ဂျပန်ကတော့ ထူးထူးခြားခြား ဖန်တီးမှု တခု လုပ်လိုက်ပြန်ပါပြီ။
ဂျပန်ကုမ္ပဏီ တခုဖြစ်တဲ့ ZGHYBD ဟာ သင့် မျက်နှာတခုလုံးကို ဖုံးအုပ်ထားနိုင်မယ့် မျက်မှန်ကို ဖန်တီးလိုက်ခြင်းဖြင့် နေကာမျက်မှန် ဖက် ရှင်ကို နောက်တဆင့် တက်လာစေပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါကိစ္စကိုပါ ထည့်သွင်း စဉ်းစားပြီး လူမျက်နှာကို ထိခိုက်စေတဲ့ UV ခရမ်းလွန် ရောင်ခြည်နှင့် ပိုးမွှားများ အန္တရာယ်မှ ကာကွယ်နိုင်ဖို့ အကောင်းဆုံး မျက်နှာ အကာတခု အဖြစ် ထုတ်လုပ်လိုက်တာပါ။
ကြည့်ရတာ ထူးထူးဆန်းဆန်း ဖြစ်နေတဲ့ ဒီ နေကာ မျက်မှန်ဟာ မျက်နှာ အပြည့် ဖုံးအုပ်နိုင်သည့် နေကာ မျက်မှန် ဒီဇိုင်းများမှာ ထိပ်ဆုံးက နေရာယူထားလိုက်ပါပြီ။
ဒီမျက်မှန်ဟာ နေရောင်ခြည်တွေ ကာကွယ်ပေးတဲ့ ကြီးမားတဲ့ မှန်နှင့် နားနောက်တွင် ဘောင်တခုပါတဲ့ ပုံစံလား၊ ဒါမှမဟုတ် visor ကဲ့သို့ တွဲထားတဲ့ မှန်ကာ အကြီးစား ပုံစံလားဆိုတာ သေချာမသိရသေးပါဘူး။
နေကာမျက်မှန်ကို အရည်အသွေးမြင့် polycarbonate ဖြင့် ပြုလုပ်ထားပြီး အတိုင်းအတာ အားဖြင့် ၁၆.၅ စင်တီမီတာ x ၁၄.၂ စင်တီမီတာ အရွယ်အစားလောက် ရှိပါတယ်။

တမူထူးခြားတဲ့ နေကာမျက်မှန်ဟာ ဖိအားမြင့်ဒဏ်ကို ပုံစံ ပျက်မသွားဘဲ ခံနိုင်စွမ်း ရှိပြီး နှင်းလျှောစီးခြင်းနှင့် အခြား ရေခဲပြင် အားကစားများမှာလည်း အသုံးပြုနိုင်မှာပါ။
ဒါ့အပြင် လေ နှင့် ဖုန်မှုန့် များကိုလည်း အရေးကြီးသည့် အစိတ်အပိုင်း နေရာများမှာ မဝင်နိုင်အောင် ကောင်းကောင်း ကာကွယ်ပေးထားပါတယ်။
မျက်မှန်ဟာ မျက်လုံးကိုသာမက မျက်နှာ တခုလုံးကို ခရမ်းလွန် ရောင်ခြည်မှ ကာကွယ် ပေးထားလို့ သင်ဟာ မျက်နှာ အသားအရေ ထိန်း သိမ်း ချင်သူ ဆိုပါက သမားရိုးကျ နေကာမျက်မှန်တွေကို “တာ့တာ”လို့ ပြောလို့ရမယ် ထင်ပါတယ်။
ကျွန်တော်တို့ ဒီ ဒီဇိုင်းနှင့် ပတ်သက်ပြီး စဉ်းစားနိုင်တဲ့ အားသာချက်များက ရေနှင့် ပက်ခြင်းများ၊ ဖုန်မှုန့်များ၊ မီးခိုးများ၊ ဆီများနှင့် အခြား မျက်နှာကို သက်ရောက်လာနိုင်မယ့် အရာများအားလုံးကို တားဆီးနိုင်မှာပါ။
သင်တာ နောက်တကြိမ် လူမသိ သူမသိ ပါတီတက်သွားမယ်လို့ စိတ်ကူးရင် သင့်မျက်နှာကို ဖုံးကွယ်ဖို့ နှင့် ပတ်ပတ်လည်က ဆေလိပ် ငွေ့တွေကို ကာကွယ်ဖို့ တပ်ဆင်သွားမယ်ဆိုရင် အဆင်ပြေမှာပါ။
ZGHYBD ၏ နေကာမျက်မှန်သစ်ဟာ Celeb များ အများ သူငှာ ရှေ့မှ ဖြစ်စေ ပါပါရာဇီများ ရန်မှ ဖြစ်စေ မျက်နှာကို ဖုံးကွယ်ဖို့ ရာအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ပြောမယ်သာ ပြောရတာ အနာဂါတ် sci-fi ရုပ်ရှင်ထဲက ပစ္စည်းပုံစံပေါက်နေတဲ့ ဒီ နေကာမျက်မှန်ကို အပြင်မှာ တကယ် ဝတ်ဖို့ စဉ်းစားချင်မှ စဉ်းစားကြမှာပါ။
ဒါကြီးကို ဝတ်သွားတာ TRON serires ထဲက ဇာတ်ကောင်လိုလို ပုံစံပေါက်ချင်တဲ့ အခါမျိုး ဒါမှမဟုတ် လူတွေကို ရှောင်ချင်တဲ့ အခါမျိုးမှာ တော့ အသုံးဝင်မှာပါ။
ဒါက ရှေ့ပြေးပုံစံ တို့ အယူအဆ ဒီဇိုင်းတို့တော့ မဟုတ်ပါဘူး။ ဂျပန်မှာ တကယ်ဝယ်လို့ ရနေပါပြီ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။