လေယာဉ်များကိုတောင် ပျက်ကျစေနိုင်တဲ့ နားကျယ်ကောင်များ အကြောင်း

Knowledge Nature

နားကျယ်ကောင်တွေဟာ လေယာဉ်တစင်းကို ပျက်ကျသွားလောက်အောင်ကို ဒုက္ခပေးနိုင်ပါတယ်လို့ပြောရင် ယုံမယ် မထင်ပါဘူး။

ဒါပေမယ့် သာဓကတွေ အများကြီး ရှိပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ Airbus A330-200 ခရီးသည်တင် လေယာဉ်တစင်းဟာ ဩစတေးလျနိုင်ငံ Brisbane လေဆိပ်မှ ပျံတက်ခဲ့ပါတယ်။

ပျံတက်စဉ်မှာ လေယာဉ်မှူးဟာ လေတိုက်နှုန်းပြ ကိရိယာဟာ မှားယွင်းနေတာကို တွေ့ရှိခဲ့ရတဲ့အတွက် ပြန်လှည့်ခဲ့ပြီး စစ် ဆေးမှုတွေ ပြုလုပ်ကာ ၂ နာရီအကြာမှ ပြန်ပြီး ပျံတက်ခဲ့ပါတယ်။

ဒါပေမယ့် လေပေါ်ရောက်တဲ့အခါမှာ ကိရိယာဟာ မှားယွင်းဖော်ပြနေဆဲ ဖြစ်တဲ့အတွက် ပြန်လည် ဆင်းသက်ရပြန်ပါတယ်။

စစ်ဆေးမှုများအရ နောက်ဆုံးမှာ နားကျယ်တကောင်ကို pitot probe လို့ခေါ်တဲ့ လေယာဉ် ပျံသန်းနှုန်းကို တိုင်းတာပေးသည့် ကိရိယာ ပြွန်ချောင်းအတွင်းမှာ တွေ့ခဲ့ရပါတယ်။

ဒီဖြစ်စဉ်တွင် မည်သူမှ ထိခိုက်မှု မရှိခဲ့သည့်အပြင် လေယာဉ်ဟာလည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာပါ။

၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ ဒိုမေနီကန်မှ ပျံတက်ခဲ့တဲ့ Boeing 757 လေယာဉ်ကြီးဟာ ပျံတက်ပြီး မကြာခင် ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ယောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူးဟာ မမှန်ကန်တဲ့ လေယာဉ် အမြန်နှုန်းကို ကြည့်မိပြီး လေယာဉ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

Pitot Probe

ဒီဖြစ်ရပ်နှင့် ပတ်သက်ပြီး နကျယ်တွေကြောင့်လို့ သတ်မှတ်ခဲ့ပေမယ့် pitot probe ကို အကောင်းအတိုင်း ပြန်မရခဲ့တဲ့အတွက် တရားဝင်တော့ သက်သေမပြနိုင်ခဲ့ပါဘူး။

ဒါပေမယ့် လေ့လာမှုများအရ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လေယာဉ် မတော်တဆမှုများတွင် နကျယ်များကြောင့် ဖြစ်ခဲ့သည့် ဖြစ်စဉ်မှာ ၂၆ ခုလောက် ရှိခဲ့ပါတယ်။

အချို့ ဖြစ်စဉ်များတွင် လေယာဉ်ကို အရေးပေါ် ဆင်းသက်ရသည့် ဖြစ်စဉ်များအထိ ဖြစ်ပွားခဲ့ပါတယ်။

ဇီဝဗေဒ ပညာရှင် Alan House ဟာ 3D printer ကို အသုံးပြုကာ လေယာဉ်၏ pitot probe နှင့် ပုံစံတူ ပြွန်များကို ဖန်တီးပြီး Brisbane လေဆိပ် တဝိုက်ရှိ နေရာများတွင် လေ့လာခဲ့ပါတယ်။

အသုံးပြုထားသည့် ပြွန်များဟာ အသေးဆုံး အနေဖြင့် ၃ မီလီမီတာလောက် အကျယ်ရှိပြီး pitot probe များနှင့် အရွယ် အ စား အတူတူပဲ ဖြစ်ပါတယ်။

၃၉ လကြာ စောင့်ကြည့် လေ့လာပြီးနောက်မှာ ပြွန်များတွင် ပိတ်ဆို့ အသိုက်ဆောက်မှုများ ၉၃ ခုကို တွေ့ရှိခဲ့ရပါတယ်။

လေ့လာမှုများအရ နကျယ်ကောင်များဟာ အပူချိန် ၂၄ မှ ၃၁ ဒီဂရီ စင်တီဂရိတ်လောက်ရှိသည့် နွေရာသီလများတွင် ပိုမို အသိုက်ဆောက်လုပ်မှုများ လုပ်လေ့ရှိတာကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါလေ့လာမှုမှ နကျယ်များ၏ လေယာဉ်များအပေါ် သက်ရောက်နိုင်တဲ့ အန္တရာယ်များကို အတည်ပြုနိုင်ခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.