ပြီးခဲ့တဲ့ ၂ လအတွင်းမှာ B-52 တာဝေးဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်အားပြခဲ့ပါတယ်။
အခုခေတ်မှာ ခေတ်မှီတိုက်လေယာဉ် တွေ၊ ရေဒါပျောက်လေယာဉ်တွေနဲ့ AI စနစ်တွေပါဝင်တဲ့ မောင်းသူမဲ့လေယာဉ်တွေ အစရှိသဖြင့် နည်းပညာမြင့်မားတဲ့ လေယာဉ်တွေရှိနေပေမယ့် B-52 ဟာ အောင်မြင်နေဆဲပါ။
သူ့ရဲ့ အလွန်ဝေးကွာတဲ့ နေရာအထိစစ်ဆင်နိုင်ခြင်း၊ စိတ်ချရမှုအပြည့်အဝရှိခြင်း၊ လက်နက်မျိုးစုံကို အလေးချိန်အမြောက်အမြား တင် ဆောင်နိုင်ခြင်း၊ နျူကလီးယား လက်နက် တင်ဆောင်နိုင်ခြင်း နှင့် လမ်းညွှန်မဲ့ဗုံးများမှစပြီး ပင်လယ်ပြင် မိုင်းခင်းချတဲ့အထိ လုပ်ဆောင်နိုင်တဲ့အတွက် ပျံသန်းနေတဲ့ ဒိုင်နိုဆော လို့တောင် တင်စားနိုင်ပါတယ်။
ဒီ post ကတော့ B-52 တွေရဲ့ ထူးခြားတဲ့ အချက်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။
စနေ၊ တနင်္ဂနွေ ၂ ရက်ထဲနှင့် ဒီဇိုင်းဆွဲခဲ့
ဂျက်အင်ဂျင်တွေ ပေါ်လာပြီး ၁၀ နှစ်အကြာမှာ ဘိုးအင်း ကုမ္ပဏီဟာ B-52 ကို ကြီးမားတဲ့ ပန်ကာတပ် turboprop engine ၄ ခုကို အသုံးပြုကာ ဒီဇိုင်းဆွဲခဲ့တာပါ။ အဲဒီ့တုန်းက ဂျက်အင်ဂျင်တွေဟာ ဆီအရမ်းစားတဲ့အတွက် တာဝေး ဗုံးကြဲလေယာဉ်မှာ အသုံးပြုဖို့ မသင့်တော်ဘူးလို့ ယူဆလို့ဖြစ်ပါတယ်။

အဆိုပါ ဒီဇိုင်းကို အမေရိကန်လေတပ်၏ ဗိုလ်မှူးကြီး Pete Warden အား တစ်ရက်သော သောကြာနေ့ နေ့လည်ခင်းမှာ သွားရောက် ပြသခဲ့ပါတယ်။ ဒီဇိုင်းကိုကြည့်ရှုပြီး သူက ပန်ကာတပ်အင်ဂျင်တွေကို ဖြုတ်ရင်ဖြုတ် မဖြုတ်ရင် ဒီအဆိုပြုလွှာကို ပယ်ချမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီ့အခါ ဘိုးအင်းဒီဇိုင်းအဖွဲ့ဟာ အနာဂါတ်မှာ ဒီလေယာဉ်အတွက် စစ်ဘက်ဆိုင်ရာမှ ရင်းနှီးမြှပ်နှံမှုများစွာ ပြလုပ်မှာကို မြင်သောကြောင့် တနင်္လာနေ့တွင် ပြန်လာမည်ဟု အကြောင်းကြားကာ အိုဟိုင်းအိုးပြည်နယ် ဒေးတန် မြို့အနီးရှိ ဟော်တယ်တစ်ခုမှာ အသည်းအသန် ဒီဇိုင်းပြန်ဆွဲ ကြပါတယ်။
ဘိုးအင်း လေကြောင်းဒီဇိုင်း အင်ဂျင်နီယာတွေဖြစ်တဲ့ George Schairer, Vaughn Blumenthal, Maynard Pennell, Ed Wells, Art Carlson နှင့် Bob Whittington တို့ဟာ အဆိုပါ လေတပ်အကြီးအကဲ လိုချင်တဲ့အတိုင်း ကိုက်ညီတဲ့ ဗုံးကြဲလေယာဉ်သစ် ဒီဇိုင်းကို ပြီးစီးအောင် ဆွဲနိုင်ခဲ့ပြီး စာမျက်နှာ ၃၃ မျက်နှာပါ စီမံကိန်း အဆိုပြုလွှာကို တင်သွင်းနိုင်ခဲ့ကာ နာမည်ကျော် B-52 ကိုမွေးထုတ် နိုင်ခဲ့ပါတယ်။
ဒီဇိုင်းအဖွဲ့ဟာ အနီးအနားရှိ skill model (ကား၊ လေယာဉ်စသည်တို့ကို အချိုးကျအတိုင်း အတိအကျ ချုံ့ထားသည့် ပုံစံငယ်များ) ဆိုင်မှ အစိတ်အပိုင်းများကို အသုံးပြုပြီး လေယာဉ်ပုံစံငယ်ကိုတောင် ပြုလုပ်ပြီး တင်ပြနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ပြီး ၄ နှစ်ပဲအကြာမှာ B-52 တွေကို ကောင်းကင်မှာ စတင်မြင်ရတာ ဖြစ်ပါတယ်။
B-52 ဟာ ရန်သူ့ ဂျက်လေယာဉ်တွေကိုပါ ပစ်ချဖူး
B-52 ဟာ ဒုတိယကမ္ဘာစစ် ကပုံစံဖြစ်တဲ့ အမြီးပိုင်းမှာ စစ်ကလေးတွေ တပ်ဆင်ထားပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်လေတပ်ရဲ့ B-52D ၂ စီး ဟာ ဗီယက်နမ်ရဲ့ MiG-21 တွေကို ၁၉၇၂ ဒီဇင်ဘာလထဲမှာ တစ်စီးစီ ပစ်ချဖူးပါတယ်။

ဗီယက်နမ်စစ်ပွဲအတွင်း B-52 လေယာဉ် ၃၀ လောက် ပစ်ချခံခဲ့ရပါတယ်။ ၁၉၉၂ မှာတော့ B-52 အားလုံးရဲ့ အမြီးပိုင်းမှာ တပ်ဆင်ထားတဲ့ ၀.၅ ကယ်လီဘာ စက်ကလေးတွေကို အပြီးတိုင် ဖြုတ်သိမ်းလိုက်ပါတယ်။
အပေါ်ရော အောက်ရော ထွက်နိုင်တဲ့ Ejection စနစ်
Ejection စနစ်အကြောင်းကိုပြောရင် လူတိုင်းက လေယာဉ်မှူးတစ်ယောက် သို့မဟုတ် နှစ်ယောက်ဟာ တိုက်လေယာဉ် လေယာဉ်မှူးခန်းမှ အပေါ်သို့ ခုန်ထွက်တာကို မြင်ယောင်ကြမှာပါ။

B-52 မှာတော့ လေယာဉ်အဖွဲ့သား ၆ ယောက်ကို နှစ်ထပ်အနေအထားနဲ့ ကိုယ်ထည်ထဲမှာ နေရာချထားတာပါ။ ဒါကြောင့် လေယာဉ်တစ်ခုခုဖြစ်ပါက တစ်ဦးစီအတွက် လေယာဉ်မှ ထွက်ဖို့ စနစ်တစ်ခုစီ တပ်ဆင်ပေးထားပါတယ်။
အပေါ်ဘက်မှ လေယာဉ်မှူးနှင့် လက်ထောက်လေယာဉ်မှူးအပါအဝင် ၄ ယောက် ထွက်နိုင်ပြီးတော့ အောက်မှာတော့ လေယာဉ်လမ်းကြောင်းပြသမားနှင့် ရေဒါသမား ၂ ယောက်က ထွက်နိုင်မှာဖြစ်ပါတယ်။
နှစ် ၁၀၀ လောက်တာဝန်ထမ်းဆောင်နိုင်
B-52 ရဲ့ ကိုယ်ထည်တွေကို နှစ်ပေါင်းများစွာ အဆင့်မြှင့်တင်လာခဲ့တဲ့အတွက် ခေတ်သစ် ဗုံးကြဲလေယာဉ်တွေ ထက်တောင် သာလွန်စေပါတယ်။ B-1B Lancer နဲ့ B-2 Spirit နှစ်စီးလုံးဟာ B-52 ရဲ့သက်တမ်းကာလအတွင်းမှာ ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲပြီး အခုဆို အနားယူတော့မယ့် အနေအထားတောင် ရှိနေပါပြီ။

ဒါပေမယ့် B-52 တွေကိုတော့ ၂၀၆၀ အထိ ပုံစံတစ်မျိုးထဲ သို့မဟုတ် ပုံစံမျိုးစုံဖြင့် ဆက်လက်အသုံးပြုဖို့ မျှော်လင့်ရပါတယ်။ ၁၉၅၂ မှ ပထမဆုံး စတင်ပျံသန်းပြီး ၁၉၅၅ ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ B-52 တွေဟာ ၂၀၆၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်နိုင်ပါက နှစ် ၁၀၀ လောက် တာဝန်ထမ်းဆောင်နိုင်တဲ့ လေယာဉ်အဖြစ်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
Knowledgeworms Copyright © 2021