မြင်းကျားတွေကို သာမန် မြင်းတွေလို လူတွေ အသုံးမပြုကြတဲ့ အကြောင်းအရင်း

Knowledge Nature

ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ မြင်းတွေနဲ့ အလွန်ဆင်တူပြီး လှပတဲ့ မြင်းကျားများကို လူတွေဘာလို့ အသုံးမချကြသလဲဆိုတာ သိချင်ကောင်း သိချင်ပါလိမ့်မယ်။

၎င်းတို့ဟာ မြင်းများကဲ့သို့ မြက်ကိုစားသုံးကြပြီး မြင်းတွေနဲ့ တူတဲ့အတွက် မွေးမြူဖို့ရာအတွက် လွယ်ကူမယ်လို့ ထင်မိမှာပါ။

အဖြူအနက်ကျား အစင်းနှင့် မြင်းကြားများဟာ အာဖရိက လွင်ပြင်များမှာ အသားစား သတ္တဝါတွေရဲ့ကြားမှာ ရှင်သန်နေရတဲ့အတွက် အလွန်အပြစ်ကင်းစင်ပြီး အန္တရာယ်မရှိဘူးလို့လည်း ထင်ကြမှာပါ။

လူတော်တော်များများဟာ မြင်းကျားတွေကို ယဉ်ပါးအောင် လုပ်ဆောင်ဖို့အတွက် ကြိုးစားခဲ့တဲ့ သမိုင်းတွေ ရှိပါတယ်။

အကြိမ်ကြိမ် အကြီးအကျယ် မြင်းကျားများကို ယဉ်ပါးအောင်နှင့် အသုံးချနိုင်အောင် ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။

၁၈၀၀ ခုနှစ်များက ဥရောပတိုက်သားများဟာ မြင်းကျားများရဲ့ ရောဂါဘယဒဏ် ခံနိုင်မှုကို သဘောကျတဲ့အတွက် စစ်ဘက်ဆိုင်ရာတွင် အသုံးပြုရန်နှင့် စစ်နိုင်တဲ့အခါ ကုန်သွယ်ဖို့ရာအတွက် စိတ်ဝင်စားခဲ့ကြပါတယ်။

အချို့က မြင်းကျားများကို ရထားလုံးဆွဲဖို့တောင် အသုံးပြုခဲ့သည့် သမိုင်းမှတ်တမ်းများလည်း ရှိခဲ့ပါတယ်။

သို့ပေမယ့် လူတွေစီးနင်းနိုင်ဖို့အတွက် မြင်းကျားတကောင်ကို လေ့ကျင့်ဖို့ရာ မဖြစ်နိုင်တာကို တွေ့ရှိခဲ့သည့်အပြင် ဒီအလုပ်ဟာ ငြီးငွေ့ဖွယ်ကောင်းကာ အန္တရာယ်များတယ် ဆိုတာကိုပါ သိရှိခဲ့ရပါတယ်။

Image: Courtesy of Flickr

မြင်းကျားတွေကို မွေးမြူဖို့အတွက် အကြီးမားဆုံး ကြုံတွေ့ရတဲ့ ပြဿနာကတော့ ၎င်းတို့ဟာ အလွန်ကို ခက်ထန် ကြမ်း တမ်း ကြတာ ဖြစ်ပါတယ်။

တိရစ္ဆာန်ရုံမှ တိရစ္ဆာန်ထိန်းများကတောင် မြင်းကျားများကို ထိန်းမယ့်အစား ခြင်္သေ့တွေကိုသာ ထိန်းချင်တယ်လို့တောင် ဆိုပါတယ်။

ကျွန်တော်တို့ အနေနဲ့ သာမန်မြင်းများဟာ ကိုက်တတ်တဲ့အပြင် ကန်တတ်ဆိုတာ သိထားကြပေမယ့် လူကို အပြင်းအထန် မထိအောင် အတတ်နိုင်ဆုံး ရှောင်နိုင်ပါတယ်။

ဒါ့အပြင် မွေးမြူရေး မြင်းများဟာ အလွန်ယဉ်ပါးပြီး ဥာဏ်ကောင်းကြတဲ့အတွက် တော်ရုံ ဒီလိုကိစ္စမျိုး မဖြစ်တတ်ပါဘူး။

မြင်းကျားတွေကတော့ ကန်တဲ့အခါ သတိလက်လွတ် ကန်တာမျိုး မဟုတ်ဘဲ နောက်ကို သေချာကြည့်ပြီး ရည်ရွယ်ချက် ရှိရှိကို ချိန်ပြီး ကန်တာ ဖြစ်ပါတယ်။

အဲဒီ့လို ကန်လိုက်တဲ့ ကန်အားဟာ သာမန်မြင်းတွေနဲ့ ဘာမှ မဆိုင်လောက်အောင် ပြင်းထန်ပါတယ်။

သုတေသနများအရ မြင်ကျားတကောင်ရဲ့ ကန်အားဟာ ခြင်္သေ့တကောင်ရဲ့ မေးရိုးကို ပြုတ်ထွက် သွားလောက်အောင် ပြင်း ထန် တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြင်းကျားတွေဟာ ကိုက်တဲ့အခါမှာ အကိုက်ခံရတဲ့သူကို ဇီဝိန်မချုပ်မခြင်း မလွှတ်တမ်း ကိုက်တတ်တဲ့ ချစ်စရာ အကျင့်လေးလည်း ရှိပါသေးတယ်။

ဒီလို အန္တရာယ်များပြီး ယဉ်ပါးဖို့ မလွယ်ကူတဲ့အတွက် မြင်းကျားများကို လူတွေဟာ ခေတ် အဆက်ဆက်က အသုံးပြုဖို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

မြင်းကျားတွေဟာ စီးနင်းဖို့ မဖြစ်နိုင်လောက်တဲ့ အနေအထား ဖြစ်ပေမယ့် အမေရိကန် ဗာဂျီးနီးယား ပြည်နယ် ကျေးလက်ဒေသမှ Shea Inman ဆိုတဲ့ မိန်းကလေးဟာ ၂၀၁၁ ခုနှစ် လောက်က မြင်းကျားတကောင်ကို စီးပြနိုင်ခဲ့ပါတယ်။

Image: Courtesy of Shea Inman

အဆိုပါ မြင်းကျားဟာ “Joey” လို့ ခေါ်ပြီး ၎င်းကို အောင်မြင်စွာ စီးပြနိုင်ပေမယ့် ဒါဟာ အလွန် မလွယ်ကူတဲ့ အပြင် စိတ် ရှည်စွာ လေ့ကျင့်ပေးခြင်းမှ ကံကောင်းပြီး ဖြစ်လာတဲ့ ကြုံတောင့်ကြုံခဲ ကိစ္စတခုသာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေဖြင့် ခြင်္သေ့တွေကိုတောင် လေ့ကျင့် ပေးနိုင်တဲ့အတွက် မြင်းကျား တကောင်တလေကို လေ့ကျင့် ပေးနိုင်တာဟာ မြင်းကျားတွေ အားလုံးကို စီးနင်းလို့ ရတယ်လို့တော့ မဆိုလိုနိုင်ပါဘူး။

မည်သို့ပင် ဆိုစေကာမူ မြင်းကျားအရေအတွက်ဟာ လူတွေကြောင့် ၂၀၂၁ ခုနှစ် တိုင်းတာချက်များအရ အကောင်ရေ စုစု ပေါင်း ၇ သိန်းခွဲအောက်သာ ရှိတော့ကြောင်း သိရှိရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.