Admiral Kuznetsov လေယာဉ်တင်သင်္ဘောကြီးဟာ ရုရှားတို့၏ တစီးထဲသော လေယာဉ်တင် သင်္ဘောကြီး နှင့် အလံတင် သင်္ဘော ဖြစ်ပြီး လက်ရှိမှာ လူအများ မြင်ကွင်းကနေ ပျောက်ဆုံးနေတာ အတော် ကြာမြင့်ခဲ့ပါပြီ။
ဒီသင်္ဘောကြီးဟာ ဆီးရီးယား ကမ်းရိုးတန်းတွင် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်အပြီး ၂၀၁၇ ခုနှစ် ကတည်းက အကြီးစား အလုံးစုံ ပြုပြင်မှုတွေ ပြုလုပ်နေခဲ့တာပါ။
လက်ရှိအနေအထားမှာတော့ Admiral Kuznetsov ရဲ့ အခြေအနေဟာ အချိန်အတိုင်းအတာ တခုအထိ ပြင်ဆင်ရဦးမှာဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်ထက် ၃ နှစ်လောက် နောက်ကျသွားတာ ဖြစ်ပါတယ်။
ဒီ လေယာဉ်တင်သင်္ဘောဟာ လွန်ခဲ့တဲ့ ၂ နှစ်က ပြင်ဆင်နေရင်း ၎င်းအား ပြင်ဆင်ဖို့ အသုံးပြုနေသည့် ရေလုံ လွန်းကျင်း ပြိုကျရာမှ ပြင် ဆင်မှုတွေ ပြီးဆုံးဖို့ နှောင့်နှေးခဲ့တာ ဖြစ်ပါတယ်။

သတင်းများအရ ဒီ လေယာဉ်တင်သင်္ဘော ၏ အလုံးစုံ ပြုပြင်မှုနှင့် အဆင့်မြှင့်တင်ဖို့ကို ၂၀၂၃ ခုနှစ်မှာ ပြီးဆုံးဖို့ မျှော်လင့်ထားပြီး အဲဒီ့ နှစ်ကုန်လောက်မှာပဲ ရုရှားရေတပ်ကို ပြန်လည် လွှဲပြောင်းပေးနိုင်မယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်အတွင်းကတော့ ရုရှား စက်မှုပိုင်းဆိုင်ရာ အရာရှိများက လေယာဉ်တင်သင်္ဘောကြီးအား ၂၀၂၁ ခုနှစ် မေလ လောက်မှာ ပြုပြင် ပြီးစီးမယ်လို့ ပြောခဲ့ပါတယ်။
တကယ်တော့ အဲဒီ့ သတ်မှတ်ထားတဲ့ နှစ်အမှီ မပြီးစီးခဲ့သည့်အပြင် နှောင့်နှေးမှုတွေ အများကြီး ရှိခဲ့ပါတယ်။
ယခု ၂၀၂၂ ဇွန်လ အတွင်းမှာဘဲ ရုရှားပိုင် TASS မီဒီယာ၏ ကြေညာချက်အရ ၂၀၂၄ ခုနှစ် လောက်မှသာ လေယာဉ်တင် သ င်္ဘောကို ပြုပြင်လို့ ပြီးစီးမယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ၎င်းကို ပြင်ဆင်နေတဲ့ ရုရှားနိုင်ငံရဲ့ အကြီးဆုံး ရေလုံ လွန်းကျင်းဖြစ်တဲ့ PD-50 ဟာ ရုတ်တ ရက် ပြိုကျခဲ့ပြီး တန် ၇၀ ရှိတဲ့ ကရိန်းကြီး သင်္ဘောရဲ့ လေယာဉ်ပြေးလမ်းပေါ်ကို ပြုတ်ကျခဲ့ပါတယ်။
ဒါ့ကြောင့် လေယာဉ်ပြေးလမ်းပေါ်မှာ စတုရန်းပေ ၂၀၀ လောက်ရှိတဲ့ အပေါက်ကြီး ဖြစ်သွားခဲ့ပြီး ဒီဖြစ်ရပ်မှာ လူ ၁ ဦး ပျောက်ဆုံးကာ ၄ ဦး ထိခိုက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရုရှားတို့တွင် လေယာဉ်တင်သင်္ဘော အတွက် လုံလောက်စွာ ပြုပြင်ပေးနိုင်မယ့် ရေလုံ လွန်းကျင်း မရှိတော့တဲ့အတွက် Admiral Kuznetsov ရဲ့ အနာဂါတ်ကို မေးခွန်းခဏ ခဏ အထုတ်ခံခဲ့ ရပါတယ်။
PD-50 ရေလုံ လွန်းကျင်းကို ၁၉၇၈ မှ ၁၉၈၀ အတွင်း ဆိုဗီယက် ပြည်ထောင်စုအတွက် ဆွီဒင် မှ တည်ဆောက်ပေးခဲ့တာ ဖြစ်ပြီး ၁၉၈၀ မှ ၂၀၁၈ ခုနှစ် ပြိုကျသည်အထိ ရုရှားနိုင်ငံတွင် အကြီးဆုံးသော ရေလုံ လွန်းကျင်းဖြစ်ခဲ့ပါတယ်။
ရုရှားနိုင်ငံအနေဖြင့် ဒီလို ရေလုံ လွန်းကျင်းမျိုး ကိုယ်တိုင် တည်ဆောက်ဖို့ရာ နည်းပညာ စိန်ခေါ်မှုတွေ ရှိနေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ရေလုံလွန်းကျင်း၏ တောင်နှင့် မြောက်ပိုင်း အခန်းများကို ပေါင်းစပ်ပြီး အကျယ်အဝန်း အလျား ၄၀၀ မီတာ အနံ ၇၀ မီတာရှိသည့် လွန်းကျင်းကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း Admiral Kuznetsov ပေါ်မှာ မီးအကြီးအကျယ် လောင်ခဲ့လို့ လူ ၂ ဦး အသက် ဆုံး ရှုံး ခဲ့ရပြီး ၁၄ ယောက် လောက် မီးနှင့် မီးခိုးငွေ့တွေကြောင့် ကု သမှု တွေ ပြုလုပ်ခဲ့ရပါတယ်။

လေယာဉ်တင်သင်္ဘောပေါ်မှ မီးဘေးကြောင့် ဆုံးရှုံးမှုဟာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ၁-၁.၅ ဘီလီယံလောက် ရှိမယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လတုန်းကတော့ United Shipbuilding Corporation (USC) ဟာ သင်္ဘာကြီးကို ပြုပြင်ရန် နှင့် ရေလုံလွန်းကျင်း အပိုင်း ၂ ပိုင်းကို ပြန်လည် တည်ဆောက် ပြုပြင်နိုင်ရန် Orgenergostroy ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။’
လက်ရှိမှာတော့ သင်္ဘောကြီးဟာ PD-50 ရေလုံလွန်းကျင်း ပျက်စီးသွားတဲ့ Roslyakovo မှာရှိတဲ့ အမှတ် ၈၂ သင်္ဘောကျင်းမှ ထွက်ခွာပြီး Murmansk မှာရှိတဲ့ အမှတ် ၃၅ သင်္ဘောကျင်းတွင် ဆက်လက် ပြုပြင်နေဖွယ်ရှိပါတယ်။
ပြင်ဆင်မှု ကုန်ကျစရိတ်ဟာ ရုရှား ရူဘယ် သန်း ၃၀၀ မှ ၃၅၀ လောက် ကုန်ကျဖွယ်ရှိပြီး သင်္ဘောတွင် တပ်ဆင်ထားသည့် CIWS အနီးကပ်လေကာစနစ် အပါအဝင် စနစ်အချို့ကို အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။
နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် မယ်မယ်ရရ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့သည့်အပြင် ၂၀၁၆ ဆီးရီးယား ခရီးတွင် ပြဿ နာပေါင်း များစွာနှင့် ကြုံတွေ့ခဲ့ရကာ အကြီးစား ပြုပြင်ရတဲ့ အဆင့်အထိ ရောက်ရှိသွားခဲ့တာပါ။

ရုရှားဟာ လက်ရှိမှာ လေယာဉ်တင်သင်္ဘော သစ်များကို ထပ်မံ တည်ဆောက်ဖို့ ဆန္ဒရှိနေပြီး ၎င်းတို့၏ အနာဂါတ် လေ ယာဉ် တင်သင်္ဘောများမှာ ဆိုဗီယက်ခေတ် Admiral Kuznetsov ၏ နည်းပညာ ညံ့ဖျင်းမှုများကို သင်ခန်းစာယူပြီး တည် ဆောက်ရမှာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။