နော်ဝေနိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချသည့် နေရာတွင် တက်ကြွစွာ လုပ်ဆောင်နေပြီး ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်များဖြင့် နိုင်ငံ၏ ကဏ္ဍပေါင်းစုံမှာ အသုံးပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
နိုင်ငံတဝှမ်း လျှပ်စစ် စွမ်းအင်သုံး ကားများကို အသုံးပြုနေပြီး ရုပ်ကြွင်းလောင်စာဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ် အသုံးပြုသည့် ကားများကို မောင်းနှင်ခြင်း ခွင့်မပြုတော့ပါဘူး။
ဒါ့အပြင် အခြား သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင်လည်း ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးချဖို့ ကြိုးစားနေပြီး အလိုအလျှောက် ခုတ်မောင်းနိုင်သည့် လျှပ်စစ်စွမ်းအင်သုံး ကုန်တင် သင်္ဘောကိုလည်း ဖန်တီးပြီး ဖြစ်ပါတယ်။
အောက်ခြေတွင် အသေတပ်ဆင်ထားသည့် လေအားလျှပ်စစ်ထုတ်လုပ်ရေး တာဘိုင်များကို ကမ္ဘာ့အနှံ့တွင် အများအပြား တည်ဆောက်ထားပြီးနောက် ကမ်းလွန် လေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ပိုမို စိတ်ဝင်စားလာကြတာကို တွေ့ရပါတယ်။

နော်ဝေနိုင်ငံ၏ Wind Catching Systems (WCS) ဟာ Aibel နှင့် စွမ်းအင်နည်းပညာ ဌာနတို့ ပူးပေါင်းပြီး လေအား လျှပ် စစ် ထုတ်လုပ်မည့် နည်းပညာတခုကို ကြေငြာခဲ့ပါတယ်။
အဲဒါနည်းပညာဟာ အောက်ခြေတပ်ဆင်ထားသည့် လေအားလျှပ်စစ် တာဘိုင်များနှင့် အခြား ရေပေါ် အယူအဆများကို ယှဉ်ပြိုင်နိုင်လိမ့်မယ် လို့ ဆိုပါတယ်။
Windcatcher ရေမျော ကမ်းလွန် လေအားလျှပ်စစ် တာဘိုင်စနစ်ဟာ ကမ္ဘာ့အကြီးဆုံး တာဘိုင်ကြီး တခု နှစ်စဉ် လျှပ်စစ်ထုတ်လုပ်မှု၏ ၅ ဆ အထိ ရှိမှာဖြစ်ပြီး လည်ပတ်မှု ကုန်ကျစရိတ်လည်း သက်သာမှာ ဖြစ်ပါတယ်။
ဒီ Windcatcher အဆောက်အဦးကြီးဟာ ပေ ၁ ထောင်ခန့် အမြင့်ရှိမှာဖြစ်ပြီး ပင်လယ်ပြင်အတွင်းမှာ ပေါလောပေါ်အောင် ဒီဇိုင်ဆွဲထားသည့် ကြမ်းပြင်ပေါ်တွင် တာဘိုင်အသေးစားများကို ပုံစံဖော်ကာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်.

အဆိုပါ စနစ်ကြီး၏ လည်ပတ်သည့် ဧရိယာမှာ သာမန် ၁၅ မဂ္ဂါဝပ် ထုတ်နိုင်သည့် လေအားလျှပ်စစ်စနစ်ထက် ပိုမို ကျယ်ပြန့်ပြီး ပိုမိုသေးတဲ့ ဒလတ်များတပ်ဆင်ထားကာ တစက္ကန့်လျှင့် ၁၁ မှ ၁၂ မီတာ လေတိုက်နှုန်း (၄၀ မှ ၄၃ ကီလိုမီတာ) မှာ ကောင်းကောင်းလည်ပတ်နိုင်ပါတယ်.
ဒီ ဖြေရှင်းနည်းမှာ သမားရိုးကျ လေအားလျှပ်စစ် တာဘိုင်များနှင့် နှိုင်းယှဉ်ပါက မြေပြင်အသုံးပြုမှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှု တိုးတက်လာမှာ ဖြစ်ပါတယ်။
ကုမ္ပဏီ၏ အဆိုအရ Windcatcher တခုဟာ ဥရောပရှိ အိမ်ခြေပေါင်း ၈ သောင်းလောက်ကို လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ပေးနိုင်မယ်လို့ ဆိုပါတယ်။
Windcatcher ၅ ခုမှ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ် ပမာဏဟာ သမားရိုးကျ လေအားလျှပ်စစ် တာဘိုင် ၂၅ ခုနှင့် ညီမျှတယ်လို့လည်း သိရပါတယ်။

အဆိုပါ စနစ်တခုလျှင် နှစ်ပေါင်း ၅၀ လောက် လည်ပတ်နိုင်စွမ်းရှိပြီး လက်ရှိ အခြားနည်းလမ်းများထက် ကုန်ကျစရိတ် သိသိသာသာ သက်သာမှာ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ ဒီနည်းပညာဟာ တာဘိုင် ဒလက်များ ပြန်လည်အသုံပြုရခြင်းနှင့် ဆက်နွယ်တဲ့ ထိန်းသိမ်းရတဲ့ ပြသနာများ၊ ငါးဖမ်းအရင်း အ မြစ်များ၊ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းမှ ထွက်ရှိလာမယ့် ကာဗွန်ထုတ်လွှတ်များကိုလည်း ဖြေရှင်းပြီးသား ဖြစ်ပါတယ်။
ဒီနည်းပညာကို အတည်ပြုမှုအား ၂၀၂၁ ခုနှစ်အတွင်းတွင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ကာ ၂၀၂၂ ခုနှစ်တွင်တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြေရှင်းနည်းများအဖြစ် ကုမ္ပဏီမှ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
ယခုလို ထိရောက်သည့် လေအားလျှပ်စစ် တာဘိုင်များ တွင်ကျယ်လာပါက ရုပ်ကြွင်းလောင်စာ မှီခိုမှုကို အကြီးအကျယ် လျှော့ချနိုင်မှာ ဖြစ်ပြီး ကမ္ဘာကြီးဟာ ဒီထက်ပိုပြီး အခြေအနေ ကောင်းမွန်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။