ်လာ ၂၃၇ သန်း) ရရှိခဲ့တယ်လို့ဆိုပါတယ်။
ဤအတောအတွင်း ကောင်းမွန်စွာ ငွေကြေးထောက်ပံ့ထားသည့် ပြိုင်ဘက်များဖြစ်ကြသော Lilium နှင့် Joby ကုမ္ပဏီတို့ကလည်း စာရင်း ဝင်ကုမ္ပဏီများနှင့်ပေါင်းစည်းခြင်းအားဖြင့် အမေရိကန် စတော့ရှယ်ယာ ဈေးကွက်တွင်ဈေးကွက်တင်ရန် အစီအစဉ်ကို ကြေငြာခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် ဗိုလိုကော်ပတာဟာ ၎င်း၏ ယာဉ်ကို ဟယ်လ်ဆင်စကီး ၊ စတုဂတ်၊ ဒူဘိုင်း၊စင်ကာပူ စသည့်မြို့များတွင် သရုပ်ပြ ပျံသန်းပြသခဲ့ပြီး ဖြစ်ပါတယ်။ ဥရောပနှင့်အာရှပြီး အမေရိကန်ပြည်ထောင်စုတွင်ပါ ဝန်ဆောင်မှုပေးဖို့ ဆန္ဒရှိနေပါတယ်။
ဗိုလိုကော်ပတာ(Volocopter)သည် လာမည့် (၃) နှစ် အတွင်း အရှေ့တောင်အာရှမြို့ပြဒေသများ၌ လေယာဉ်တက္ကစီဝန်ဆောင်မှုများ အမှန်တကယ်ဖြစ်လာစေရန်အတွက် စင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (EDB) နှင့်စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAS) တို့နှင့်လက်တွဲ လုပ်ဆောင်နေသည်ဟု သိရှိရပါတယ်။
လေယာဉ်တက္ကစီကို Lilum, Joby Aviation, Kitty Hawk နှင့် eHang ကဲ့သို့သော ကုမ္ပဏီများကလည်း လုပ်ဆောင်နေကြပါတယ်။