အင်္ဂလိပ်တွေ လက်ဖက်ရည်ထဲကို နွားနို့ ထည့်သောက်ရတဲ့ အကြောင်း

Knowledge

ကမ္ဘာပေါ်တွင် နိုင်ငံတော်တော်များများဟာ လက်ဖက်ရည်ကို နှစ်ခြိုက်စွာ သောက်သုံးတတ်ကြပါတယ်။

လက်ဖက်ရည်ဟာ Green tea၊ Black tea သို့မဟုတ် White tea မည်သို့ပင် အမည် တပ်ထားစေကာမူ အပင်တပင်ထဲက ဆင်းသက်လာတာပါ။

နိုင်ငံတော်တော် များများမှ သောက်သုံးကြပေမယ့် အကြိုက်အပေါ် မူတည်ပြီး လက်ဖက်ရည်ကို ပြင်ဆင်ဖန်တီး သောက်သုံးကြတာတော့ ကွဲပြားကြပါတယ်။

တရုတ်နှင့် ဂျပန်တို့ဟာ များသောအားဖြင့် ရေနွေးကြမ်းကို လက်ဖက်ခြောက်ခတ်ကာ ဘာမှမထည့်ဘဲ သောက်သုံးရတာ နှစ်သက်ကြပါတယ်။

အင်္ဂလိပ်တို့ကတော့ လက်ဖက်ရည်ကို နွားနို့ဖြင့် ရောစပ် သောက်သုံးရတာ ပိုပြီး သဘောကျ ကြပါတယ်။

ယနေ့ခေတ်မှာ ၎င်းတို့ဟ နွားနို့ကို အရသာအတွက် လက်ဖက်ရည်ထဲကို ထည့်ပြီး သောက်သုံးကြတာ ဖြစ်ကောင်း ဖြစ်ပေမယ့် မူလကတော့ အဲဒီ့ ရည်ရွယ်ချက်ကြောင့် မဟုတ်ပါဘူး။

Reader’s Digest တွင် ဖော်ပြထားချက်အရ နွားနို့ကို လက်ဖက်ရည်ထဲ ထည့်သောက်သည့် ပထမဆုံး အင်္ဂလိပ်များဟာ အရသာထက် ၎င်းတို့၏ ရေနွေးသောက်သုံးသည့် ခွက်များအတွက် ဖြစ်တယ်လို့ သိရပါတယ်။

လက်ဖက်ရည် ပွက်ပွက်ဆူကို သောက်သုံး ဖို့ရာအတွက် အဲဒီ့ခေတ်များက ကြွေခွက်များဟာ အပူချိန် အရမ်းများပါက မကြာ ခဏ ကွဲအက်တတ်သည့် ပြသနာကို ကြုံတွေ့ခဲ့ ကြရပါတယ်။

အဲဒီ့ခေတ်က လက်ဖက်ရည် သောက်ဖို့ရာအတွက် အသုံးပြုသည့် ကြွေခွက်များမှာ လူတိုင်းတတ်နိုင်သည့် အရည်အသွေး သိပ်မကောင်းဘဲ ဈေးပေါသော ကြွေခွက်များ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ၎င်းတို့ဟာ ပွက်ပွက်ဆူနေသည့် လက်ဖက်ရည်ကို ခွက်ထဲသို့ အရင်မထည့်ဘဲ နွားနို့ကို ရောစပ်ကာ အသုံးပြုခဲ့ကြပါယ်။

အေးမြသည့် နွားနို့ကို ခွက်ထဲသို့ အရင်ဆုံး ထည့်ကာ ရေနွေးပူပူကို ရောစပ်ခြင်းဟာ ရေနွေးကို အေးလွယ်သည့်အပြင် ခွက်ကိုလည်း ပျက်စီးနိုင်ချေ နည်းပါးစေပါတယ်။

နွားနို့ကို ရေနွေးထက် အရင် ခွက်ထဲကို ထည့်ခြင်းဟာလည်း သမိုင်းကြောင်းအရ မှန်ကန်တယ်လို့ ပြောလို့ရပါတယ်။

ဒါ့အပြင် ဒီအလေ့အထဟာ သိပ္ပံ အချက်အလက်နှင့် သီအိုရီအရလည်း မှန်ကန်ကြောင်း ရှင်းပြလို့ ရပါတယ်။

တကယ်လို့ ရေနွေးကို ခွက်ထဲသို့ အရင်ထည့်ပြီး နွားနို့ကို လောင်းထည့်ပါက နွားနို့တွင် ပါဝင်သည့် ပရိုတင်းဓာတ်များဟာ ဓာတ်ပြယ်ပြီး ဟိုတစု ဒီတစု ရောနှောသွားမှာ ဖြစ်ပါတယ်။

ရေနွေးကို အရင်ထည့်ပြီး နွားနို့ကို နောက်မှထည့်တာကို လူတိုင်းကတော့ လက်မခံကြပါဘူး။

ဒါကလည်း လူတိုင်းရဲ့ လက်ဖက်ရည် သောက်သုံးမှုအပေါ် အရသာခံမှု နှင့် ကြိုက်နှစ်သက်မှုတွေ မတူညီလို့ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်များရဲ့ လက်ဖက်ရည်ထဲကို ရေနွေးထည့်သောက်ရတဲ့ ရည်ရွယ်ချက် မူလအစကတော့ အရသာကြောင့် မဟုတ်တာ အသေအချာပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *