Elon Musk ၏ ဒေါ်လာ ၆.၆ ဘီလီယံ လှူမယ် ဆိုတဲ့ ပြောဆိုမှုအပေါ် WFP မှ အချက်အလက်ဖြင့် တုန့်ပြန်လိုက်တဲ့အကြောင်း

News World

Tesla ရဲ့ CEO ဖြစ်တဲ့ Elon Musk ဟာ အလှူငွေများကို မည်ကဲ့သို့ သုံးစွဲပြီး သန်းပေါင်းများစွာကို ငတ်မွတ်မှုဘေးမှ ကယ်တင်ရန် အစီ အစဉ်ကို လူသိရှင်ကြား ထုတ်ဖော်ဖို့ ကုလသမ္မဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့ WFP ကို စိန်ခေါ်ခဲ့ပါတယ်။

ဒီအကြောင်းကို “UN ကသာ သက်သေပြနိုင်ရင် ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု အတွက် ၆ ဘီလီယံ ပေးမယ်လို့ ဆိုတဲ့ Elon Musk” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ရက်သတ္တပတ် အနည်းငယ်ကြာ အပြီးမှာတော့ WFP မှ လှူဒါန်းဖို့ လိုအပ်တဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းဖြင့် Musk ကို ပြန်လည် တုန့်ပြန်လိုက်ပါတယ်။

WFP မှ ငတ်မွတ်ခေါင်းပါးသည့် ဘေးအန္တရာယ် ကျရောက်နေသည့် လူသန်းပေါင်းများစွာ၏ အကျပ်အတည်းကို မီးမောင်းထိုးပြပြီး ကမ္ဘာ တဝှမ်းရှိ ဘီလျံနာများမှ ၎င်းတို့၏ အမြတ်အစွန်း အနည်းငယ်ကို လှူဒါန်းရန် တိုက်တွန်းထားပါတယ်။

Musk ဟာ ကုလသမ္မဂ အနေဖြင့် ငွေကြေးသုံးစွဲမှုများအတွက် အစီအစဉ်ကို ထုတ်ပြန်မယ်ဆိုပါက ဝမ်းမြောက်စွာ ကူညီမှာ ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

သူ့ဟာ WFP ကို အချိန်အနည်းငယ်ကြာအောင် နှုတ်ဆိတ်နေစေခဲ့တာကနေ အခုတော့ ဒေါ်လာ ၆.၆ ဘီလီယံ ရန်ပုံငွေများကို ခွဲခြမ်းစိတ်ဖြာကာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကုလသမ္မဂ WFP ၏ ဝက်ဘ်ဆိုဒ်တွင် တင်ထားသည့် အဆိုအရ ဒေါ်လာ ၃.၅ ဘီလီယံ သို့မဟုတ် တဝက်ကျော်ခန့်ဟာ လူအများ စားနပ် ရိက္ခာဝယ်ယူရေး နှင့် ပို့ဆောင်မှု သေချာစေရန်အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

WFP ဟာ ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများသို့ လုံခြုံရေး အစောင့်အကြပ်များ ပါဝင်သည့် နည်း အပါအဝင် မတူညီတဲ့ နည်းမျိုးစုံဖြင့် အငတ်ဘေး ကျရောက်နေသည့် နေရာများကို ပို့ဆောင်နိုင်ရန် စီစဉ်ထားပါတယ်။

နောက်ထပ် ဒေါ်လာ ၂ ဘီလီယံကိုတော့ ဈေးများ ရှိနေသေးသည့် နေရာများတွင် အစားအစာ ဝယ်ယူရန်နှင့် ငွေသား ဘောက်ချာများအတွက် သီးသန့်ထားရှိမှာ ဖြစ်ပါတယ်။

အဖွဲ့အစည်း၏ အဆိုအရ ၎င်းတို့ဟာ လူများအား စိတ်ကြိုက်အစားအစာ ဝယ်ယူခွင့် ပေးရုံသာမက ဘေးဒဏ်သင့် ဒေသများရှိ ဒေသတွင်း စီးပွားရေးများကိုပါ ပံ့ပိုးပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေါ်လာ သန်း ၇၀၀ ကိုတော့ နိုင်ငံအဆင့် ထောက်ပံ့ ဖြန့်ဝေခြင်းကို ကြီးကြပ်မည့် အဆောက်အအုံများ တည်ဆောက်ဖို့နှင့် ကျန်ရှိသည့် သန်း ၄၀၀ ကိုတော့ လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲရေးနှင့် အစီအစဉ်ကို ကြီးကြပ်မည့် အမှီအခိုကင်းသည့် စာရင်းစစ်များထံ ငွေပေး ချေမှုများအတွက် အသုံးပြုမယ်လို့ ရည်မှန်းထားကြောင်း သိရှိရပါတယ်။

WFP မှ အကြီးအကဲဖြစ်သည့် David Beasley မှ တွစ်တာ လူမှုကွန်ယက်မှာလည်း Musk ကို tag တွဲပြီး ဒီကိစ္စနှင့် ပတ်သက်ပြီး ပါဝင်ကူညီရန် အကူအညီတောင်းခံခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းမှ WFP ရန်ပုံငွေဖြင့် ကူညီပေးရန် စီစဉ်နေသော လူများ၏ ၅၀ ရာခိုင်နှုန်း နီးပါရှိသော နိုင်ငံ ၅ နိုင်ငံမှ လူများ၏ အခြေ အနေမှာ ထင်ထားတာထက် ပိုပြီး အခြေအနေဆိုးနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် WFP ဟာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို အလွန်အလေးအနက်ထားပြီး ၎င်း၏ “”ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ လုပ် ငန်းလည်ပတ်မှုအစီအစဉ်များ၊ စာရင်းစစ်များနှင့် နှစ်စဉ်အစီရင်ခံစာများ” များကို အများသိရှိအောင် ချပြထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ့နောက်မှာတော့ Beasley မှ ယခုလ အစောပိုင်း ထုတ်ဝေခဲ့သည့် WFP ဝက်ဘ်ဆိုက်ရှိ လုပ်ငန်းဆောင်ရွက်မှုနှင့် ကုန်ကျစရိတ်များနှင့် ပတ်သက်သော အစီအရင်ခံစာပါသည့် လင့်ခ်တခုကို မျှဝေခဲ့ပါတယ်။

Musk ဟာ လက်ရှိ ရှယ်ယာအချို့ ရောင်းချထားလို့ လက်ထဲမှာ ငွေသားတွေရှိနေပြီး WFP အပေါ် ဘယ်လို တုန့်ပြန်မလဲဆိုတာတော့ မသိရသေးပါဘူး။

ကမ္ဘာ့ ငတ်မွတ် ခေါင်းပါးမှုကို ကူညီပေးမယ်ဆိုတဲ့ Elon Musk ရဲ့ ပြောဆိုခဲ့မှုဟာ တကယ်ပဲလား၊ စနောက်ရုံ သပ်သပ် ပဲလား ဆိုတာ က တော့ စောင့်ကြည့်ရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *