ရေဒါပျောက် တိုက်လေယာဉ်များရဲ့ အားနည်းချက်များ

Knowledge Military

တကယ်တော့ လုံးဝပစ်ချလို့မရတဲ့ တိုက်လေယာဉ်ဆိုတော့ မရှိပါဘူး။ ရေဒါပျောက်လေယာဉ်တွေဟာ ပြိုင်ဘက်ကင်းတဲ့ မဟာဗျူဟာမြောက်လှုပ်ရှားမှုတွေကိုပေးစွမ်းနိုင်တဲ့ ခေတ်သစ် လေကြောင်းစွမ်းအားရဲ့ တီထွင်မှု အကျိုးဆက်ပဲဖြစ်ပါတယ်။

ပင်လယ်ကွေ့စစ်ပွဲတွေမှ F-117 ကစပြီး ၂၀၁၁ လစ်ဗျားတို့ကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့သည့် B-2 Spirit များအထိ ဒီရေဒါပျောက်လေယာဉ်တွေဟာ အမေရိကန်လေတပ်ရဲ့ အဓိကနေရာက ပါဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် F-22, F-35 အပါအဝင် ရေဒါပျောက်လေယာဉ်တွေအားလုံးမှာ အားနည်းချက်တွေရှိပါတယ်။ အဲဒီ့အားနည်းချက်တွေက ဒီရေဒါပျောက်လေယာဉ်တွေရဲ့ စွမ်းဆောင်မှုကို အတားအဆီးဖြစ်စေမှာပါ။

ရေဒါများ

ရေဒါလို့မြင်တာနဲ့ ရေဒါပျောက်လေယာဉ်ရဲ့ အန္တရာယ်ဆိုတာ အံ့အားသင့်စရာတော့မရှိပါဘူး။ ရေဒါပျောက်ဆိုပေမယ့် ဒီလေယာဉ်တွေကို မြင်ရဖို့ ပိုကောင်းတဲ့ရေဒါနဲ့ ရှာဖွေရမှာမလို့ပါ။

ကိုယ်ပျောက်ဆိုတဲ့ အသုံးအနှုံးဟာ လေယာဉ်ကို ရေဒါနှင့်ဖမ်းယူရခက်အောင်၊ အပူလှိုင်းဖြင့်ရှာရခက်အောင်၊ သာမာန်မျက်စိဖြင့်မြင်ရခက်အောင် နှင့် တခြား ရှာဖွေနိုင်တဲ့ အနေထားများက မလွယ်ကူအောင်ဖုံးကာပေးထားတဲ့ ထီးတစ်ချောင်းစနစ်ကို ခေါ်ဆိုတာပဲဖြစ်ပါတယ်။ F-35 တွေကို X-band ရဲ့ လှိုင်းအလျားကို အခြေခံပြီး ရေဒါပျောက်နိုင်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။

သီအိုရီအရတော့ ဒီရေဒါပျောက်လေယာဉ်တွေကို low-bandwidth ရေဒါတွေနဲ့ဖမ်းယူနိုင်ပါတယ်။ ဒီရေဒါတွေဟာ သိပ်မတိကျပေမယ့် ရေဒါပျောက်လေယာဉ်ရှိနိုင်မယ့် နေရာကိုတော့ ဖော်ပြနိုင်ကောင်း နိုင်ပါလိမ့်မယ်။ ရုရှားတို့ကတော့ သူတို့ထုတ်လုပ်ထားတဲ့ Podsolnukh (နေကြာပန်း)လို့ခေါ်တဲ့ ရေဒါဟာ ရေဒါပျောက်လေယာဉ်တွေကို ရှာဖွေနိုင်ပြီး ဝေးကွာတဲ့နေရာကနေ ခြေရာကောက်နိုင်တယ်လို့ ပြောပါတယ်။ ဒီရေဒါရဲ့ အောင်မြင်မှုနှုန်းကတော့ အငြင်းပွားစရာ ရှိနေတုန်းပါပဲ။

Podsolnukh ဒေါင်လိုက် ရေဒါစနစ်

အနီအောက်ရောင်ခြည်ဖြင့် ရှာဖွေထောက်လှမ်း ခံရနိုင်ခြင်း (Infra-Red Search and Track (IRST) Systems)

နောက်ထပ် ပြသနာကတော့ အပူပုံရိပ်ဖော် အနီအောက်ရောင်ခြည်ဖြင့် ရှာဖွေနိုင်တာပါ။ IRST စနစ်တွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတတည်းက အသုံးပြုမှုမြင့်တက်လာခဲ့ပါတယ်။ IRST တပ်ဆင်ထားတဲ့ ယူရိုဖိုက်တာ တိုင်ဖွန်း တိုက်လေယာဉ်ဟာ သေးငယ်တဲ့ အပူထွက်နေတဲ့အရာကို အဝေးကြီးမှ မြင်တွေ့နိုင်ပါတယ်။ ဆိုတော့ သီအိုရီအရ IRST ဟာ F-22 တွေ F-35 တွေကို ရှာတွေ့ကောင်းတွေ့နိုင်ပါတယ်။

Su- 27 မှ IRST စနစ်

ဒါပေမယ့် IRST ရဲ့ မြင်ကွင်းဟာ သေးငယ်လို့ ဒီရေဒါပျောက်လေယာဉ်ကို ဘယ်နေရာမှာရှာရမလဲဆိုတာ အရင်သိဖို့ လိုပါသေးတယ်။ သေချာတာ တစ်ခုကတော့ ရေဒါပျောက်လေယာဉ်တွေဟာ IRST တွေကို ရှောင်လွှဲလို့မရပါဘူး။ IRST တွေရဲ့စွမ်းဆောင်ရည်ဟာရာသီဥတု၊ တွဲဖက်ထားတဲ့ ကွန်ပျူတာရဲ့စွမ်းရည် တွေအပေါ် မူတည်နေသေးတာကြောင့် IRST နည်းပညာတွေတိုးတက်လာရင်တော့ ရေဒါပျောက်နည်းပညာအတွက် အန္တရာယ်တစ်ခု ဖြစ်လာမှာပါ။

စစ်ဆင်ရေးအားနည်းချက်များ

ယေဘုယျအားဖြင့် ရေဒါပျောက်လေယာဉ်များဟာ ရေဒါပေါ်မှာ မပေါ်စေဖို့ရာ internal bay လို့ခေါ်တဲ့ ဝမ်းဗိုက်အတွင်းမှ လက်နက်သိုလှောင်စနစ်ကို အသုံးပြုပါတယ်။ ဒါပေမယ့် တစ်ခုခုပစ်ခတ်ဖို့ ဝမ်းဗိုက်ကိုဖွင့်ရရင် ရေဒါမြင်ကွင်းမှာ ပေါ်နိုင်ပါတယ်။ F-117 ဆားဗီးယားမှာ ပစ်ချခံရတဲ့ အဓိကအချက်က အဲဒါပါ။

ဒါ့အပြင် F-35 ကို အပြင်ကနေ လက်နက်တွေ ထပ်မံချိတ်ဆွဲနိုင်တဲ့ “beast mode” ဆိုတာ ရှိပါသေးတယ်။ ဒီလို အပိုလက်နက်တွေ ချိတ်ဆွဲထားရင်တော့ ရေဒါပေါ်မှာ မြင်ရဖို့ အလားအလာပိုများမှာပါ။ အနာဂါတ်မှာ ဒါတွေအတွက် ဖြေရှင်းရဦးမှာပါ။

ဝေဟင်မှ ဝေဟင်တိုက်ပွဲ

F-35 နှင့် B-2 တွေဟာ လေကြောင်းအကဲသာမှုအတွက် ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လေကြောင်းစိုးမိုးမှုအသားပေး Su-57 နဲ့တွေ့ရင် သေချာပေါက် ဒုက္ခရောက်မှာပါ။ ဒီလိုမတူညီတဲ့ လေယာဉ်မျိုးတွေ စစ်မြေပြင်မှာ ထိပ်တိုက်တွေ့ဖို့ဆိုတာကတော့ မဖြစ်နိုင်လောက်တဲ့ အကြောင်းပြချက်တွေရှိပါတယ်။ ဒါပေမယ့် တွေ့လာခဲ့ရင်တော့ သိပ်လွယ်မှာမဟုတ်ပါဘူး။

ကုန်ကျစရိတ်

ရေဒါပျောက် လေယာဉ်များဟာ သုတေသနနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ အတွက် ငွေကုန် ကြေးကျ အတော်များပါတယ်။ တစ်စီးကို ဒေါ်လာ ၂ ဘီလီယံ တန်ကြေးရှိတဲ့ B-2 ဟာ ကမ္ဘာပေါ်မှာ လက်ရှိဈေးအကြီးဆုံး လေယာဉ်ပါ။ ဒီလို ကုန်ကျစရိတ်ကြီးတာကြောင့် အရေအတွက်အနေ ဖြင့် လုံလောက်အောင် မထုတ်လုပ်ထားနိုင်ပါဘူး။

F-35 တွေတောင် အကုန်အကျအရမ်းများလို့ F-16 တွေကို အမေရိကန်လေတပ်က ပြန်လည်မှာယူနေတာ သာဓကပါပဲ။ လာမယ့် B-21 တွေကိုလည်း ၁၄၅ စီးလောက်အထိ ဝယ်မယ်လို့ စီစဉ်ထားသော်လည်း တကယ်ဖြစ်မဖြစ်ဆိုတာ မသေချာပါဘူး။ ဒါ့ကြောင့် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ် နှင့် ရုရှားလို နိုင်ငံမျိုးနှင့် တကယ် အပြည့်အဝ စစ်ဖြစ်ပြီဟေ့ဆိုရင် လုံလုံလောက်လောက် ထုတ်လုပ်ဖို့ဆိုတာ အတော်ကိုကုန်ကျစရိတ်များမှာပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.