သုတေသီများ ဖြေရှင်းနိုင်ခဲ့တဲ့ ဒိုင်နိုဆောများနှင့် ပတ်သက်သည့် ပဟေဠိ

Article Science

ကျွန်တော်တို့ဟာ ကလေး ဘဝကတည်းက ဒိုင်နိုဆောများ အကြောင်းကို ရင်းနှီးနေခဲ့တာ ဖြစ်ပေမယ့် ၎င်းတို့ အကြောင်းကို တိတိကျကျ ဖော်ထုတ်ဖို့တော့ သုတေသီများအနေဖြင့် အဲဒီ့ အချိန်က ကြိုးစားနေဆဲကာလပါ။

လူသားများဟာ ဒိုင်နိုဆောများကို လွန်ခဲ့သည့် နှစ်သန်းပေါင်း များစွာက ကမ္ဘာမြေပေါ်တွင်‌ နှေးကွေး လေးလံစွာ နေထိုင် ကျက်စားခဲ့ကြတဲ့ သတ္တဝါကြီးများ အဖြစ် ကာလ ကြာရှည်စွာ ပုံဖော်ခဲ့ပါတယ်။

လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက အရာများကို နှစ်ဘယ်လောက် ရှိပြီလဲ တွက်ချက်ပုံအား သိရှိနိုင်စေရန် “အရာဝတ္တုတွေ၊ ရုပ်ကြွင်းတွေရဲ့ သက်တမ်းကို သိပ္ပံပညာရှင်တွေ တွက်ချက်ပုံ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ယခင်က ဒိုင်နိုဆောများကို တွားသွား သတ္တဝါများနှင့် နှိုင်းယှဉ်မှုကြောင့် ၎င်းတို့ကို သွေးအေး သတ္တဝါများ အဖြစ် အချိန်ကာလ အတော်ကြီးကြာအောင် ယူဆခဲ့ပါတယ်။

Pterosaur သရုပ်ပြပုံ

သို့ပေမဲ့ ဆန့်ကျင်ဘက် ဖြစ်နိုင်သည့် လေ့လာမှုများမှ တွေ့ရှိမှုများကြောင့် ပညာရှင်များဟာ အချိန် အတော်ကြာ ဆွေးနွေး ငြင်းခုံ ခဲ့ရပါတယ်။

Nature ဂျာနယ်တွင် ဖော်ပြခဲ့သည့် သုတေသန အဖွဲ့ တခု မှ လေ့လာမှု အသစ် မှာတော့ တိရိစ္ဆာန်များ၏ ဇီဝဖြစ်ပျက်နှုန်းကို ခွဲခြမ်း စိတ်ဖြာနိုင်ရန် ဆန်းသစ်သည့် နည်းလမ်းကို တွေ့ရှိခဲ့ပါတယ်။

ဒီနည်းလမ်းတွင် အသုံးပြုသည့် ဗျူဟာကတော့ အရိုးထဲတွင် ကျန်ရှိနေခဲ့သည့် တချိန်က တိရိစ္ဆာန်များ ရှုသွင်း ခဲ့ကြသည့် အောက်စီဂျင် ပမာဏကို တိုင်းတာသည့် နည်းလမ်း ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းကို အသုံးပြုပြီး အစောဆုံး ဒိုင်နိုဆောများနှင့် Pterosaur များဟာ ဇီဝဖြစ်ပျက်နှုန်း အလွန့်အလွန် မြင့်မားတာကို တွေ့ရပြီး သွေးနွေး သတ္တဝါများ ဖြစ်ကြောင်း ပြောနိုင်ခဲ့ပါတယ်။

ဒိုင်နိုဆောများ၊ ဇီဝဖြစ်ပျက်မှုများ နှင့် အောက်စီဂျင် ဆက်စပ်လေ့လာခြင်း

ရေနေ Plesiosaur သရုပ်ပြပုံ

ဇီဝဖြစ်ပျက်မှုကို အတိုချုပ်အားဖြင့် ရှင်းပြပါက ၎င်းဟာ သက်ရှိများကို ထောက်ပံ့ပေးနေသည့် ဓာတု ဖြစ်စဉ်များဖြစ်ပြီး ကျွန်ုပ်တို့ ရှူရှိုက်နေသည့် အောက်ဆီဂျင်ကို ခန္ဓာကိုယ်အတွက် ဓာတု စွမ်းအင် အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။

ဒီလို အောက်ဆီဂျင်မှ စွမ်းအင်ကို ပြောင်းလဲသည့် နှုန်းကို အခြေပြုပြီး တိရိစ္ဆာန်များဟာ သွေးနွေး သတ္တဝါလား သွေးအေး သတ္တဝါလား ဆိုတာ ခွဲခြားနိုင်ပါတယ်။

ဥပမာအားဖြင့် သွေးနွေး သတ္တဝါများဟာ ဇီဝဖြစ်ပျက်နှုန်း မြန်ဆန်တဲ့အတွက် အောက်ဆီဂျင် ပိုမို လိုအပ်ပြီး ခန္ဓာကိုယ် အပူ ချိန် ထိန်းသိမ်းဖို့အတွက် အစားအစာ ပိုလိုအပ်ပါတယ်။

တိရိစ္ဆာန်များ အသက်ရှုသည့်အခါ ဇီဝဓာတု ဖြစ်စဉ် ကွင်းဆက်များ ဖြစ်ပေါ်ပြီး အရိုးများတွင် မော်လီကျူး စွန့်ပစ် ပစ္စည်းများ ကျန်ခဲ့ပါတယ်။

အရွက်စား Sauropod သရုပ်ပြပုံ

ဒီလို စွန့်ပစ်ပစ္စည်း ပမာဏကို တိုင်းတာခြင်း အားဖြင့် တိရိစ္ဆာန်များ၏ ရှူသွင်းခဲ့သည့် အောက်ဆီဂျင် ပမာဏကို သိရှိနိုင်ပါတယ်။

ဒါဟာ သွေးနွေး သတ္တဝါ အတွက် ဖြစ်စေ သွေးအေး သတ္တဝါ အတွက် ဖြစ်စေ အခြေခံအားဖြင့် အောက်ဆီဂျင် ရှူသွင်းသည့် မှတ်တမ်း နေရာတခု အနေဖြင့် သတ်မှတ်နိုင်ပါတယ်။

ဒီလို တိုင်းတာမှုမျိုးကို လုပ်ဆောင်နိုင်တာကတော့ အဆိုပါ စွန့်ပစ် မော်လီကျူးများ နေရာဟာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ပေါ်သည့် ဖြစ်စဉ်ကို ခံနိုင်ရည်ရှိပြီး ပျက်စီးမှု မရှိတာ ဖြစ်ပါတယ်။

အပူတွေ တက်လာစေတဲ့ ဒိုင်နိုဆော၏ ဇီဝဖြစ်ပျက်မှု

Yale တက္ကသိုလ်နှင့် Los Angeles ရှိ အမျိုးသား သမိုင်း ပြတိုက် တို့ကို ချိတ်ဆက်ပြီး သုတေသနကို ဦးဆောင် ခဲ့သည့် Jasmina Wiemann မှ အဖွဲ့၏ တွေ့ရှိမှု များကို ရှင်းပြပါတယ်။

Theropod သရုပ်ပြပုံ (အကြီးဆုံးမှ အသေး အရွယ်မျိုးစုံရှိ)

ကျွန်တော်တို့လို့ paleontologist ခေါ် ကျောက်ဖြစ်ရုပ်ကြွင်းများမှ တိရစ္ဆာန်များနှင့် ပတ်ဝန်းကျင် ဆက်စပ်မှုတွေကို လေ့ လာနေတဲ့ ပညာရှင်များအတွက် ကာလအကြာရှည်ဆုံး မေးခွန်းတခု ဖြစ်ခဲ့တဲ့ ဒိုင်နိုဆောတွေ သွေးအေး သတ္တဝါလား သွေး နွေးသတ္တဝါလား ဆိုတာ စိတ်လှုပ်ရှားစရာ မေးခွန်း တခုဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ ကျွန်တော်တို့အနေဖြင့် ဒိုင်နိုဆောတွေဟာ သွေးနွေး သတ္တဝါတွေ ဖြစ်တယ်ဆိုတာ ရှင်းပြနိုင်ပါပြီ လို့ ပြောပါတယ်။

သုတေသီများဟာ ဒိုင်နိုဆောများ၊ ပျံသန်းနိုင်တဲ့ Pterosaur များ နှင့် ရေနေ Plesiosaur အပါအဝင် လက်ရှိ ငှက်များ၊ နို့ တိုက် သတ္တဝါများ နှင့် တွားသွား သတ္တဝါများ ပါဝင်တဲ့ မတူညီတဲ့ တိရိစ္ဆာန် မျိုးစိတ် ၅၅ မျိုး၏ ဓာတု အမှတ်အသားများကို ရှာဖွေဖို့ Raman and FTIR spectroscopy ခေါ် ဓာတု တည်ဆောက်ပုံတိုင်းတာသည့် ကိရိယာကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

ထို့နောက်မှာတော့ ၎င်းတို့၏ ဇီဝဖြစ်ပျက်နှုန်းကို မည်သို့ ဖြစ်နိုင်သည်ကို သိရှိစေဖို့ သုတေသီများဟာ မျိုးသုဉ်းပြီးသော တိရိစ္ဆာန်များနှင့် နှိုင်းယှဉ်ကြည့်ကြပါတယ်။

Stegosaurus သရုပ်ပြပုံ

တွေ့ရှိခဲ့တာကတော့ အလွန်ထူးခြားပြီး Pterosaur၊ Plesiosaur၊ Sauropod (Brachiosaurus ကဲ့သို့ လည်ပင်းရှည် ဒိုင်နို ဆော) နှင့် Theropod (T-rex ကဲ့သို့ အသားစား ဒိုင်နိုဆော) အပါအဝင်မျိုးစိတ် အများစုဟာ သွေးနွေး သတ္တဝါတွေ ဖြစ်နေတာကို တွေ့ရှိခဲ့တာပါ။

အခြား Stegosaurus နှင့် Triceratop တို့ကတော့ ယနေ့ခေတ် သွေးအေး တွားသွား သတ္တဝါများနှင့် နှိုင်းယှဉ်နိုင်ပြီး ဇီဝဖြစ်ပျက်မှု နှေးကွေးပါတယ်။

ဇီဝကမ္မဗေဒနှင့် ဒိုင်နိုဆောများနှင့် အခြား သမိုင်း မတင်မီ သတ္တဝါများ၏ ဘဝများကိုပင် စွဲဆောင်မှုရှိတဲ့ သိမြင်မှုအသစ်တွေကို ပေးစွမ်းနိုင်တဲ့အတွက် ယခု တွေ့ရှိမှုဟာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာပါပဲ။

ထို့အပြင် သုတေသီများဟာ ရှေးခေတ် တိရိစ္ဆာန်များကို လေ့လာနိုင်ဖို့ ဇီဝမော်လီကျူး ကိရိယာသစ် တခု ရှိနေပြီဖြစ်ကာ paleontologist များသာမက သတ္တဗေဒပညာရှင်များအတွက်ပါ များစွာ အထောက်အကူ ပြုလာတော့မှာ ဖြစ်ပါတယ်။

Triceratop သရုပ်ပြပုံ

ဒါဟာ ယခင်က သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပြောင်းလဲမှုကို တိရိစ္ဆာန်များက မည်သို့ တု့န်ပြန်ခဲ့မှုများအား လေ့လာနိုင်မည့် အပြင် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကာလအတွင်းမှာ ဇီဝမျိုးစိတ်များ ထိန်းသိမ်းဖို့အတွက် အနာဂါတ် မဟာ ဗျူ ဟာများကို လမ်းညွှန်နိုင်ဖို့ အတိတ်က သင်ခန်းစာများကို ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 28/3/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *