နကျယ်ကောင်တွေ လူကို အုပ်လိုက် တိုက်ခိုက်တတ်တဲ့ အကြောင်း

Knowledge Nature

တခါတလေ ဘာမှန်းမသိဘဲ နဲ့ နကျယ်ကောင်တွေ လာတိုက်ခိုက်တာမျိုး ကြုံဖူးရင် ကြုံဖူးကြမယ် ထင်ပါတယ်။

ဒါမှမဟုတ် နကျယ် တကောင်ကို ရန်ပြုလိုက်မိလို့ သင့်ကို အုပ်စုလိုက် လာရောက် တိုက်ခိုက်တာမျိုးလဲ ကြုံဖူးချင် ကြုံဖူးမှာပါ။

ဟုတ်ပါတယ်။ သင်ဟာ ၎င်းတို့ အုပ်စုထဲက တကောင်ကောင်ကို ဒဏ်ရာရစေရင် တအုပ်စုလုံးကို ဒေါသထွက်စေမှာ အသေအချာပါပဲ။

ဒါပေမယ့် နကျယ်ကောင်တွေဟာ ဒဏ်ရာရ သို့မဟုတ် အသက်အန္တရာယ် ဖြစ်သွားတဲ့ ၎င်းတို့ရဲ့ ဘော်ဒါတကောင်အတွက် တကယ်ပဲ လက်စားချေတတ်တာလား သင့်အနေနဲ့ မေးချင်မှာပါ။

နကျယ် နှင့် ပျားမျိုးနွယ်များဟာ ၎င်းတို့ အချင်းချင်း ဆက်ဆံရေး အလွန်ကောင်းမွန်သော သက်ရှိများဖြစ်ပြီး ဆက်သွယ်ရေးဟာ ထိပ်တန်း ဦးစားပေး ဖြစ်ပါတယ်။

၎င်းတို့ဟာ အချင်းချင်း ဆက်သွယ်ရာတွင် အသံကို အသုံးမပြုဘဲ pheromones လို့ခေါ်တဲ့ ဓာတု အချက်အပြ စနစ်ဖြင့် ဆက်သွယ်ကြတာ ဖြစ်ပါတယ်။

တကယ်လို့ နကျယ်ကောင် တကောင် ကောင် ထိခိုက်ပါက ၎င်းရဲ့ ခန္ဓာကိုယ် မှ သတိပေးသည့် pheromone ကို ထုတ်ပေးတဲ့အတွက် နကျယ် အုံ အတွင်းရှိ အခြား နကျယ်များကပါ အန္တရာယ်ကို သိရှိနိုင်ပါတယ်။

သင်ဟာ နကျယ်အုံ အနီးမှာ ရှိနေတယ်ဆိုတာ မသိတဲ့အပြင် နကျယ်ကောင် တကောင်ကို ရန်ပြုခြင်း မပြုခဲ့ရင်တောင် သင့်အနေနဲ့ အတိုက် ခိုက်ခံရ နိုင်ပါတယ်။

အကြောင်းကတော့ နကျယ်ကောင် တကောင်ကောင် ဒဏ်ရာ ရပါက အခြား နကျယ်ကောင်များမှ ရန်လိုစိတ်ကို ဖြစ်ပေါ်စေလို့ ဖြစ်ပါတယ်။

နကျယ်တွေက သင့်ကို တကယ်စိတ်ဆိုး ဒေါသထွက်နေတာရော ဖြစ်နိုင်ပါ့မလား? ဒါဟာ အံ့ဩစရာ ကောင်းလောက်အောင် ရှုပ်ထွေးတဲ့ မေးခွန်းတခုပါ။

မည်သည့် တိရစ္ဆာန်တွင်မဆို စိတ်ခံစားမှုများ ရှိနေနိုင်သည် ဆိုသည့် အယူအဆမှာ သိပ္ပံပညာရှင်များ အကြားတွင် အတော်လေး အငြင်း ပွားစရာ ဖြစ်နေဆဲပင် ဖြစ်ပါတယ်။

အဲဒီလို အယူအဆတွေဟာ အင်းဆက်တွေကို လေ့လာရာမှာ သိရှိဖို့ရာ ပိုမို ခက်ခဲပါတယ်။

အချို့သော လှုံ့ဆော်မှုများကတော့ အင်းဆက်များ၏ ဦးနှောက်အတွင်း ဓာတု ပြောင်းလဲမှုများကို ဖြစ်ပေါ် စေနိုင်ပြီး ကျွန် တော်တို့ ထင်တဲ့ “စိတ်ခံစားမှု”လို့ ခေါ်နိုင်တဲ့ တုန့်ပြန်မှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါပေမယ့် ၎င်းတို့ရဲ့ လက်စားချေလိုတဲ့ စိတ်နှင့် ပတ်သက်ပြီး သုတေသီတွေ အနေဖြင့် တိတိကျကျကြီးတော့ ပြောဖို့ အဆင်သင့် မရှိသေး ပါဘူး။

သေချာတာကတော့ သင့်ကို နကျယ်ကောင် တကောင်ကောင်က လာတုပ်ပြီဆိုရင်တော့ နောက်ထပ် စစ်ကူတွေ ရောက်မလာခင် ဝေးဝေးသာ မြန်မြန်ပြေးဖို့ အကြံပေးလိုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.