ရာသီဥတုက သင့်အင်တာနက်အပေါ် သက်ရောက်နိုင်စေတဲ့ အချက်များ

Knowledge Tech

ရာသီဥတု ဆိုးဝါးလာတာနဲ့ အင်တာနက် အပေါ်မှာ တခုခု သက်ရောက်နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်လေးတွေ ဝင်တတ်ပါတယ်။

မိုးရွာတာ၊ နှင်းကျတာ ဒါမှမဟုတ် အပူလွန်ကဲတာက အင်တာနက်ကို ထိခိုက်စေတာလား ဒါမှမဟုတ် ခဏခဏ ကြုံဖူးတဲ့ တိုက်ဆိုင်မှုပဲလားဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။

သင့်အသုံးပြုနေတဲ့ အင်တာနက်ရဲ့ Wi-FI router ကို ရုံးမှာ၊ သင့်အိမ်မှာ ဒါမှမဟုတ် အဆောက်အအုံ တခုခု အတွင်းမှာ တပ်ဆင်ထားတယ်ဆိုရင် အပြင်မှာ ဖြစ်ပျက်တာတွေကို ဂရုသိပ်စိုက်စရာမလိုပါဘူး။

ချွင်းချက်ကတော့ မိုးရွာသွန်းတာထက် ပိုပြီး ထိန်းလို့ခက်တဲ့ စိုထိုင်းဆ ဖြစ်ပါတယ်။

Techwalla မှ နည်းပညာ ဝါသနာရှင်များ ရှင်းပြထားသည့်အတိုင်း “လေထုတွင် အစိုဓာတ်ဟာ signal များကို ထိရောက်စွာ ပို့ဆောင်ဖို့ရာ ခက်ခဲစေပြီး အမြန်နှုန်းကို နှေးစေတယ်” လို့ သိရပါတယ်။

ဒါပေမယ့် ဒါဟာ သင့် ဆာဗာ signal တွေကို အလွန်အမင်း စိုထိုင်းဆ မြင့်တဲ့နေ့မှာ လုံးဝ ဖြတ်တောက်ပစ်မယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ အနည်းငယ် နှေးစေမယ်ဆိုတဲ့ သဘောပေါ့။

အပူချိန် အလွန်အမင်း မြင့်တက်ခြင်းကတော့ သင့် Wi-Fi ကိရိယာများကို အပူလွန်ကဲစေပြီး တခါတရံမှာ ချွတ်ယွင်းမှုတွေ ဖြစ်ပေါ် စေတတ်ပါတယ်။

များသောအားဖြင့် ရာသီဥတု ဆိုးဝါး နေတဲ့အချိန်မှာ လူအများစုဟာ အိမ်ထဲမှာပဲနေပြီး တီဗွီကြည့်တာ၊ လူမှုကွန်ယက်တွေမှာ လျှောက်ကြည့်တာနှဲ့ ဂိမ်းကစားနေတတ် ကြတာပါ။

Allconnect ကတော့ ဒီလို အိမ်မှာ လူတွေစုမိပြီး အင်တာနက်တွေ ဝိုင်းသုံးကြတဲ့အတွက် တဦးချင်းစီ သုံးတဲ့ bandwidth ကို လျော့ကျစေပြီး နှေးကွေးစေနိုင်တယ်လို့ ဆိုပါတယ်။

ဥပမာ ကျွန်တော်တို့က 20Mbps လိုင်းတခုကို ယူထားပါက အင်တာနက် အမြန်နှုန်းဟာ တစက္ကန့်ကို 2.5 MB လောက် downlaod ဆွဲနိုင်မှာ ဖြစ်တဲ့အတွက် တယောက်ထဲ အသုံးပြုနေပါက 10MB လောက်ရှိတဲ့ သီချင်းတပုဒ်ကို ၄ စက္ကန့်လောက်နဲ့ download ဆွဲနိုင်မှာပါ။

ဒါပေမယ့် ၂ ယောက်ဖြစ်လာရင် အဲဒီ့အမြန်နှုန်းလောက် မမြန်နိုင်တော့ဘဲ ၄-၅ ယောက်လောက် သုံးနေပါက စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အမြန်နှုန်းတွေ ကျဆင်းလာနိုင်မှာပါ။

ဒါမှမဟုတ် သင့်အင်တာနက်ဟာ ကေဘယ်ကြိုးနဲ့ လာတာ သို့မဟုတ် ဂြိုဟ်တု အင်တာနက်စနစ်ဆိုရင်တော့ ရာသီဥတု မကောင်းတာ အ ကြောင်းပြချက် တခု ဖြစ်လာနိုင်ပါတယ်။

ဂြိုဟ်တု ရေဒီယိုလှိုင်းများဟာ သစ်ပင် သို့မဟုတ် အဆောက်အအုံကဲ့သို့ အတားအဆီးများကို လွတ်လွတ်လပ်လပ် ဖြတ်သန်းဖို့ ခက်ခဲပါတယ်။

အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အချိန်မှာ ၎င်း၏ လှိုင်းများ ရောက်ရှိလာတဲ့ လမ်းကြောင်းကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေမှာ ဖြစ်ပါတယ်။

ကေဘယ်ကြိုးနှင့် သွယ်တန်းထားတဲ့ အင်တာနက်ကတော့ အပူချိန် လွန်ကဲခြင်း သို့မဟုတ် မိုးရွာသွန်းတာတွေ ကြောင့် ပြတ်တောက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

မိုဘိုင်း အင်တာနက်တွေမှာလည်း ရာသီဥတု ဆိုးရွားရင် အနည်းငယ် နှေးကွေးနိုင်ပါတယ်။

ဖုန်းတာဝါတိုင်တွေဟာ ရာသီဥတု ပြင်းထန်လို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့အခါမှာ အရံစွမ်းအင် စနစ်တွေနဲ့ အလုပ်လုပ် နိုင်ပေမယ့် တခါတရံမှာ လိုင်းကို နှေးကွေးစေနိုင်ပါတယ်။

ရာသီဥတုရဲ့ သင့် အင်တာနက်အပေါ် သက်ရောက်နေတဲ့ အချက်တွေကတော့ သင် အင်တာနက် ရယူထားတဲ့ အမျိုးအစားအပေါ် မူတည်ပြီး အထက်ပါအတိုင်း အနည်းငယ်စီ ကွာခြား နိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *