Wing Loong II မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ် (UCAV) ကို တရုတ်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအတွက် ဂုဏ်ယူစရာ တခုအဖြစ် ရှုမြင်စရာ ရှိပါတယ်။
ဒါပေမယ့် အဆိုပါ မောင်းသူမဲ့လေယာဉ်ဟာ အရှေ့အလယ်ပိုင်းတွင် ဟူသီ သူပုန်များ၏ ပညာပေးမှုကို အကြိမ်ကြိမ် ခံနေရတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ကပဲ ဟူသီတို့ဟာ ယီမင်နိုင်ငံ မြောက်ပိုင်း Saadah စီရင်စု Kitaf ဒေသ တဝိုက်မှာ ဆော်ဒီအာရေးဗျပိုင် နောက်ထပ် Wing Loong II ဒရုန်းတစင်းကို ပစ်ချခဲ့တယ်လို့ သိရပါတယ်။
အဲဒီ့ဒရုန်း ရရှိခဲ့သည့် နေရာကို ထည့်သွင်းစဉ်းစားပါက ၎င်းကို ဆော်ဒီ လေတပ်မှ ထိန်းချုပ်မောင်းနှင်ခဲ့တယ် လို့ ယုံကြည်ရပါတယ်။
UAE လေတပ်မှလည်း မောင်းသူမဲ့လေယာဉ်များကို အသုံးပြုပြီး ယီမင်ရှိ ဟူသီ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပေမယ့် သိပ် မဖြစ်ထွန်းခဲ့ပါဘူး။
ဟူသီတို့ဟာ ဆော်ဒီလေတပ်၏ ဒရုန်းစုစုပေါင်း ၅ စင်းလောက်အထိ ပစ်ချခဲ့ပြီး ယီမင်နယ်စပ်ရှိ မေလ ၂၀ ရက်နေ့က နောက်ဆုံးရရှိခဲ့သော ဒရုန်းမှာလည်း Wing Loong II အမျိုးအစားပဲ ဖြစ်ကြောင်း သိရပါတယ်။
Chengdu Aircraft Industry Group မှ ထုတ်လုပ်ထားတဲ့ Wing Loong II ဟာ ယခင် Wing Loong I ၏ အဆင့်မြှင့်တင်ထားသော အမျိုးအစား ဖြစ်ပြီး တာလတ်သွား တိုက်ခိုက်ရေး ဒရုန်းအဖြစ် သတ်မှတ်ထားပါတယ်။

အသွင်အပြင်အရ အမေရိကန်လုပ် MQ-9 မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ကို ပုံတူ ကူးထားတယ်လို့ ဆိုကြပါတယ်။
ဒီမောင်းသူမဲ့လေယာဉ်ကို ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တိကျစွာ ပစ်ခတ်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာဖြစ်ပြီး ဂြိုဟ်တုနှင့် ချိတ်ဆက် အလုပ်လုပ်နိုင်စွမ်း ရှိတဲ့အတွက် ဝေးကွာတဲ့ နေရာတွေအထိ စစ်ဆင်နိုင်ပါတယ်။
အဆိုပါ အမျိုးအစား မောင်းသူမဲ့လေယာဉ်များကို ဆောဒီအာရေဗျ တော်ဝင် လေတပ် (RSAF) နှင့် ယူအေအီး လေတပ် တို့မှ အသုံးပြုနေတာ ဖြစ်ပါတယ်။
Wing Loong II ဟာ ယခင် မျိုးဆက်နှင့် ယှဉ်ပါက ပိုမိုရှည်လျှားပြီး V ပုံစံ အမြီးနှင့် ပိုကြီးသည့် တောင်ပံ တည်ငြိမ်စနစ် ပါရှိပါတယ်။
လေခွင်းအား တည်ငြိမ်မှုကို မြှင့်တင်ပေးရန် တောင်ပံ ထိပ်ဖျားကို ကွေးညွှတ်ထားပြီး တာဘိုချာဂျာ အင်ဂျင်တပ်ဆင်ထားက တနာရီလျှင် ၃၇၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။
နာရီ ၂၀ လောက် ဆက်တိုက် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ဝေဟင်မှ လွှတ်ချရသည့် ဗုံး ၁၂ လုံး သို့မဟုတ် တာတို ဝေဟင်မှ မြေပြင် နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်းများ အပါအဝင် လက်နက် အလေးချိန် ၄၈၀ ကီလိုဂရမ်လောက် တင်ဆောင်နိုင်ပါတယ်။
Wing Loong II ဟာ အလျှား ၁၁ မီတာ၊ အနံ ၂၀.၅ မီတာ၊ အမြင့် ၄.၁ မီတာ နှင့် ပျံတက်နိုင်သည့် အလေးချိန် ၄.၂ တန် အထိ ရှိပါတယ်။ နှာခေါင်း၏ အောက်တွင် FLIR နည်းပညာသုံး optical-infrared အာရုံခံစနစ်ကို တပ်ဆင်ထားပါတယ်။

လက်တွေ့တွင် Wing Loong II ဟာ အခြား တရုတ်မောင်းသူမဲ့ လေယာဉ်များနှင့် စာရင် အလွန်ကောင်းမွန်တဲ့အတွက် တရုတ်ဟာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများသို့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ထို့ကြောင့် ဆော်ဒီအာရေဗျ မှ ယီမင် စစ်မြေပြင်တွင် အသုံးပြုရန် အဆိုပါ ဒရုန်းများကို ဝယ်ယူခဲ့ပြီး ဟူသီပစ်မှတ်များအား တိုက်ခိုက်ရာတွင် အကြိမ်ကြိမ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
စစ်မြေပြင်တွင် အစွမ်းအချို့ ပြနိုင်ပေမယ့် အကြိမ်များစွာ ပစ်ချခံနေရသည့်အတွက် Wing Loong II ဟာ အမေရိကန် MQ-9 များကဲ့သို့ အောင်မြင်မှု ရရှိနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။