VR ဖြင့် ပြွတ်ပြွတ်ပေးနိုင်တော့မယ့် အကြောင်း

News Tech

Virtual reality ခေါ် VR ခေါင်းစွပ်တွေ ခေတ်စားလာတာ နှစ်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ၎င်းနှင့် ဗီဒီယိုဂိမ်းများ ကစားခြင်း၊ 3D ဇာတ်ကားများ ကြည့်ခြင်း၊ လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း အပါအဝင် အများပြား အသုံးချနေကြပါတယ်။

VR ကို အသုံးပြုပြီး တကယ့် အပြင်လောကအတိုင်း အစစ်အမှန် ဖြစ်အောင် ဖန်တီးယူနေကြပေမယ့် အခက်အခဲတွေတော့ ရှိပါတယ်။

အဲဒါကတော့ အထိအတွေ့ ဖြစ်ပြီး သုတေသီများဟာ VR မှတဆင့် လူတွေကို အထိအတွေ့ ခံစားနိုင်စေဖို့ အတော်လေးကို ကြိုးစားအားထုတ်နေခဲ့ ရတာပါ။

အခုတော့ Carnegie Mellon တက္ကသိုလ်၏ Future Interfaces Group မှ VR ခေါင်းစွပ် အသုံးပြုသည့် လူများအတွက် အထိအတွေ့ကို ခံစားနိုင်အောင် ဖန်တီးလိုက်ပါပြီ။

၎င်းတို့ ဖန်တီးလိုက်တာကတော့ အခြား မဟုတ်ဘဲ VR မှ တဆင့် လူ တစ်ယောက်နှင့် တယောက် အနမ်း ပေးနိုင်ဖို့ ဖြစ်ပါတယ်။

Image: Courtesy of Future Interfaces Group

ဒီ နည်းပညာဟာ လျှပ်စစ် အချက်ပေး signal များကို ဖိအား သို့မဟုတ် အလင်းကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ လုပ် ဆောင်ပေးနိုင်တဲ့ ultrasonic transducers များကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သုတေသနမှာ ပါးလွှာပြီး ကျစ်လစ်ကာ လျှပ်စစ် အချက်ပေးစနစ်တွေ များစွာ ပါဝင်တဲ့ ultrasonic transducers များကို အသုံးပြုထားပြီး အနာဂါတ် ခေါင်းစွပ်များတွင် လက်တွေ့ကျကျ လူများ အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ် လို့

၎င်းတို့ မှော်ဆန်ဆန် ဖန်တီးထားတဲ့ ဒီနည်းပညာအကြောင်းကို Future Interfaces Group ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားတာ ဖြစ်ပါတယ်။

VR တွင် နှုတ်ခမ်းနှင့် ပါးစပ်သို့ လေမှ သယ်ဆောင်နိုင်သည့် အသံလှိုင်းစွမ်းအင်ကို အသုံးပြုထားသည့် ကိရိယာ ပါဝင်ပါတယ်။

အဆိုပါက ကိရိယာဟာ ထိတွေ့ခြင်း၊ အဆက်မပြတ် လှုပ်ရှားခြင်းကဲ့သို့သော အာရုံခံစားမှုများကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Image: Courtesy of Future Interfaces Group

ကိရိယာဟာ နှုတ်ခမ်း အပြင် သွားနှင့် လျှာတို့ အပေါ်မှာလည်း သက်ရောက်မှုရှိကာ တကယ့် အစစ်အမှန်အတိုင်း သိရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခု VR ဟာ နမ်းဖို့အတွက် အသုံးချပစ္စည်း တခု အဖြစ် ဖန်တီးထားတယ်ဆိုပေမယ့် အခြား မိုးရေများ ကျဆင်းခြင်း၊ ရွှံ့များ အက်ကွဲခြင်း၊ ပင့်ကူမျှင်များကိုတွန်းထုတ်ခြင်း နှင့် ပိုကောင်များ သွားနေခြင်းတို့ကိုပါ အာရုံခံနိုင်ဖို့ စမ်းသပ် သရုပ်ပြခဲ့တယ်လို့ အဖွဲ့က ပြောပါတယ်။

ဒါ့ကြောင့် အခြေခံအားဖြင့် ဒီစက်ဟာ မျက်နှာပေါ်တွင် ခံစားနိုင်တဲ့ ခံစားမှုများ အားလုံးနီးပါးအတွက် ပုံဖော်ပေးနိုင်အောင် ဖန်တီးထားပုံ ရပါတယ်။

ကမ္ဘာ့ ပထမဆုံးလို့ အဖွဲ့က သတ်မှတ်

ပထမဆုံး ရှေ့ပြေးပုံစံ၊ စမ်းသပ်ပြီး ဒီဇိုင်း နှင့် အနာဂါတ် ဒီဇိုင်း (ဘယ်မှညာ) Image: Courtesy of Future Interfaces Group

အဖွဲ့ဟာ ၎င်းတို့၏ VR ကို ကမ္ဘာ့ ပထမဆုံး အသုံးချ VR အဖြစ် သတ်မှတ် ထားပါတယ်။

ဒီ သုတေသနဟာ စိတ်လှုပ်ရှားဖို့ ပြီး တကယ် အစစ်အမှန်အတိုင်း ခန္ဓာကိုယ် တခုလုံးကို သိရှိနိုင်ဖို့အတွက် ဆက်လက် တီထွင် ဖန်တီးသွားနိုင်ဖွယ် ရှိပါတယ်။

ယခုလို တိုးတက်လာတဲ့ VR နည်းပညာကြောင့် အနာဂါတ်မှာ လူတွေအနေဖြင့် VR များဖြင့် ပိုပြီး ရင်းနှီး ကျွမ်းဝင်လာကာ နေ့စဉ် အသုံးအဆောင်တခုလို အသုံးပြုလာနိုင်ဖွယ် ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com
Tagged

Leave a Reply

Your email address will not be published.