နေရောင် တပတ်လောက် ပျောက်သွားရင် ဖြစ်လာနိုင်သည့် အကျိုးဆက်များ

Nature Science

မကြာသေးမီက သိပ္ပံပညာရှင်များဟာ ကမ္ဘာကြီး ပူနွေးလာမှုအတွက် အဖြေရှာရန် နေရောင်ခြည်ကို ပိတ်ဆို့နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေကြတာကို သိကြပြီး ဖြစ်မှာပါ။

ဒီအကြောင်းကို “နေရောင်ခြည်ကို ပိတ်ဆို့နိုင်တဲ့နည်း သိပ္ပံပညာရှင်များ လေ့လာနေတဲ့ အကြောင်း” တွင် ဖော်ပြပြီး ဖြစ်ပါတယ်။

ဆိုင်တော့ မဆိုင်ပေမယ့် နေရောင်ခြည်ကို ၁ ပတ်လောက် ပိတ်ဆို့မိသွားရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ အရင်က လေ့လာထားမှုတွေ ရှိပြီးသားပါ။

ဒါက ဖြစ်လာနိုင်ဖို့ ဖြစ်နိုင်ချေ မရှိပေမယ့် အကျိုးဆက်များကို သိရှိထားနိုင်ဖို့ ဖော်ပြပေးတာ ဖြစ်ပါတယ်။

နေရောင် တပတ်လောက် ပျောက်ဆုံးသွားရင်

နေရောင်ခြည်ဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်စေပြီး နံနက်ခင်း နိုးထနိုင်ဖို့ ကူညီပေးပါတယ်။

နေရောင်မှ ရရှိတဲ့ ဗီတာမင် D ဟာ သင်၏ အရိုးများကို သန်မာစေပြီး ရာသီအလိုက် ဖြစ်တတ်တဲ့ စိတ်ကျရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ Business Insider မှာ ဖေါ်ပြဖူးပါတယ်။

တနည်းအားဖြင့် ဆိုရရင် နေရောင်ခြည် တပတ်လောက် ပျောက်ဆုံးသွားမယ်ဆိုပါက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ သေချာပေါက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပထမဆုံး သတိထားမိမှာကတော့ ကမ္ဘာကြီး တခုလုံး အလွန်မှောင်ပြီး အလွန် အေးစက်လာမှုဟာ အလျှင်အမြန် ဖြစ်လာမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကမ္ဘာကြီးဟာ လည်ပတ်နေသောကြောင့် နေ့နှင့် ည ပြောင်းလဲနေသော်လည်း နေရောင်ခြည်ကို တိုက်ရိုက် ပိတ်ဆို့တာ ဒါမှမဟုတ် နေလုံးကြီး မရှိတော့တာမျိုးဆိုပါက နေအလင်းရောင်ဟာ ၈.၅ မိနစ်အတွင်း ပျောက်ဆုံး သွားမှာ ဖြစ်ပါတယ်။

၈.၅ မိနစ်ဆိုသည်မှ နေမှ အလင်းရောင် ကမ္ဘာသို့ ရောက်ရှိနိုင်သည့် အချိန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို Earthsky သိပ္ပံ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါတယ်။

အပူချိန်ဟာ ချက်ချင်း ကျဆင်းသွားမှာ မဟုတ်ပေမယ့် တပတ်အတွင်းမှာတော့ သုညဒီဂရီဖာရင်ဟိုက် (အနှုတ် ၁၇.၈ ဒီဂရီ ဆဲစီးယပ်) အထိ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒါဟာ အလွန်အေးတာ မှန်ပေမယ့် ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်နှင့် အခြား သက်ရှိများကို အေးခဲပစ်ဖို့တော့ လုံလောက်တဲ့ အနေအထား မဟုတ်ပါဘူး။

ဒါပေမယ့် နေရောင်မရှိခြင်းဟာ photosynthesis လို့ခေါ်တဲ့ သစ်ပင်တွေရဲ့ နေရောင်ခြည်ကို အသုံးပြုပြီး အစာချက်လုပ်တဲ့ လုပ်ငန်းစဉ်ကို ရပ်ဆိုင်းစေပါတယ်။

ဒါ့ကြောင့် အပင်များဟာ စတင် ညှိုးနွမ်းလာပြီး ပျက်စီးကုန်မှာ ဖြစ်ကာ ၎င်းတို့ကို စားသုံးသည့် တိရိစ္ဆာန်များ ငတ်မွတ်စေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ မျက်နှာပြင် အပူချိန်ဟာ နေရောင်မရှိတဲ့အခါမှာ အနှုတ် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကို ရောက်ရှိဖို့ရာ တနှစ်ခန့်တော့ ကြာမြင့်မှာဖြစ်ပါတယ်။

အဲဒီလို အေးခဲလာရင်တော့ အပင်တွေကိုသာ သက်ရောက်ရုံမကဘဲ ကမ္ဘာ့ပေါ်ရှိ သက်ရှိအားလုံးကိုပါ သက်ရောက်မှာဖြစ်ပြီး စွမ်းအင်နှင့် အပူ အရင်းအမြစ်များမရှိဘဲ ၎င်းတို့ဟာ ရှင်သန်နိုင်ကြမှာ မဟုတ်ပါဘူး။

တကယ်လို့ နေလုံးကြီးပါ မရှိတော့ရင်

နေလုံးကြီးပါ တပတ်လောက် ပျောက်သွားတယ် ဆိုပါစို့။ ဒါဆိုရင်တော့ ကမ္ဘာတင် မကပါဘူး အာကာသမှာပါ အပြောင်းအလဲ ဖြစ်လာမှာပါ။

ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ မျှချေတခုမှ ရောက်ရှိနေဖို့ နေကို အဆက်မပြတ် လှည့်ပတ်နေတာ ဖြစ်ပြီး နေအဖွဲ့အစည်း တခုလုံးဟာလည်း ဒီ နည်းအတိုင်း မျှချေတခုမှာ ရှိနေတာပါ။

နေမင်းကြီးဟာ ကမ္ဘာထက် အကြမ်းဖျင်းအားဖြင့် အဆပေါင်း ၁၀၉ ဆ လောက် ကြီးမားပြီး နေအဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ ဂြိုဟ်များအားလုံးကို ဆွဲအားဖြင့် မောင်းနှင်ပေးနေပါတယ်။

နေ၏ ဆွဲအားကြောင့် လည်ပတ်နေတဲ့ ကမ္ဘာကြီးဟာ နေကြီး တပတ်လောက် ရုတ်တရက်ပျောက်သွားပါက ဆက်လက် ရပ်တည်နိုင်စွမ်းမရှိဘဲ အာကာသထဲကို လွင့်ထွက် မျောပါ သွားမှာ ဖြစ်ပါတယ်။

အဲဒီ့လို အနေအထားမျိုးမှာ ကမ္ဘာကြီးဟာ ကြယ်တံခွန်များ ဥက္ကာပျံများသာမက အခြား ဂြိုဟ်များနှင့် ပင် ဝင်တိုက်နိုင်ဖို့ အလားအလာ အ လွန် များမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် လက်ရှိ အခြေအနေလေးဟာ အလွန်သာယာတယ်ဆိုတာ သတိရနေရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.