မဝေးတော့တဲ့ တယ်လီပသီ ခေါ်စိတ်ဖြင့် ဆက်သွယ်နိုင်ခြင်း

Innovation Science

လူမှုကွန်ယက်ပေါ်မှာ Live လွှင့်တာကို ကြည့်ရှု နားထောင် နေချိန်မှာ ဘေးမှာဖွင့်ထားတဲ့ ရေဒီယိုထဲက အင်တာဗျူးကိုလည်း စိတ်ဝင်စားမိနေတော့ ဒီအလုပ်ကို တပြိုင်နက် လုပ်ချင်ပေမယ့် အာရုံစိုက်ဖို့ အလွန်ခက်ခဲတာကို‌ တွေ့ရမှာပါ။

ဒီလိုဖြစ်ရတာ အကြောင်းအရင်း ရှိပါတယ်။

သိစိတ် နှင့် တပြိုင်နက် အလုပ်လုပ်ခြင်း

အဆိုပါ အလုပ်မျိုး ၂ လုပ် ပြိုင်တူ လုပ်ဖို့အတွက် တူညီတဲ့ ဦးနှောက် အစိတ်အပိုင်းကို အသုံးပြုရတဲ့အတွက် သင့်အသိစိတ်ဟာ အရာတခုထက် ပိုပြီး ကိုင်တယ် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

“အသံတွေ၊ စကားလုံးတွေနှင့် စာကြောင်းတွေရဲ့ အဓိပ္ပါယ်တွေကို သိရှိနိုင်ဖို့ သင့်ဦးနှောက်အတွင်းရှိ ဘာသာစကားဆိုင်ရာ အပိုင်းက လုပ်ဆောင်တာပါ” လို့ Pittsburgh တက္ကသိုလ်မှ စိတ်ပညာ တွဲဖက် ပါမောက္ခ Marc Coutanche က ပြောပါတယ်။

လူတယောက်ဟာ သီးခြားဖြစ်နေတဲ့ အရာနှစ်ခုကို ဖတ်တာ၊ နားထောင်တာ လုပ်တဲ့အခါ ဦးနှောက်ရဲ့ ထိုအပိုင်းမှ တူညီတဲ့ ရင်းမြစ်တွေ ဆွဲထုတ်ဖို့ တွန်းအားပေးခြင်း ခံရတယ် လို့ ၎င်းက ဆက်ရှင်းပြပါတယ်။

“ဝါယာကြိုး တချောင်းထဲဖြင့် အဝင်နှင့် အထွက် များပြားစွာကို တပြိုင်ထဲလုပ်နေရတဲ့ ဆားကစ်ပတ်လမ်း တခုလို မြင်ယောင်ကြည့်ရင် သိသာပါတယ်”

လူတွေအနေဖြင့် အရာအချို့ကို ပေါင်းစည်းဖို့ ကြိုးစားနိုင်ပေမယ့် အဆုံးသတ်မှာတော့ ရရှိလာမယ့် အရာဟာ မျှော်လင့်ထားသလို ဖြစ်မလာတတ်ပါဘူး။

ဥပမာအားဖြင့် အထက်က ဖော်ပြခဲ့သလိုပဲ ရေဒီယိုမှာ လာနေတဲ့ အင်တာဗျူး အကြောင်း တစွန်းတစနှင့် လူမှုကွန်ယက်က Live တဝက်တပျက်ကို မျှဝေ နားထောင်ဖို့ ကြိုးစားပေမယ့် ၂ ခုစလုံးကို အပြည့်အဝ ဘယ်လိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။

အခြားတဖက်က ကြည့်ရင်တော့ ဘာသာစကားနှင့် မဆိုင်ဘဲ အခြား အပိုင်းက အရာတွေလုပ်မယ်ဆိုရင်တော့ အသိစိတ်ဟာ အလုပ်များစွာ တပြိုင်နက် လုပ်နိုင်ပါတယ်။

ဥပမာအားဖြင့် ကားမောင်းရင်း သီချင်းနားထောင်တာမျိုး နှင့် ပုံဆွဲနေရင်း သီချင်းနားထောင်တာမျိုး ကောင်းကောင်း လုပ်နိုင်ပါတယ်။

အကြောင်းအရင်းကတော့ သီချင်းနားထောင်တဲ့ အပိုင်းဟာ ဦးနှောက်ရဲ့ စကားပြောခြင်း၊ နားထောင်ခြင်း အပိုင်း (temporal lobe) ကို အသုံးပြုရပြီး အခြားတခုကတော့ ဦးနှောက်ရဲ့ visual-​spatial (parietal lobe) အပိုင်းကို အသုံးပြုရလို့ပါ။

ဒီ စနစ်နှစ်ခုဟာ တပြိုင်နက် အလုပ်လုပ်ချိန်မှာ အနှောင့်အယှက် မရှိဘဲ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

မသိစိတ် နှင့် တပြိုင်နက် အလုပ်လုပ်ခြင်း

မသိစိတ်နှင့် ပတ်သက်ရင်တော့ ဦးနှောက်ရဲ့ အလုပ်များစွာ တပြိုင်နက် လုပ်နိုင်စွမ်းဟာ အတော်လေး မှတ်သားစရာ ကောင်းပါတယ်။

“တပြိုင်နက် တွေးခေါ်နိုင်မှုနှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်ခြင်း ကဲ့သို့ အချို့ အရာများဟာ မသိစိတ်က လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

ဒါ့ကြောင့် လူတွေဟာ လမ်းလျှောက်ရင်းနှင့် daydream ခေါ် စိတ်ကူးယဉ်တာတွေ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ် လို့ Pennsylvania တက္ကသိုလ်မှ သိမြင်မှုဆိုင်ရာ အာရုံကြောသိပ္ပံ သုတေသီ တယောက်ဖြစ်တဲ့ Joseph W. Kable က ဆိုပါတယ်။

ဟုတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေဖြင့် အလိုအလျှောက် အသက်ရှူတာ၊ မျက်တောင်ခတ်တာ၊ အလုပ်တခုလုပ်ရင်း ရေသောက်တာတွေ လုပ်နိုင်တာ ဖြစ်ပါတယ်။

ဒါကို အနာဂါတ်မှာ ပြောင်းလဲ နိုင်မလား

ဦးနှောက်ရဲ့ အသိစိတ်ကို ဇီဝဗေဒဆိုင်ရာ ကန့်သတ်ချက်များအား ကျော်လွန်ပြီး လုပ်ဆောင်နိုင်စေမယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။

အဲဒါကတော့ Elon Musk ရဲ့ Neuralink လို human-machine interface စနစ်မျိုးဖြစ်ပြီး ၎င်းဟာ ဦးနှောက်အတွက် အပို ဆားကစ်ပတ်လမ်း အချို့ကို ပေးစွမ်းနိုင်ပြီး တူညီတဲ့ ဦးနှောက်အပိုင်းကို အသုံးပြုပြီး အလုပ်များ တပြိုင်တူ လုပ်ဆောင်စေနိုင်မှာပါ။

ကမ္ဘာ့ အလုပ်အများဆုံး ဘီလျံနာ သူဌေးကြီး Elon Musk ဟာ လူတွေနေဖြင့် အပြန်အလှန် ဆက်သွယ်ရာတွေ အတွေးမှ တဆင့် ဘာသာ စကား စကားလုံး ထို့နောက် နားထောင်သူမှ ထို ဘာသာစကားကို ပြန်လည် ဘာသာပြန် တွေးခေါ်ခြင်းဖြင့် ဦးနှောက်၏ စွမ်းအင်တွေကို အကြီးအကျယ် ဖြုန်းတီးနေတယ်လို့ ဆိုပါတယ်။

Elon Musk ၏ Neuralink သရုပ်ပြ

Elon Musk ရဲ့ Neuralink ဟာ ဦးနှောက် အပြင်လွှာနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြားမှာ အမြန်နှုန်း အဆ ၁ ထောင်လောက်အထိ မြှင့်တင်ပေးနိုင်မယ်လို့ ၎င်းက ဆိုပါတယ်။

ဒါ့ကြောင့် တနေ့မှာ ကျွန်တော်တို့အနေဖြင့် တဦးနှင့် တဦး ဘာသာစကား ကြားမခံဘဲ စိတ်ဖြင့် ဆက်သွယ်ခြင်း သို့မဟုတ် ကျွန်တော်တို့ သိစိတ်ကို အခြားလူ ဦးနှောက်ထဲသို့ သို့မဟုတ် စက်ရုပ် တခုခု စီသို့ upload လုပ်ခြင်းများတောင် ပြုလုပ်လာနိုင်ဖွယ် ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *